လွန်လေပြီးသော တရံရောအခါက ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း အုပ်စိုးသည်။ တစ်ညမှာ မိုးကြီးရွာသတဲ့။
နန်းရင်ပြင်မှာ ထားထားတဲ့ ဘုရင့်ရထားကို ချည်နှောင်ထားတဲ့ သားရေပြား၊ သားရေကြိုးများ မိုးရေစိုကုန်ပြီး ပွတက်ကုန်ကြသည်။ သားရေနံ့များထွက်လာသဖြင့် နန်းတွင်းခွေးများ လာရောက်စားကြသည်။ ပြီးနောက် မိမိနေထိုင်ရာသို့ အသီးသီးထွက်ခွါသွားကြသည်။ ထိုအဖြစ်အပျက်ကို တစ်စုံတစ်ယောက်မျှ မမြင်မတွေ့လိုက်ကြချေ။
နံနက်မိုးသောက်မှ ဘုရင့်ရထားလုံး ပျက်စီးနေသည်ကို သိကြသည်။ မင်းကြီးနားသို့ရောက်သော် အမျက်ထွက်ပြီး တရားခံကို စစ်စေရာ မှူးမတ်အပေါင်းတို့မှ ယမန်နေ့ညက ခွေးလေခွေးလွင့်များ ရေဆိုးစွန့်ထုတ်ပေါက်မှ ဝင်ရောက်ပြီး သားရည်များအား ကိုက်ဖြတ်စားသောက်ခြင်း ဖြစ်သည်ဟု ရမ်းသန်းလျှောက်ထားကြသည်။ မင်းကြီးသည် တရားခံများမှာ အဟိတ်တိရိစ္ဆာန်ခွေးများ ဖြစ်သဖြင့် အမှား၊ အမှန် မစစ်ဆေးတော့ဘဲ ဤသို့ဆိုလျှင် ခွေးလေခွေးလွင့် မှန်သမျှ သတ်စေ ဟု အမိန့်ချမှတ်လိုက်၏။ ထိုနေ့မှစကာ ဗာရာဏသီတစ်ပြည်လုံး ခွေးသတ်ပွဲဖြင့် ဆူပွက်၍နေသည်။ ကျောက်တုံး၊ တုတ်၊ ဓား၊ လက်နက်တို့ကြောင့် ခွေးပေါင်း မြောက်များစွာ သေကြေပျက်စီးရသည်။
ကြွင်းကျန်သေးသော မျက်နှာမွဲခွေးတို့သည် အသက်ဘေးကို ကြောက်လှသဖြင့် မြို့ပြင်သုဿန်သို့ ထွက်ပြေးကြသည်။ မြို့ပြင်သုဿန်တွင် အကျင့်တရားကောင်းပြီး ရဲရင့်သည့် ခွေးကြီးတစ်ကောင်သည် ခွေးအပေါင်းခြံရံ၍နေသည်။ ခေါင်းဆောင်ခွေးသည် မြို့တွင်းမှ ပြေးလာသော ခွေးတို့နောက်မှ လူများမကြာမီ လိုက်လာကြနိုင်သည်။ ထိုအခါ ငါနှင့်တကွ ခွေးအပေါင်းတို့ ပျက်စီးကြမည့်အရေးကို မြင်သဖြင့် နန်းတော်သို့သွားကာ အကျိုးအကြောင်း စုံစမ်းမှ ဖြစ်မည်ဟု ကြံသည်။ သည်အတိုင်းသွားလျှင် နန်းတော်မရောက်ဘဲ လမ်းခရီးမှာတင် လူများသတ်သဖြင့် သေရပေမည်။ ထို့ကြောင့် ခွေးမင်းသည် ရှေးဦးစွာ မိမိပြုလုပ်ခဲ့ဖူးသော ကောင်းမှုအစုစုတို့ကို ဆင်ခြင်သည်။ တဖန် မင်း၊ မှူးမတ်၊ လူနှင့်တကွ သတ္တဝါအပေါင်းတို့အား မေတ္တာပို့သည်။ ပြီးမှ “ငါ၏ကိုယ်ပေါ်သို့ မည်သည့်လက်နက်မှ မကျရောက်စေသတည်း” ဟု အဓိဋ္ဌာန်ပြုပြီးမှ နန်းတော်သို့ ထွက်ခွါလေသည်။
လမ်းတလျှောက် အန္တရာယ်အပေါင်းမှ လွတ်မြောက်ပြီး နန်းတော်ရှိ မင်းကြီးတရားစီရင်ရာနေရာသို့ရောက်သော် မင်းကြီးထိုင်ရာနေရာအောက်သို့ ပြေးဝင်ပုန်း၏။ ရဲမက်တို့မှ ဝိုင်းဝန်းဆွဲထုတ်မည်ပြုရာ မင်းကြီးမှ ဤခွေးသည် ထူးထူးခြားခြား အန္တရာယ်များလှသောနေရာသို့ သူ့သဘောနဲ့သူ အရဲစွန့်ပြီး ဝင်လာသည်။ အကြောင်းတစ်စုံတရာရှိရမည်ဟု တွေးမိပြီး မဖမ်းရန် တားမြစ်သည်။ ခွေးကြီးလည်း ခေတ္တအမောဖြေပြီးနောက် နေရာမှထွက်ကာ မင်းကြီးအား အရိုအသေပြုသည်။ ပြီးမှ –
ခွေးအကြီးအကဲ။ ။ “ခွေးအပေါင်းအား အဘယ့်ကြောင့် သတ်ရပါသနည်း”
မင်းကြီး။ ။ “ငါ၏ရထားလုံးမှ သားရေတို့ကို ကိုက်ဖြတ်စားသောက်၍ သတ်မိန့်ပေးရသည်။”
ခွေးအကြီးအကဲ။ ။ “မည်သည့်ခွေးက စားသနည်း။”
မင်းကြီး။ ။ “အတိအကျ မသိသဖြင့် ခွေးမှန်သမျှ သတ်မိန့်ပေးသည်။”
ခွေးအကြီးအကဲ။ ။ “ခွေးအားလုံးကို သတ်စေသလော၊ ခြွင်းချက်ရှိပါသလော။”
မင်းကြီး။ ။”နန်းတွင်းခွေးများ၊ မင်းအိမ်မှခွေးများမှ လွဲ၍ သတ်စေသည်။”
ခွေးအကြီးအကဲ။ ။ “မင်းကြီးသည် မျက်နှာလိုက်လွန်းသည်။ နန်းတော်နှင့် မင်းမျိုးအိမ်များမှ ခွေးများအား ချမ်းသာပေးသည်။ နောက်ခံအင်အားမရှိ မျက်နှာမွဲ ခွေးလေခွေးလွင့်များကြတော့ တရားခံမှန်း မသေချာဘဲ သတ်စေသည်။ သားရေခိုးမစားသော ခွေးတို့မှာ သေကြေကြရပြီး ခိုးစားသောခွေးတို့မှာ ဘေးကင်း၍နေသည်။ မင်းကြီးသည် မင်းကျင့်တရားဆယ်ပါးနှင့်မညီ။ ဆန္ဒာဂတိလိုက်စားလေပြီ။”
မင်းကြီး။ ။ “ဤသို့ဆိုလျှင် ခိုးစားသောခွေးများကို သင်ဖော်ထုတ်နိုင်မည်လော။”
ခွေးအကြီးအကဲသည် မင်းကြီးအား နန်းတွင်းခွေးအားလုံးကို မင်းကြီးရှေ့တွင်ပင် နေဇာမြက်ကိုထောင်းပြီး ရက်တက်ရည်နှင့် ရောတိုက်ခိုင်းသည်။ အချိန်အနည်းငယ်ကြာသော် နန်းတွင်းခွေးအားလုံး အန်ကုန်ကြသည်။ သားရေဖတ်များ အစာမကြေသေးသောကြောင့် ခိုးစားသောခွေးများ၏ အန်ဖက်တွင် သားရေစများ ပါလာသည်။ ထိုအခါမှ မင်းကြီးသည် ခွေးအကြီးအကဲ၏ လက်အောက်ခံအမျိုးအဆွေတို့အတွက် အသက်ကို ပဓာနမထားဘဲ ကြိုးပမ်းမှု၊ ရဲရင့်မှု၊ ဥာဏ်ပညာကြီးမားမှုတို့ကို လေးစားသောအားဖြင့် မင်းမိန့်ကို ပြန်သိမ်းပြီး ခွေးအပေါင်းတို့အား ဘေးမဲ့ပေးလေသည်။
Ref: ငါးရာ့ငါးဆယ်ဖာတ်နိပါတ်တော်များမှ ကုက္ကုရဇာတ်
ချမ်းမြေ့ (ရိုးရာလေး)