အလုပ်သမား (၂၅) ရာခိုင်နှုန်းဟာ လုပ်ခ၊ လစာ အလွန်နည်းပါးတဲ့ အလုပ်တွေကိုလုပ်ကိုင်နေရ

wcms_624097.jpg

Pineapple Farm

ရန်ကုန်၊ သြဂုတ် (၁၂)

မြန်မာနိုင်ငံအတွင်းမှာ အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမား (၂၅) ရာခိုင်နှုန်းဟာ လုပ်ခ၊ လစာ အလွန်နည်းပါးတဲ့ လုပ်ငန်းခွင်နေတွေမှာ အလုပ်လုပ်ကိုင်နေကြရတယ်လို့ United Nations Office for Project Services (UNOPS) ဆီက သိရပါတယ်။

အလုပ်သမား (၃၂) ရာခိုင်နှုန်းက အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်ကိုင်နေရသလို အလုပ်သမား (၆၃) ရာခိုင်နှုန်းဟာ မိမိတို့ရဲ့သဘောဆန္ဒမပါရှိဘဲ လုပ်ကိုင်နေရတာမျိုးဖြစ်တယ်လို့ ဖြေဆိုတာမျိုးတွေကို အံ့သြလောက်ဖွယ်ရာ အများအပြားတွေ့ရှိရတယ်လို့ UNOPS ရဲ့ အသက်မွေးဝမ်းကျောင်းမှုနဲ့ စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေ (LIFT) အစီရင်ခံစာမှာ ထည့်သွင်းရေးသားထားပါတယ်။

အလုပ်သမား (၁၆) ရာခိုင်နှုန်းကို အလုပ်ရှင်က အလုပ်လုပ်ကိုင်နေစဉ်အတွင်း နေထိုင်ဖို့ အိမ်ရာပေးပေမယ့် နေထိုင်ရန် သင့်တင့်လျောက်ပတ်တဲ့ အခြေအနေမရှိခြင်းကို တွေ့ရှိရပြီး အလုပ်သမား (၁၁) ရာခိုင်နှုန်းက အလုပ်ခန့်စဉ်ကာလက သဘောတူထားတဲ့အတိုင်းမဟုတ်ဘဲ ကွဲပြားခြားစွာ အလုပ်လုပ်ကိုင်နေရတာဖြစ်တယ်လို့ အစီရင်ခံစာအရ သိရပါတယ်။

“အခုအစီရင်ခံစာက မြန်မာနိုင်ငံက အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင် အခြေအနေ၊ အနေအထားတွေကို ဖော်ထုတ်ပေးထားတဲ့ လေ့လာမှုတစ်ခုပါ။ မြန်မာနိုင်ငံမှာ အဓမ္မ အလုပ်ခိုင်းစေမှု အခြေအနေက ဖေဖော်ဝါရီလ (၁) ရက်နေ့ မတိုင်ခင်ကတည်းက အရေးကြီးတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။

အပြောင်းအလဲတစ်ခုကို အရှိန်ရအောင် လူအများအပြားက အတူတကွလက်တွဲကြိုးပမ်းနေချိန်မှာပဲ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်းမှာ အခြေအနေက ပိုမိုဆိုးရွားပြင်းထန်လာတာကို တွေ့မြင်ရတယ်” လို့ LIFT ရန်ပုံငွေရဲ့ ညွှန်ကြားရေးမှူး Katy Webley က ပြောပါတယ်။

မြန်မာနိုင်ငံက အလုပ်သမား (၅၀) ရာခိုင်နှုန်းကျော်ဟာ တစ်ဆင့်စကားနဲ့သာ အလုပ်ရရှိခဲ့တာဖြစ်တယ်လို့ ဖြေဆိုကြပြီး အလုပ်သမား (၄၇) ရာခိုင်နှုန်းက အလုပ်ရှင်က အလုပ်သမားတွေကို တိုက်ရိုက်ဆက်သွယ် ဌားရမ်းတဲ့အတွက် အလုပ်ရရှိခဲ့တာဖြစ်ပြီး အလုပ်သမား (၁) ရာခိုင်နှုန်းကတော့ အလုပ်အကိုင်ပွဲစားတွေကနေ တစ်ဆင့် အလုပ်အကိုင်ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Photo- ILO
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top