ဘဝတူခွေးလေးကို မွေးခွင့်ရလို့ အပျော်ကြီးပျော်နေရှာတဲ့ နှုတ်ခမ်းကွဲကလေးလေး

11-9-2020-yyl-019.jpg

အသက် (၂) နှစ်အရွယ် ဘန်တလေဘွိုင်ယာစ် (Bentley Boyers) ဆိုတဲ့ကလေးလေးဟာ နှုတ်ခမ်းကွဲရောဂါနဲ့ မွေးဖွားလာခဲ့တာပါ။ အခုဆိုရင် အဲဒီကလေးလေးဟာ သူနဲ့ဘဝတူတယ်လို့ပြောလို့ရတဲ့ နှုတ်ခမ်းကွဲနဲ့ခွေးလေးကို မိသားစုဝင်အဖြစ် မွေးစားခွင့်ရခဲ့ပါတယ်။ ဘန်တလေဟာ အဲဒီခွေးလေးကို ဘယ်လိုမွေးဖြစ်သွားတာလဲဆိုရင် စက်တင်ဘာ ၃ ရက်နေ့က သူ့အဖေ ဘရန်တန် ဘွိုင်ယာစ်က ကြက်မွေးဖို့အတွက် မီချီကန်ပြည်နယ်က Jackson County Animal Shelter ကို သွားတဲ့အချိန်က စတာပါပဲ။

အဲဒီ တိရစ္ဆာန်စောင့်ရှောက်ရေးစင်တာမှာ ဘရန်တလေက သူ့သားလိုပဲ နှုတ်ခမ်းကွဲနဲ့ ခွေးလေးကို မြင်ခဲ့တဲ့အခါမှာ သူ့ဇနီးကို ချက်ချင်းပဲ ခေါ်ပြောခဲ့ပါတယ်။ “ကျွန်မ ဘန်တလေရဲ့အကျိုးကို လိုလားပြီး ခွေးလေးကို လိုချင်တယ်လို့ ကျွန်မပြောတယ်”လို့ ဘန်တလေရဲ့အမေ အက်ရှလေ ဘွိုင်ရာက ဆိုပါတယ်။ “သားနဲ့ခွေးလေးတို့က အကောင်းဆုံးသူငယ်ချင်းတွေပါပဲ။ ဘန်တလေ ကစားကွင်းမှာ ကစားနေရင်း ဘေးကနေ စောင့်နေပါတယ်။ အကုန်လုံး အတူတူလုပ်ကြတယ်”လို့ ဘန်တလေရဲ့အမေက ပြောပါတယ်။

ဘန်တလေ နှုတ်ခမ်းကွဲရောဂါနဲ့ မွေးဖွားလာမယ်ဆိုတာကို ကိုယ်ဝန် (၂၀) ပတ်အတွင်း အက်ထရာဆောင်းရိုက်တဲ့အချိန်မှာ သိခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ ဘန်တလေက နှုတ်ခမ်းစိလို့ရဖို့အတွက် နှုတ်ခမ်းခွဲစိတ်မှု (၂) ကြိမ်ပြု လုပ်ခဲ့ရပါတယ်။ “သားလေး မွေးလာတော့ အစက အစာစားရတာ ခက်ခဲခဲ့ပါတယ်။ အထူးကြပ်မတ်ခန်းမှာ ကုသခဲ့ရပြီး ခွဲစိပ်တဲ့အခါမှ လုံးဝသက်သာသွားပါတယ်။ သားက အကောင်းဆုံးကလေးပါပဲ။ အိမ်အလုပ်လုပ်ဖို့ အပြင်ထွက်တယ်ဆိုရင် သူ့အကူအညီမယူရင် စိတ်ဆိုးတတ်ပါတယ်”လို့ အက်ရှလေက ဆိုပါတယ်။

ဘန်တလေရဲ့မိဘတွေက စက်တင်ဘာ (၄) ရက်နေ့မှာ ခွေးလေးကို အိမ်ခေါ်လာခဲ့ပြီး လာဆေးလို့ အမည်ပေးခဲ့ပါတယ်။ အဲဒီနေ့ကတည်းကနေ ဘန်တလေနဲ့ လာဆေးတို့ကို ခွဲထားလို့မရတော့ပါဘူး။ “ဘန်တလေက ခွေးလေးကို တွေ့ဖို့လာတော့ ကျွန်မတို့တွေ မျက်ရည်ကျခဲ့ရပါတယ်။ ဘန်တလေက ခွေးလေးကို ချစ်နေတာပါ။ ဘန်တလေနဲ့ ခွေးလေးက လိုက်ဖက်တဲ့ အပေါင်းအဖော်တွေပါပဲ”လို့ Jackson County Animal Shelter ရဲ့ ဒါရိုက်တာ လီဒီယာ ဆက်တလာ (Lydia Sattler) က ပြောပါတယ်။

လာဆေးခွေးမလေးက မစ္စစ္စပီပြည်နယ်ရဲ့ တိရစ္ဆာန်စောင့်ရှောက်ရေးကနေ လာခဲ့တာပါ။ ခန့်မှန်းချေအရဆို (၁၀) ပတ်အရွယ်လောက်ပဲရှိပါတယ်။ အသေချာပြောဖို့ခက်ခဲပေမယ့် ခွေးလေးက လာဘရာဒေါစပ်ခွေးအမျိုးအစား ဖြစ်နိုင်တယ်လို့ လီဒီယားက ဆိုပါတယ်။ ဘန်တလေတို့မိသားစုမှာ ရာမီလို့ခေါ်တဲ့ (၉) လသားခွေးတစ်ကောင်လည်းရှိပါတယ်။

Ref: ABC “2-year-old born with cleft lip adopts puppy with cleft lip”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top