အလုပ်အတူတူလုပ်နေတဲ့သူငယ်ချင်း (၂) ဦးက ညီမအရင်းတွေဖြစ်နေတယ်ဆိုတာ သိလိုက်ရတဲ့အခါ

9-3-2021-yyl-35.jpg

ကွန်နက်တီကတ်ပြည်နယ်က ဘားတစ်ခုမှာ အတူတူအလုပ်လုပ်နေတဲ့ အမျိုးသမီးနှစ်ဦးဟာ မကြာသေးခင်ကမှ သူတို့နှစ်ဦးက ညီအစ်မအရင်းတွေဖြစ်တယ်ဆိုတာကို သိရှိခဲ့ရပါတယ်။
ဂျူလီယာ တီနက်တီ (Julia Tinetti) (၃၁) နှစ် နဲ့ ကက်ဆန်ဒရာ မာဒီဆန် (Cassandra Madison) (၃၂ နှစ်) တို့က the Russian Lady Bar မှာ အလုပ်လုပ်နေရင်း ၂၀၁၃ ခုနှစ်မှာ တွေ့ဆုံခဲ့တာပါ။ သူတို့နှစ်ဦးစလုံးမှာ ဒိုမီနီကန်သမ္မတနိုင်ငံအလံတက်တူးရှိကြပြီး အဲဒီနိုင်ငံမှာ မွေးဖွားပြီး မွေးစားခံရတယ်ဆိုတာ သိခဲ့ရပါတယ်။

တီနက်တီနဲ့ မာဒီဆန်တို့ကို ညီအစ်မတွေနဲ့တူတယ်လို့ လုပ်ဖော်ကိုင်ဖက်တွေက မကြာခဏပြောလေ့ရှိတယ်လို့ တီနက်တီက ပြောပါတယ်။ ဒါပေမဲ့ တီနက်တီနဲ့ မာဒီဆန်တို့က မွေးစားစာရင်းကို နှိုင်းယှဉ်ကြည့်တော့ စာရွက်စာတမ်းတွေက မကိုက်ညီခဲ့ပါဘူး။ စာရွက်စာတမ်းတွေမှာ သူတို့နှစ်ဦးက နောက်ဆုံးအမည်မတူသလို မတူတဲ့မြို့ (၂) မြို့ကလည်းဖြစ်ပါတယ်။ မိခင်ရဲ့နာမည်တွေကလည်း မတူကြပါဘူး။

ဒါပေမဲ့ တီနက်တီ နဲ့ မာဒီဆန်တို့က အချိန်ကာလ၊ မွေးရက်နဲ့ သူတို့ရဲ့ဆင်တူမှုတွေကို အခြေခံပြီး ဆက်စပ်မှုတစ်ခုရှိရမယ်လို့ ခံစားမိခဲ့ကြပါတယ်။ တီနက်တီက ဒိုမီနီကန်သမ္မတနိုင်ငံမှာ ၁၉၈၉ ခုနှစ်က မွေးဖွားခဲ့ပြီး ရက်အနည်းငယ်မှာပဲ မွေးစားခံခဲ့ရပါတယ်။ မာဒီဆန်ကလည်း ဒိုမီနီကန်သမ္မတနိုင်ငံမှာ ၁၉၈၈ခုနှစ်က မွေးဖွားခဲ့ပြီးရက်အနည်းငယ်မှာ မွေးစားခံခဲ့ရပါတယ်။
မာဒီဆန်ကတော့ သူနဲ့တီနက်တီတို့က နောက်ခံအသိုင်းအဝိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာဆင်တူမှုကြောင့် ညီအစ်မတွေဖြစ်တယ်ဆိုတာ ယုံကြည်ချက်အပြည့်ရှိတယ်လို့ ဆိုပါတယ်။

၂၀၁၅ ခုနှစ်မှာ မာဒီဆန်က ကွန်နက်တီကတ်ပြည်နယ်ကနေ ဗာဂျီးနီးယားပြည်နယ်၊ ဗာဂျီးနီးယားကမ်းခြေကိုပြောင်းရွှေ့ခဲ့ပြီး သူနဲ့ တီနက်တီတို့ဖေ့စ်ဘွတ်ခ်မှာပဲ သူငယ်ချင်းတွေအဖြစ် ဆက်ရှိနေခဲ့ပါတယ်။ ၂၀၁၈ခုနှစ်မှာ သူ့ရဲ့မွေးစားအမေက ခရစ်စမတ်အတွက် 23 and Me DNA မျိုးရိုးဗီဇစစ်ဆေးမှုကိရိယာကိုပေးခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့နောက်ခံကို ခွဲခြမ်းလေ့လာစမ်းသပ်လို့ရနိုင်ခဲ့တယ်လို့ မာဒီဆန်က ဆိုပါတယ်။

နောက်ဆုံးမှာတော့ တီနက်တီရဲ့ငယ်သူငယ်ချင်း မောလီ ဆာပါဒင် (Molly Sapadin) က သူတို့ရဲ့ ဖြေရှင်းမရတဲ့ပုဒ်စာကို ဖြေရှင်းနိုင်ဖို့ ကူညီပေးခဲ့ပါတယ်။ မောလီကလည်း ဒိုမီနီကန်သမ္မတနိုင်ငံမှာ ၁၉၉၀ခုနှစ်က မွေးဖွားပြီး မွေးစားခံခဲ့ရပါတယ်။ မောလီနဲ့ တီနက်တီတို့ရဲ့မွေးစားအမေတွေက သူငယ်ချင်းတွေဖြစ်ပြီး ကွန်နက်တီကတ်ပြည်နယ်မှာ မောလီနဲ့ တီနက်တီတို့ အတူတူကြီးပြင်းလာခဲ့ကြတာပါ။

မောလီကလည်း သူ့ရဲ့မွေးစားစာရွက်စာတမ်းကို မာဒီဆန်ရဲ့မွေးစားစာရင်းနဲ့ နှိုင်းယှဉ်ကြည့်ခဲ့ပါတယ်။ စာရွက်စာတမ်းမှာ နောက်ဆုံးနာမည်ကလည်းတူပြီး မိခင်ကလည်း တစ်ယောက်တည်းဖြစ်နေတယ်ဆိုတာပြသနေတာကြောင့် မောလီနဲ့မာဒီဆန်တို့က အမေတူဖအေကွဲညီအစ်မတွေလို့ထင်ခဲ့ကြပါတယ်။

မောလီ နဲ့တီနက်တီတို့က တစ်နေ့တည်းမှာပဲ မွေးစားခံခဲ့ရတဲ့အတွက် သူတို့နှစ်ဦးရဲ့မွေးစားစာရွက်စာတမ်းတွေက ရောထွေးနေတာဖြစ်နိုင်တယ်လို့ ယုံကြည်လာကြပါတယ်။
မောလီက ဇန်နဝါရီလ ၁ ရက်နေ့က DNA စစ်ဆေးမှုမှာ သူ့မှာ အမွှာရှိကြောင်းဖော်ပြခဲ့ပြီး မာဒီဆန်က သူ့ရဲ့အစ်မမဟုတ်ဘဲ တတိယဝမ်းကွဲဖြစ်တယ်ဆိုတာ သိခဲ့ရပါတယ်။

မာဒီဆန်ရဲ့ပြောစကားအရ သူဟာ DNAကနေတစ်ဆင့် သူ့ရဲ့ဖခင်အရင်း အာဒရီယားနို လူနာ ကော်လာဒို (Adriano Luna Collado) နဲ့အချိတ်ဆက်ရှိတဲ့ တစ်ဝမ်းကွဲနဲ့တိုက်ကြည့်ခဲ့ပါတယ်။ သူ့ရဲ့အဖေက ဒိုမီနီကန်သမ္မတနိုင်ငံမှာ နေထိုင်နေတုန်းပါပဲ။ မာဒီဆန်ရဲ့အမေအရင်းက ယူလီယားနား ကော်လာဒို (Yulianna Collado) က နှလုံးရောဂါခံစားခဲ့ရပြီး ၂၀၁၅ ခုနှစ်က ကွယ်လွန်ခဲ့ပါတယ်။ ၂၀၁၈ခုနှစ်က မာဒီဆန်က ဒိုမီနီကန်သမ္မတနိုင်ငံကို ခရီးထွက်လာရင်းနဲ့ သူ့အဖေအရင်းနဲ့ မွေးချင်းမောင်နှမတွေနဲ့ဆုံတွေ့ခဲ့ရတာပါ။ သူ့ရဲ့မိဘတွေက မာဒီဆန်က မွေးဖွားချိန်က အရမ်းနေမကောင်းဖြစ်နေတဲ့ အစ်ကိုကို ပြုစုနေခဲ့ရတယ်လို့ တီနက်တီက ဆိုပါတယ်။

မျိုးရိုးဗီဇစမ်းသပ်မှုပြီးတဲ့နောက်မှာ မောလီကို စာရင်းကနေ ဖယ်ထုတ်ခဲ့ပါတယ်။ မာဒီဆန်က သူရဲ့အဖေအရင်းကို အခြားကလေးတစ်ယောက်ကိုလည်း မွေးစားဖို့ပေးလိုက်သေးလားလို့ မေးမြန်းကြည့်ခဲ့ပါတယ်။ သူ့အဖေကလည်း အခြားကလေးတစ်ဦးကိုလည်း မွေးစားဖို့ပေးလိုက်တယ်လို့ ဖြေခဲ့တာကြောင့် တီနက်တီကို DNA စစ်ကြည့်ဖို့ မာဒီဆန်က တိုက်တွန်းခဲ့ပါတော့တယ်။


ဇန်နဝါရီ ၂၈ ရက်မှာတော့ မာဒီဆန်နဲ့ တီနက်တီတို့ ညီအစ်မအရင်းတွေဖြစ်တယ်ဆိုတဲ့ DNA စစ်ချက်အဖြေထွက်လာခဲ့ပါတယ်။ တီနက်တီနဲ့ မာဒီဆန်တို့မိဘတွေမှာ ကလေး (၉) ဦးရှိပြီး ယောက်ျားလေး (၃) ဦးနဲ့ မိန်းကလေး (၆) ဦးဖြစ်ပါတယ်။ တီနက်တီနဲ့ မာဒီဆန်တို့ (၂) ဦးကိုသာ မွေးစားဖို့ ပေးခဲ့တာပါ။

တီနက်တီက သူ့အစ်မနဲ့ သူ့ရဲ့မိသားစုကို ရှာတွေ့ခဲ့တဲ့အတွက် အရမ်းဝမ်းသာခဲ့ရပါတယ်။ တီနက်တီက လာမယ့်လအတွင်းမှာ သူ့ရဲ့မိသားစုကို တွေ့ဆုံသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ မိဘအရင်းတွေကို ရှာချင်တဲ့ မွေးစားခံထားရတဲ့သူတွေကိုလည်း အကြံဉာဏ်တွေပေးလို့နေပါတယ်။

Ref: ABCNews “2 friends who worked together learn they’re biological sisters”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top