Halloween မှာ စူပါဟီးရိုးလို့သတ်မှတ်ထားတဲ့ ဆရာဝန်တစ်ယောက်လို ဝတ်ဆင်ခဲ့တဲ့ (၂) နှစ်သားလေး

3-11-2020-yyl-004-1.jpg

ကလေးတော်တော်များများက စူပါဟီးရိုးတွေလို ဝတ်ဆင်ရတာကို ကြိုက်နှစ်သက်ကြတာပါ။ အောက်တိုဘာ ၃၁ ရက်နေ့က ပြီးသွားခဲ့တဲ့ Halloween နေ့မှာ ကလေးတွေဟာာ စူပါမန်း (သို့) ပင့်ကူလူသားလို ဝတ်ဆင်ချင်ခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီကလေးတွေထဲမှာ ဂျိုနက်ချ် ဘန့်ပ် (Johah Bump) ဆိုတဲ့ (၂) နှစ်သားလေးကတော့ အခြားသူတွေလိုမဟုတ်ဘဲ ဆရာဝန်တစ်ယောက်လို ဝတ်ဆင်ခဲ့တာပါ။ ဂျိုနက်ဟာ မွေးကတည်းက ဆရာဝန်တွေနဲ့ မစိမ်းတော့ပါဘူး။ ဆေးရုံက သူ့အတွက် အိမ်လိုပါပဲ။ သူဟာ ငယ်စဉ်ကတည်းက ရှားပါးကိုယ်ခံအားချို့တဲ့ခြင်းရောဂါကို ခံစားနေရလို့ပါပဲ။ အဲဒီရောဂါကြောင့် ဂျိုနက်ချ်ဟာ (၇) လအရွယ်မှာပဲ ပင်မဆဲလ်အစားထိုးကုသမှုကို ကင်တပ်ကီပြည်နယ်က Norton Childen’s Cancer Institute မှာ ပြုလုပ်ခဲ့ရပါတယ်။

ဂျိုနက်ချ်က ကိုယ်ခံအားစနစ်ကောင်းကောင်း လုပ်ဆောင်နိုင်ခြင်းမရှိတဲ့အတွက် ဆေးရုံမှာ သီးသန့်နေပြီး ဆေးကုသမှုခံယူဖို့ လိုအပ်ခဲ့ပါတယ်။ သူ့ကို ဆေးရုံရဲ့ဒါရိုက်တာ ဆရာဝန်ဝီလျံ တီဆယ်နဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကပဲ တွေ့ခွင့်ရတဲ့သူတွေပါ။ ဒါကြောင့် ဆရာဝန်တွေနဲ့သူနာပြုတွေက သူ့အတွက် မိသားစုလိုဖြစ်လာခဲ့ပါတယ်။ ဆရာဝန်တီဆယ်ကလည်း ဂျိုနက်နဲ့သူ့မိသားစုအတွက် အစွမ်းကုန်ကြိုးစားကူညီကုသပေးခဲ့ပါတယ်။ ဒီဆေးရုံမှာ ဆရာဝန်တီဆယ် အလုပ်စဝင်တဲ့အချိန်မှာ ဂျိုနက်ချ်က သူ့ရဲ့ပထမဆုံးလူနာတွေထဲက တစ်ယောက်ဖြစ်ခဲ့တာပါ။ ဂျိုနက်ချ် ခွဲစိပ်ကုသမှုပြီးတဲ့နောက်မှာလည်း (၃) လတစ်ခါ ဆေးစစ်ဆေးပေးခဲ့ပါတယ်။
“ကျွန်တော် ဂျိုနက်ချ်ကို မြင်တဲ့အချိန်တိုင်း ကျွန်တော်လုပ်ခဲ့တဲ့အရာတွေအတွက် ဂုဏ်ယူမိသလိုခံစားရတယ်။ ဂျိုနက်ကို ကျန်းမာတဲ့ကလေးတစ်ယောက် ဖြစ်လာဖို့အတွက် မိသားစုတွေနဲ့အတူ ကူညီပေးနိုင်ခဲ့တာ အရမ်းပျော်ရွှင်မိတယ်”လို့ ဆရာဝန်တီဆယ်က ဆိုပါတယ်။

မကြာသေးခင်ကမှ ဂျိုနက်ချ်အတွက် သူ့အမေက ဆရာဝန်လိုကစားလို့ရတဲ့ပစ္စည်းတွေ ဝယ်လာပေးခဲ့ပါတယ်။ Halloween အချိန်အခါလည်းရောက်တော့မှာဖြစ်တဲ့အတွက် သူ့အမေက ဂျိုနက်ချ်အတွက် အရမ်းအဓိပ္ပာယ်ရှိတဲ့ လူတစ်ယောက်လို ဝတ်ဆင်ပေးဖို့ စိတ်ကူးမိခဲ့ပါတယ်။ ဂျိုနက်ချ်အတွက် ဆရာဝန်တီဆယ်နဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက မိသားစုဖြစ်တဲ့အပြင် စူပါဟီးရိုးလည်းဖြစ်တဲ့အတွက် ဂျိုနက်ကို ဆရာဝန် တီဆယ်လိုဝတ်ဆင်ပေးခဲ့ပါတယ်။ ဝတ်စုံကလည်း ဆရာဝန်တီဆယ်ဝတ်နေကျပုံစံအတိုင်းဖြစ်တဲ့အပြင် “တီဆယ် ဂျူနီယာ” ဆိုတဲ့ နာမည်ကတ်လည်း တပ်ပေးခဲ့ပါသေးတယ်။

ဆရာဝန်တီဆယ်လို ဂျိုနက်ချ်ဝတ်ဆင်ပြီးသွားတဲ့အခါမှာ သူ့အမေက သူနာပြုဆရာမတစ်ယောက်ဆီ ဂျိုနက်ချ်ရဲ့ပုံကို ပို့ပေးခဲ့ပြီး ဆရာဝန်တီဆယ်ကို ပြပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဆရာဝန်တီဆယ်လည်း ဂျိုနက်ချ်ရဲ့ပုံကို မြင်တဲ့အခါမှာ သူ ဂုဏ်ပြုခံရသလိုခံစားရကြောင်း၊ ဂျိုနက်ချ် ဒီလိုဝတ်ဆင်လိမ့်မယ်လို့ မမျှော်လင့်ခဲ့ကြောင်းဆိုပါတယ်။ ဆရာဝန်တီဆယ်ကတော့ နောက်အနှစ် (၂၀) မှာ ဂျိုနက်ချ်ကို သူ့လို ဆရာဝန်တစ်ယောက်အနေနဲ့ မြင်တွေ့ရဖို့ မျှော်လင့်နေပါတယ်။

Ref: ABCNews “2-year-old boy with rare disease dresses up as his doctor for Halloween”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top