ဂစ်တာတစ်လုံးနဲ့ ဂင်းနစ်စံချိန်သစ် တင်ခဲ့တဲ့ လူတစ်ယောက်

77665_0_wide_ver1532958421.jpg@642.jpg

ဩစတေးလျနိုင်ငံသား ဂီတပညာရှင်ဖြစ်တဲ့ အသက် ၄၉ နှစ်အရွယ် စကော့ဘားဖို့ဒ် (Scott Burford) ဟာ ၁၂၅ နာရီဆက်တိုက် ဂစ်တာတီးခတ်ပြပြီး ဂင်းနစ် ကမ္ဘာ့စံချိန်သစ်ကို စိုက်ထူနိုင်ခဲ့ပါတယ်။

သူဟာ အံ့အားသင့်စရာကောင်းလောက်အောင် ဇူလိုင်လ ၁၅ ရက်နေ့ကနေ ဇူလိုင် ၂၀ ရက်နေ့အထိ ငါးရက်ဆက်တိုက် ဂစ်တာကို မရပ်မနား တီးခတ်ခဲ့တာဖြစ်ပါတယ်။

ဂစ်တာတစ်လုံးနဲ့ ဂင်းနစ်စံချိန်သစ်တင်ခဲ့တဲ့ လူတစ်ယောက်အနေနဲ့ နာရီများစွာ ဆက်တိုက်တီးခတ်ရမှုမှာ ဂစ်တာကြိုးကို ဖိနှိပ်ရတဲ့ လက်ချောင်းတွေ ကွဲအက်လာတာကြောင့် မတတ်သာတဲ့အဆုံး စူပါဂလူးနဲ့ လက်ချောင်းထိပ်အရေခွံမှာ ကပ်ပြီး ဂစ်တာကို ဆက်တီးခတ်ခဲ့ရပါတယ်။

သူ့အတွက် ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့ ၂၄ နာရီပတ်လုံး အချိန်ပြည့် စောင့်ကြပ်ပေးမယ့် သူနာပြုနဲ့ ဆေးဘက်အကူတွေ ထားရှိပေးခဲ့သလို ပရိသတ်တွေကလည်း စကော့ကို နိုးကြားနေပြီး မပျင်းရိရအောင်လို့ အကော့စတစ်ဂစ်တာ (Acoustic Guitar) တွေကို သူနဲ့အတူ ပြိုင်တူ လိုက်လံတီးခတ်ပေးပြီး မြိုင်မြိုင်ဆိုင်ဆိုင် ခွန်အားဖြည့်ပေးခဲ့ကြပါတယ်။

ဂင်းနစ်ရဲ့ စည်းမျဉ်းစည်းကမ်းအရ သူဟာ သီချင်းတစ်ပုဒ်ပြီးတိုင်း အစာစား၊ ရေသောက်ဖို့ စက္ကန့်သုံးဆယ် အချိန်ရပြီး တီးခတ်မှု တစ်နာရီပြည့်တိုင်းမှာ ၅ မိနစ် နားခွင့်ရှိပါတယ်။ သူကတော့ အဲ့ဒီ ၅ မိနစ်စာတိုင်းကို မှေးစက်အနားယူခဲ့ပါတယ်။

တရားဝင် ဖြန့်ချိပြီးသား သီချင်းတွေကိုသာ တီးခတ်ခွင့်ရပြီး သူ့ကို ၂၄ နာရီပတ်လုံး တောက်လျှောက် ရိုက်ကူးရေးလုပ်နေခဲ့ပါတယ်။ လေးနာရီပြည့်ပြီးတိုင်း တီးပြီးသား သီချင်းတွေကို ပြန်တီးခွင့်ရှိသလို စကော့ဘားဖို့ဒ်ကတော့ သီချင်းအပုဒ်ရေ ၅၀၀ ကျော်အထိ တီးခတ်ပြခဲ့ပါတယ်။

“ပျော်လွန်းတာတော့ ပြောမပြတတ်အောင်ပဲ။ အရမ်းလည်းမောနေပြီ။ အကြာကြီးပစ်လှဲပစ်လိုက်ချင်ပြီ။ ကျွန်တော့်ဘဝမှာ ဂီတနဲ့ စိုက်ထူခွင့်ရတဲ့ ထူးခြားပန်းတိုင် တစ်ခုလို့ဆိုရမှာပါ။ အာရုံစိုက်နိုးကြားနေအောင် ကူညီပေးခဲ့တဲ့သူ အားလုံးကို ကျေးဇူးတင်ပါရစေ။” လို့ စကော့က ပြောသွားပါတယ်။

သူအောင်မြင်ခဲ့တဲ့ ဂင်းနစ်စံချိန်ကို အသုံးချပြီး သူ့ရဲ့ ဂီတပရဟိတ အဖွဲ့တစ်ခုဖြစ်တဲ့ Musicians Making a Difference အတွက် ရန်ပုံငွေ ရှာဖွေသွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။ ဒီအဖွဲ့ဟာ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုကြောင့် ဝေဒနာခံစားနေရတဲ့ လူငယ်တွေနဲ့ လျစ်လျူရှုခံထားရတဲ့ မသန်စွမ်းလူငယ်တွေအတွက် ဂီတ၊ အကအခုန်နဲ့ ပြန်လည်ထူထောင်မှုတွေ ပြုလုပ်ပေးနေတဲ့ လူမှုအကျိုးပြု ဂီတအဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

Ref: loudwire.com “australian guitarist plays 125 hours”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top