ပင်လယ်ထဲကအမှိုက်တွေကို လိုက်သိမ်းပေးခြင်းဖြင့် သခင်ကို ဝင်ငွေရအောင်ကူညီပေးနေတဲ့ ခွေးလေး (၂) ကောင်

17-12-2020-yyl11.jpg

ခွေးတွေကလည်း လူသားတွေအတွက် အားကိုးရတဲ့အပေါင်းအဖော်တွေပါပဲ။ ခွေးတွေထဲမှာ ဆိုရင် ဂိုးလ်ဒင်း ရီထရီဗာ (Golden Retriever) အမျိုးအစားခွေးတွေက သခင်တွေပေါ် အလိုက်သိပြီး ကူညီတတ်တာကြောင့် လူတော်တော်များများရဲ့ ချစ်ခင်နှစ်သက်မှုကို ရရှိကြပါတယ်။ ထိုင်းနိုင်ငံက ဂိုးလ်ဒင်း ရီထရီဗာ ခွေးလေး (၂) ကောင်ကလည်း သူ့သခင်အတွက် အရမ်းအားကိုးရပါတယ်။ အဲဒီခွေးလေး (၂) ကောင်ကို ကမ္ဘာ့နာမည်အကြီးဆုံးကျွန်းတွေထဲကတစ်ခုဖြစ်တဲ့ Koh Tao မှာ မြင်တွေ့ရပါလိမ့်မယ်။ အဲဒီခွေးလေးတွေက သူ့သခင်ကို ကူညီပြီး ပင်လယ်ထဲက အမှိုက်သရိုက်တွေနဲ့ ကမ်းစပ်က အမှိုက်တွေကို လိုက်သိမ်းပေးလေ့ရှိပါတယ်။ မန်နီးနဲ့ ဖန်တာ ဆိုတဲ့ ခွေးလေး (၂) ကောင်ကို အမှိုက်ကောက်တတ်အောင် လေ့ကျင့်သင်ကြားပေးထားတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်ထားတဲ့ အခြားနေရာတွေလိုပဲ Koh Tao ကျွန်းကလည်း ကပ်ရောဂါအတွင်း နိုင်ငံခြားခရီးသွားဧည့်သည်အလည်အပတ်လာရောက်မှုကို တားမြစ်ခံထားရတာပါ။ နိုင်ငံခြားခရီးသွားဧည့်သည်တော်တော်များများက ရေငုပ်ချင်တဲ့အတွက် Koh Tao ကို လာရောက်ရတာ ကြိုက်နှစ်သက်ကြတာဖြစ်ပါတယ်။ သူတို့တွေက အဲဒီမှာ (၁) ပတ်ကျော်လောက် နေထိုင်ကြပါတယ်။ ကပ်ရောဂါကြောင့် လူတော်တော်များများရဲ့ ဝင်ငွေကို ထိခိုက်ရင်းနဲ့ ခွေးလေး (၂) ကောင်ရဲ့ပိုင်ရှင် အန်ကယ်ချိုင် (Uncle Chai) ကလည်း ကပ်ရောဂါအတွင်း နေသားကျအောင်၊ လိုက်လျောညီထွေအောင် နေခဲ့ရပါတယ်။

နိုင်ငံခြားခရီးသွားဧည့်သည်တွေကို လက်မခံတဲ့အတွက် ထိုင်းနိုင်ငံအတွင်းက လူတွေပဲ အားလပ်ရက်အတွင်း လာရောက်ကြတဲ့အတွက် စက်လှေမောင်းသမားတွေရဲ့ဝင်ငွေတွေ ထိခိုက်ခဲ့ရတယ်လို့ အန်ကယ်ချိုင်က ဆိုပါတယ်။ ကပ်ရောဂါအတွင်းမှာတော့ အန်ကယ်ချိုင်ကို ဝင်ငွေရအောင် ခွေးလေး (၂) ကောင်က ဗူးခွံတွေ လိုက်ကောက်ပေးခြင်းဖြင့် ကူညီပေးနေတာပါ။ ဒါ့အပြင် ခရီးသွားဧည့်သည်တွေက အဲဒီခွေးလေး (၂) ကောင်နဲ့အတူ ဓာတ်ပုံရိုက်ကာ ဆော့ကစားကြတဲ့အတွက် အန်ကယ်ချိုင်ကို အပိုဝင်ငွေရရှိစေပါတယ်။

အန်ကယ်ချိုင်က ခွေးလေး (၂) ကောင်ကို ကမ်းခြေနဲ့ ပင်လယ်ထဲက အမှိုက်တွေကို ကောက်တတ်အောင် လေ့ကျင့်ပေးထားတာပါ။ ပုလင်း၊ ဗူး (သို့) သစ်သားလို အမှိုက်တွေတွေ့ရင် ခွေးလေးတွေက လှေပေါ်က ရေထဲကို ခုန်ချပြီး သွားယူလေ့ရှိပါတယ်။ သူတို့ရဲ့အပြုအမူကြောင့် အလည်အပတ်လာရောက်သူတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ အားပေးလက်ခုပ်သံတွေကိုလည်း ရရှိခဲ့ကြပါတယ်။ အဲဒီဒေသက အလည်အပတ်လာသူတွေဟာ ခွေးလေးတွေနဲ့ ဆော့ကစားရတာ၊ ဓာတ်ပုံရိုက်ပြီး လူမှုကွန်ယက်ပေါ်တင်ရတာကို ကြိုက်ကြပါတယ်။ ဒါကပဲ အန်ကယ်ချိုင်ကို အပိုဝင်ငွေရစေတာပါ။

ကပ်ရောဂါကြောင့် ဝင်ငွေမပြေလည်ဖြစ်နေတဲ့ လှေသမားတွေအတွက်တော့ “Koh Tao Better Together” ဆိုတဲ့ ကမ်ပိန်းက ရန်ပုံငွေရှာပေးနေပါတယ်။

Ref: These Thai Doggos Help Owner Collect Marine Trash & Are The Cutest Eco-Warriors Ever

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top