WHO နဲ့မပတ်သက်ချင်လို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးရရေး နိုင်ငံတကာ ပူးပေါင်းကြိုးပမ်းမှုမှာ အမေရိကန်နိုင်ငံ မပါဝင်

intldd.jpg

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) ပါဝင်ပတ်သက်နေတဲ့အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဖော်စပ်၊ ဖြန့်ဖြူးရေးဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းကြိုးပမ်းမှုမှာ အမေရိကန်နိုင်ငံ ပါဝင်မှာမဟုတ်ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အိမ်ဖြူတော်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အစွမ်းအာနိသင်ရှိတဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဖော်စပ်နိုင်ရေး၊ ကမ္ဘာ့နိုင်ငံအားလုံးကို ဖြန့်ဖြူးပေးနိုင်ရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ဦးဆောင်တဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု(COVAX)မှာ နိုင်ငံပေါင်း ၁၇၂ နိုင်ငံ ပါဝင်လျက်ရှိပါတယ်။

” ဗိုင်းရပ်စ်ကို အမြစ်ပြတ်ချေမှုန်းတိုက်ခိုက်နိုင်ဖို့ အမေရိကန်နိုင်ငံက နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမှာပါ။ ဒါပေမဲ့ အကျင့်ပျက်ခြစားနေတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်နဲ့ တရုတ်နိုင်ငံရဲ့ လက်ဝေခံ ပူးပေါင်းအဖွဲ့အစည်းတွေက ကျွန်တော်တို့ကို ချုပ်ကိုင်တာမျိုး အဖြစ်ခံမှာမဟုတ်ပါဘူး”လို့ အိမ်ဖြူတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျက်ဒ်ဒီရာက ပြောပါတယ်။ အမေရိကန်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၆ သန်းကျော်ရှိလာခဲ့ပြီးနောက်မှာ အိမ်ဖြူတော်က အခုလို ထုတ်ပြန်ခဲ့တာပါ။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး ဒေါ်နယ်ထရမ့်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO)အ ပေါ် ဝေဖန်ထိုးနှက်ခဲ့ပြီး WHO က လမ်းညွှန်ချက်တွေ ထုတ်ပြန်ရာမှာ တရုတ်နိုင်ငံကို ဘက်လိုက်ခဲ့တယ်လို့ ဒေါ်နယ်ထရမ့်က စွပ်စွဲခဲ့ပါတယ်။

အမေရိကန်ကုမ္ပဏီတွေဖြစ်တဲ့ Moderna နဲ့ Pfizer/BioNTech တို့ ဖော်စပ်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ မျိုးက စမ်းသပ်ထိုးနှံမှု အဆင့်(၃)ကို ရောက်ရှိနေသလို စက်တင်ဘာလအလယ်မှာ စမ်းသပ်ထိုးနှံမှု အဆင့်(၃) ရောက်လာမယ့် နောက်ထပ် ဆေး ၂ မျိုးထွက်ရှိလာမယ်လို့ ခန့်မှန်းထားကြပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဦးဆောင်မှုအောက်မှာ ထိရောက်အောင်မြင်တဲ့ ဆေးဝါးတွေ ဖော်စပ်ပေးနိုင်ဖို့အတွက် ကာကွယ်ဆေးနဲ့ ကုထုံးရှာဖွေမှု သုတေသနလုပ်ငန်း၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၊ စမ်းသပ်ထိုးနှံမှုလုပ်ငန်းတွေက မကြုံစဖူး မြန်ဆန်လွန်းတဲ့ အရှိန်အဟုန်နဲ့ ခရီးဆက်နေပြီး အချက်အလက်ပိုင်းဆိုင်ရာနဲ့ ဘေးကင်းလုံခြုံရေးရှိရေးက မောင်းနှင်ပေးနေတယ်လို့ ဂျက်ဒ်ဒီရာက ပြောပါတယ်။

ဒေါ်နယ်ထရမ့်ဦးဆောင်တဲ့ အမေရိကန်အစိုးရဟာ အမေရိကန်နိုင်ငံကို WHO ကနေ တရားဝင် နုတ်ထွက်ဖို့အတွက် ပြီးခဲ့တဲ့ဇူလိုင်လက အမေရိကန်လွှတ်တော်နဲ့ ကုလသမဂ္ဂအဖွဲ့ထံ အကြောင်းကြားစာ ပေးပို့ထားပါတယ်။ အမေရိကန်နိုင်ငံကို WHO ကနေ နုတ်ထွက်စေမယ့်ကိစ္စကို ပါတီ ၂ ခုလုံးရဲ့ လွှတ်တော်အမတ်တွေ၊ ဆေးပညာအဖွဲ့အစည်းတွေ၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပြည်ပမဟာမိတ်နိုင်ငံတွေက ဝေဖန်ခဲ့ကြပါတယ်။ ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ် ဂျိုးဘိုင်ဒင်ကတော့ လာမယ့်သမ္မတရွေးကောက်ပွဲမှာ သူ အနိုင်ရခဲ့ရင် အဲဒီဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်သွားမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဝေဖန်သူတချို့ကလည်း WHO ရဲ့ အမှီအခိုကင်းမှုကို မေးခွန်းထုတ်ထားကြပါတယ်။

Ref: CNN ” US won’t join global coronavirus vaccine effort led by WHO”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top