၆ နာရီကြာ ကျောင်းကားထဲပိတ်မိကျန်ခဲ့တဲ့ ၃ နှစ် သမီးလေး အသက်လုခဲ့ရ

6-5-2022-yyl15.jpg

အပူချိန် ၂၉ ဒီဂရီစင်တီဂရိတ်နဲ့ ၆ နာရီကြာ ကျောင်းကားပေါ် ကျန်ရစ်နေခဲ့တဲ့ အသက် ၃ နှစ် ကလေးငယ်လေးဟာ စိုးရိမ်ရတဲ့အခြေအနေဖြစ်ခဲ့ပါတယ်။ နာဗေးချ် အော်စတင် (Nevaeh Austin) ဆိုတဲ့ အဲဒီကလေးလေးကို ဗုဒ္ဓဟူးနေ့ မနက် ၉ နာရီလောက်က Le Smileys Early Learning Centre မှာ တက်ဖို့အတွက် ကျောင်းကားကလာခေါ်သွားခဲ့တာပါ။ အဲဒီနောက် ကျောင်းရောက်တော့ ဝန်ထမ်းက ကလေးကို ကျောင်းကားပေါ်ကနေခေါ်ဖို့ မေ့သွားခဲ့ပါတယ်။ (၆) နာရီကြာတော့ ကားထဲမှာ ကလေးလေး သတိမေ့မြောနေတာကို တွေ့ခဲ့ရပါတယ်။

အနီးနားက ဆေးရုံကို မပို့ဆောင်ခင် ဆေးဘက်ဆိုင်ရာအကူတွေက ကလေးလေးကို သတိပြန်လည်လာအောင် လုပ်နိုင်ခဲ့ပါတယ်။ ရော့ခ်ဟမ်ပ်တန်မြို့ (Rockhampton) က ဆေးရုံတစ်ရုံကို ပို့ပြီးတဲ့နောက် ဉီးနှောက်Scanဖတ်စစ်ဆေးဖို့နဲ့ ကလေးကို အရေးပေါ်ကျောက်ကပ်ကုသမှုခံယူရမှာဖြစ်တဲ့အတွက် Brisbane Hospital ကို လွှဲပြောင်းပေးခဲ့ရပါတယ်။ ကလေးရဲ့အခြေအနေက အရေးပေါ်ဖြစ်ခဲ့ပေမဲ့ နည်းနည်းတော့ တည်ငြိမ်သွားပါပြီ။ ကလေးလေးရဲ့မိဘတွေက ဆေးရုံကုတင်ဘေးမှာနေပြီး စိတ်သောကရောက်နေကြရပါတယ်။

ကားပေါ်မှာ နာဗေးချ် ဘယ်လိုကျန်နေခဲ့တာလဲဆိုတာကို စုံစမ်းကြည့်တော့ သူက ကျောင်းကားပေါ်ပါလာတဲ့ တစ်ယောက်တည်းသောကလေးလေးဖြစ်တာကို ကနဉီးအနေနဲ့ တွေ့ရှိခဲ့ရတယ်လို့ Capricornia ရဲတပ်ဖွဲ့ခရိုင်စုံထောက်စစ်ဆေးရေးမှူး ဒါရင် ရှာဒလို (Darrin Shadlow) က ပြောပါတယ်။ “အဲဒီအချိန်တုန်းက နာဗေးချ်ဟာ ကျောင်းကားပေါ်ပါလာတဲ့ တစ်ယောက်တည်းသော ကလေးလေးဖြစ်ပုံရတယ်။ ကျောင်းရောက်တော့ ကားမောင်းသမားနဲ့ တခြားလူတစ်ယောက်က ကလေးလေး ကားပေါ်မှာရှိနေတာကို မေ့သွားခဲ့တယ်”လို့ စစ်ဆေးရေးမှူး ဒါရင်က ဆိုပါတယ်။

ဒီမတော်တဆမှုနဲ့ ပါဝင်ပတ်သက်သူတိုင်းကို စောင့်ကြည့်စစ်ဆေးသွားမှာဖြစ်ပြီး မှုခင်းထောက်လှမ်းရေးကွပ်ကဲမှုနဲ့ အခင်းဖြစ်ပွားရာနေရာကို လာခဲ့တဲ့ မှုခင်းဆေးပညာအရာရှိတွေဆီက အကူအညီတွေရထားတယ်လို့လည်း ဒါရင်က ပြောပါတယ်။Le Smileys Early Learning Centre က အတိုင်းအတာတစ်ခုအထိ ပူးပေါင်းဆောင်ရွက်မှာဖြစ်ပေမဲ့ ဉပဒေအကြံဉာဏ်တွေရယူပြီး အဲဒီလမ်းကြောင်းအတိုင်း သွားမယ်လို့ သိရပါတယ်။

နာဗေးချ်ရဲ့နေ့ကလေးထိန်းကျောင်းက စုံစမ်းစစ်ဆေးစဉ်အတွင်း ပိတ်ထားဖို့မလိုအပ်ပေမဲ့ ကလေး ကျန်ရစ်ခဲ့တဲ့ ကျောင်းကားနဲ့ အဆောက်အဉီးနှစ်ခုလုံးကို အမှုအခင်းနေရာအဖြစ် သတ်မှတ်ထားပါတယ်။ ကျောင်းက ပိုင်ဆိုင်တယ်လို့ ယူဆရတဲ့ ကျောင်းကားကို ကြေညာချက်မရုတ်မသိမ်းမချင်း အသုံးပြုခွင့်ပြုမှာမဟုတ်ပါဘူး။ နာဗေးချ်လို အလားတူဖြစ်ရပ်မျိုး ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလကလည်း ဖြစ်ပွားခဲ့ဖူးပါတယ်။ အသက် ၃ နှစ်အရွယ် မီကီဆိုတဲ့ ကလေးလေးဟာ အပူချိန် ၃၄ ဒီဂရီစင်တီဂရိတ်နဲ့ (၆) နာရီကြာ ကျောင်းကားပေါ်မှာ ကျန်နေခဲ့တာဖြစ်ပါတယ်။

Ref: Metro “Girl, 3, fights for life after being left on school bus for 6 hours in 29°C heat”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top