ရဲတပ်ဖွဲ့ကို ဒေါသထွက်ရာကနေ စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေကြောင့် ကိုလံဘီယာနိုင်ငံမှာ အနည်းဆုံး လူ ၇ ယောက် သေဆုံး

11-9-2020-yyl-023.jpg

ကိုလံဘီယာနိုင်ငံမြို့တော် ဘိုဂိုတာမြို့မှာ ရဲတပ်ဖွဲ့အပေါ် ဒေါသထွက်ရာကနေ စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေကြောင့် အနည်းဆုံး လူ ၇ ယောက် သေဆုံးခဲ့ပါတယ်။ ရဲတပ်ဖွဲ့က မြေပြင်ပေါ်ချုပ်ထားပြီး ကျင်စက်ဖြင့် ထပ်ဖန်တလဲလဲ တို့ခဲ့တဲ့ လုပ်ရပ်ကြောင့် အမျိုးသားတစ်ယောက် သေဆုံးခဲ့ပြီးနောက်မှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တာပါ။ ရုပ်သံမှတ်တမ်းအရ အသက် ၄၆ နှစ်အရွယ် အမျိုးသား အော်ဒိုနက်ဇ်က ရဲအရာရှိတွေကို ကျင်စက်နဲ့ ထပ်မတို့ဖို့ အသနားခံခဲ့ပြီး ” ကျွန်တော် အသက်ရှူကြပ်နေပြီ”လို့ ပြောခဲ့ပါတယ်။

အော်ဒိုနက်ဇ်ဟာ သူငယ်ချင်းတွေနဲ့ အရက်သောက်ပြီး တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေရမယ့် စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့လို့ ဖမ်းဆီးခံခဲ့ရတာပါ။ သူ့ကို ရဲစခန်းကနေ ဆေးရုံ ပို့ခဲ့ပေမဲ့ ဆေးရုံမှာ ကွယ်လွန်သွားခဲ့တာပါ။ အဲဒီဖြစ်ရပ်ကို မခံမရပ်နိုင်ဖြစ်ရာကနေ ပေါ်ပေါက်ခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ အနည်းဆုံး လူ ၇ ယောက် သေဆုံးခဲ့တဲ့အနက် ၅ ယောက်ကတော့ ကျည်ဆန်ထိမှန်ပြီး သေဆုံးခဲ့တာလို့ ကာကွယ်ရေးဝန်ကြီး ထရူဂျီလိုက ပြောပါတယ်။ လူသတ်မှုကျူးလွန်သူတွေကို ဖမ်းဆီးပေးနိုင်အောင် သတင်းပေးနိုင်သူကို ဆုကြေးငွေချီးမြှင့်မယ်လို့ ထရူဂျီလိုက ထုတ်ပြန်ထားပါတယ်။ ဆန္ဒပြမှုတွေမှာ လူ ၂၄၈ ယောက် ဒဏ်ရာရခဲ့တဲ့အနက် ၅၈ ယောက်ကတော့ ကျည်ဆန်ထိမှန်ခဲ့တာလို့ ဘိုဂိုတာမြို့တော်ဝန် ကလော်ဒီယာလိုပက်ဇ်က ဆိုပါတယ်။

စက်တင်ဘာလ ၉ ရက်က ဖြစ်ပွားခဲ့တဲ့ အဲဒီဆန္ဒပြပွဲတွေမှာ ရဲအရာရှိ ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒါပေမဲ့ ဆန္ဒပြသူတွေကို ပစ်ခတ်နှိမ်နင်းဖို့ ရဲတပ်ဖွဲ့ကို ဘယ်သူကမျှ ညွှန်ကြားခဲ့ခြင်းမရှိဘူးလို့ ကလော်ဒီယာလိုပက်ဇ်က ပြောပါတယ်။ ဘိုဂိုတာမြို့တောင်ဘက် ဆိုအာချာမြို့၊ မက်ဒယ်လင်မြို့နဲ့ ပါရဲရားမြို့တွေမှာလည်း ဆန္ဒပြပွဲတွေဖြစ်ပွားခဲ့ပြီး ယာဉ်အစီးရေ ၇၀ ကျော် ထိခိုက်ပျက်စီးခဲ့ပါတယ်။ ယာဉ်ကိုးစီးကတော့ အများပြည်သူ သယ်ယူပို့ဆောင်ရေးယာဉ်တွေဖြစ်ပြီး မီးတင်ရှို့ခံခဲ့ရတာပါ။

Ref: BBC ” Colombia protests: Death of man tasered by police sparks deadly clashes”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top