အီရန်ရွာသားတစ်ဦးက ကမ္ဘာ့အရပ်ပုဆုံးအမျိုးသားအဖြစ် စံချိန်ချိုး

16-12-2022-yyl-52.jpg

ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းက အရပ် ၂ ပေ ၁.၆၈ လက်မသာရှိတဲ့ အီရန်ရွာသားတစ်ဦးကို ကမ္ဘာ့အရပ်ပုဆုံးအမျိုးသားအဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။ သူကတော့ အီရန်နိုင်ငံ၊ အနောက်အဇာဘိုင်ဂျန်ပြည်နယ်က ဝေးလံခေါင်သီတဲ့ရွာတစ်ရွာက အသက် ၂၀ အရွယ် အက်ဖ်ရှင် အက်မာအီလ် ဂါဒါဇာဒီချ်ဆိုသူပါ။

သူဟာ အရင်က ကမ္ဘာ့အရပ်ပုဆုံးအမျိုးသားအဖြစ် စံချိန်ချိုးခဲ့သူထက် ၆.၈၆ စင်တီမီတာ ပိုပုပါတယ်။ အရပ်ပုဆုံးအမျိုးသားဖြစ်လာတာက သူ့အတွက် အိပ်မက်တစ်ခုလိုပါပဲလို့ အက်ဖ်ရှင်က ပြောပါတယ်။ အရင်က အရပ်ပုဆုံးအမျိုးသားဖြစ်ခဲ့တဲ့သူဟာ ကိုလံဘီယာနိုင်ငံ၊ ဘိုဂိုတာမြို့က အရပ် ၂ ပေ ၄.၃၈ လက်မရှိတဲ့ အသက် ၃၀ အရွယ် အက်ဝပ်ဒ် နီနို ဟာနန်ဒက်ဇ်ဆိုသူပါ။

ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းဒူဘိုင်းရုံးမှာ ပြုလုပ်ထားတဲ့ အရပ်တိုင်းတာတဲ့အခမ်းအနားကို ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းရဲ့အယ်ဒီတာချုပ်နဲ့ အကဲဖြတ်လူကြီးတို့နှစ်ဦးလုံး တက်ရောက်ခဲ့တာပါ။ အက်ဖ်ရှင် ဒီစံချိန်ချိုးတယ်ဆိုတာ သေချာဖို့အတွက် သူ့ရဲ့အရပ်ကို (၃) ခေါက် တိုင်းတာခဲ့တာပါ။

အက်ဖ်ရှင်က ကိုယ်အလေးချိန် ၇၀၀ ဂရမ် (၁.၅ ပေါင်) နဲ့ မွေးဖွားလာခဲ့ပြီး ၆.၅ ကီလိုဂရမ် (၁၄.၃) ပေါင်နီးပါးအထိပဲ ကြီးထွာလာခဲ့တာပါ။ အက်ဖ်ရှင်ရဲ့ဘဝက မလွယ်ကူခဲ့ပါဘူး။ ကျောင်းမတက်နိုင်၊ စာတတ်မြောက်ဖို့အတွက် ရုန်းကန်ခဲ့ရပါတယ်။ မကြာသေးခင်ကမှ သူ့ရဲ့နာမည်ကို ရေးတတ်ဖို့ သင်ယူခဲ့ရပါတယ်။ သူ့သူငယ်ချင်းတစ်ဦးဆီက ဖုန်းတစ်လုံးလက်ဆောင်ရခဲ့လို့ ဝမ်းသာခဲ့ရပေမဲ့ အဲဒီဖုန်းကို သယ်ဖို့နဲ့ အသုံးပြုဖို့ ခက်ခဲတွေ့ခဲ့ရပါတယ်။

အက်ဖ်ရှင်က အရမ်းသဘောကောင်းပြီး ကြင်နာတတ်တယ်။ သူ့ရွာမှာ ဒေသခံတွေကြား နာမည်ကြီးတယ်လို့ ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းက ဆိုပါတယ်။ သူ့မိဘတွေနဲ့ သူ နေထိုင်တဲ့ အသိုင်းအဝိုင်းက သူ့ကို မိုဟာမက်လို့ ခေါ်ကြပါတယ်။ အက်ဖ်ရှင်တို့မိသားစုက တော်သင့်ရုံအိမ်လေးတစ်လုံးမှာ နေထိုင်ကြပြီး သူ့မိဘတွေက အလုပ်လုပ်ပေမဲ့ တစ်ခါတလေ သူ့ရဲ့နေထိုင်မှုစရိတ်၊ ဆေးဝါးစရိတ်နဲ့ ဆေးကုသမှုစရိတ်တွေအတွက် လုံလောက်တဲ့ထောက်ပံ့မှုပေးဖို့ ရုန်းကန်ရပါတယ်။

အက်ဖ်ရှင်က ရွာမှာ တစ်ယောက်တည်းမသွားလာနိုင်ပါဘူး။ သူ့ရဲ့မိဘတွေထဲက တစ်ယောက်က သူ့ကို အမြဲစောင့်ကြပ်ပေးရပါတယ်။ သူ တကယ်လမ်းလျှောက်နိုင်ပေမဲ့ တစ်ခါတလေ သူ့ကို ချီသွားတာကို ပိုသဘောကျပါတယ်။ သူက ဘောလုံးအမာခံပရိသတ်တစ်ဦးဖြစ်ပြီး သူ အကြိုက်ဆုံးကစားသမားတွေက ရော်နယ်ဒိုနဲ့ အီရန်ရဲ့လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်း Ali Daei တို့ပါ။ သီချင်းဆိုတာ၊ကတာကိုလည်း နှစ်သက်ပါတယ်။

(၃) နှစ်အရွယ်ကလေးတွေအတွက် ဒီဇိုင်းထုတ်ထားတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ရတဲ့ ဘောလုံးဝါသနာရှင် အက်ဖ်ရှင်ဟာ သူ့ရဲ့အခုအောင်မြင်မှုမှတ်တမ်းက သူ့ကို စောင့်ရှောက်ဖို့အတွက် ငွေကြေးရှာဖွေရခက်ခဲနေတဲ့ သူ့မိဘတွေကို ထောက်ပံ့ကူညီပေးနိုင်မယ်လို့မျှော်လင့်နေပါတယ်။

Ref: TheMirror “World’s shortest man who is just 2ft 2inches tall wins Guinness record”

WL( ရိုးရာ‌လေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top