ဆေးပညာမသင်ဖူးဘဲ ဆရာဝန်အဖြစ် ဟန်ဆောင်လိမ်ညာခဲ့လို့ ဖမ်းဆီးခံခဲ့ရသူ

16-12-2022-yyl-59-1.jpg

သားသမီးကို သူတို့ဝါသနာပါရာ လုပ်ခွင့်မပေးဘဲ ကိုယ့်အတ္တအတိုင်း ဖြစ်စေချင်တဲ့မိဘတွေ သတိပြုသင့်တဲ့အကြောင်းအရာပါ။ တူရကီမှာ အသက် ၂၀ အရွယ် မိန်းကလေးတစ်ယောက်ကို ဆရာဝန်အဖြစ် ဟန်ဆောင်လိမ်ညာမှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။

အော့ဇ်ကီရက်ဇ်ရဲ့မိဘတွေက သူ့ကို ဆရာဝန်ဖြစ်စေချင်ကြတာပါ။ ဖိအားလည်း ပေးကြတာပေါ့။ အော့ဇ်ကီရက်ဇ်က အထက်တန်းပညာရေး ပြီးဆုံးချိန်မှာ ဆေးကျောင်းဝင်ခွင့် စာမေးပွဲဝင်ဖြေတယ်။ ဒါပေမဲ့ မအောင်ဘူး။ အော့ဇ်ကီရက်ဇ်က ဆေးကျောင်းဝင်ခွင့် စာမေးပွဲမအောင်တာကို အမှန်မပြောဘဲ ဆေးကျောင်းတက်ခွင့်ရတယ်လို့ လိမ်ခဲ့တယ်။ ဂုဏ်သတင်းကြီးတဲ့ ကာပါဆေးတက္ကသိုလ်မှာ တက်ခွင့်ရတယ်လို့ လိမ်ပြောသလို စာမေးပွဲအမှတ်စာရင်းတွေ၊ ကျောင်းအပ်နှံခွင့်စာရွက်စာတမ်းတွေကို အတုလုပ်တယ်။

အော့ဇ်ကီရက်ဇ်က သူ့မိဘတွေကို လိမ်ယုံတင်မကဘူး၊ တခြားသူတွေကိုပါ လိမ်ခဲ့တယ်။ အစ္စတန်ဘူလ်က အဆောင်မှာ သွားနေပြီး သူ့ကိုယ်သူ ဆေးကျောင်းသူလို့ မိတ်ဆက်တယ်။ ဆေးတက္ကသိုလ် ကျောင်းသားကတ် အတုလုပ်ပြီး ကာပါဆေးတက္ကသိုလ်နားတစ်ဝိုက် လျှောက်သွားတယ်။ တကယ့်ဆေးကျောင်းသား/သူတွေနဲ့ မိတ်ဖွဲ့တယ်။
တစ်နေ့တော့ သူ့အမေ နေမကောင်းဖြစ်ပြီး ဆေးရုံတက်ရတယ်။ အော့ဇ်ကီရက်ဇ်ကလည်း မိဘတွေကို စောင့်ရှောက်ဖို့ အိမ်ပြန်လာတယ်။ ဆေးရုံလိုက်စောင့်ရင်း သူ့ကိုယ်သူ ဆရာဝန်လို့ မိတ်ဆက်တယ်။ ဆရာဝန်ကတ်အတုတွေ၊ အောင်လက်မှတ်အတုတွေလုပ်ပြီး ပိပိရိရိ လိမ်ခဲ့တာပါ။ ဆေးရုံဝန်ထမ်းတွေနဲ့ တော်တော်လေး ရင်းနှီးလာတဲ့အခါ အော့ဇ်ကီရက်ဇ်က ဆေးရုံမှာ အလုပ်ဝင်လျှောက်ပြီး အလုပ်ရသွားတယ်။

သူက ဆရာဝန်နဲ့တူအောင် ဘယ်လိုပဲ ကြိုးစားကြိုးစား၊ အခြေခံဆေးပညာ ဗဟုသုတတွေမေးတိုင်း ရှောင်ဖယ်ရှောင်ဖယ် လုပ်တတ်ပြီး ဖြေတိုင်းလည်း မှားတတ်လို့ ဆရာဝန်တွေက သူ့ကို မယုံသင်္ကာဖြစ်လာတယ်။ အဲဒီအတွက် ရဲခေါ်ပြီး စစ်ဆေးတဲ့အခါမှာတော့ သူ ငှားနေတဲ့ တိုက်ခန်းထဲမှာ စာရွက်စာတမ်းအတုတွေ၊ ကတ်ပြားအတုတွေ အများကြီး သိမ်းဆည်းရမိခဲ့တယ်။ အော့ဇ်ကီရက်ဇ်ကလည်း သူ လိမ်ညာခဲ့တာတွေကို ဝန်ခံပြီး ဆရာဝန်အဖြစ် တစ်နှစ်ကျော် ဟန်ဆောင်ခဲ့တယ်လို့ ဆိုတယ်။

အော့ဇ်ကီရက်ဇ်ရဲ့မိဘတွေကတော့ သူတို့သမီးလေး လိမ်နေတယ်ဆိုတာကို အခုလို မယုံကြည်နိုင်အောင် ဖြစ်နေတုန်းပဲ။ ” သမီးလေးက တစ်ခါမျှ မလိမ်ဖူးဘူး။ သူ ပို့လိုက်တဲ့ဓာတ်ပုံတွေတိုင်းမှာ ဆရာဝန်တွေနဲ့ တွဲရိုက်ထားတာပါ။ ဗီဒီယိုကော ပြောရင်လည်း သူနာပြုဆရာမတွေနဲ့ အခန်းထဲမှာ ထိုင်နေတာလေ။ ဒါတွေအားလုံး အလိမ်အညာတွေလား။ ကျွန်မတို့တော့ ဘာတစ်ခုမှ နားမလည်နိုင်အောင်ပါပဲ” လို့ အော့ဇ်ကီရက်ဇ်ရဲ့ မိခင်က ဆိုပါတယ်။

အော့ဇ်ကီရက်ဇ်ဟာ ဆေးပညာရပ်မသင်ဘဲ ဆရာဝန်အဖြစ် ဟန်ဆောင်လိမ်ညာတဲ့ ပထမဆုံးတော့ မဟုတ်ပါဘူး။ ပြင်သစ်နိုင်ငံက အမျိုးသမီးတစ်ဦးနဲ့ အိန္ဒိယသူ အမျိုးသမီးတစ်ဦးတို့ဟာ ဆေးပညာရပ်မသင်ကြားဖူးဘဲ ဆရာဝန်အဖြစ် နှစ်အတော်ကြာအောင် လိမ်ညာခဲ့ကြဖူးပါတယ်။

Ref: 20-Year-Old High School Graduate Poses as Doctor in State Hospital for Over a Year

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top