ပင်မဆဲလ်အစားထိုးကုသပြီး HIV ပိုးတွေပျောက်ကင်းသွားခဲ့တဲ့ ဒုတိယမြောက်လူနာ

hiv.jpg

အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့က HIV ပိုးရောဂါရှိနေတဲ့အမျိုးသားတစ်ဦးဟာ ပင်မဆဲလ် (Stem Cell) ကို အစားထိုးကုသပြီးတဲ့နောက် HIV ဗိုင်းရပ်စ်ပိုးတွေ ပျောက်ကင်းသွားခဲ့တယ်လို့ သိရပါတယ်။ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့ကလူနာပြီးရင် သူက ဒုတိယမြောက် ကုသအောင်မြင်ခဲ့သူပါ။

ဘာလင်မြို့က တင်မိုသီ ရေး ဘရောင်း (Timothy Ray Brown) ကတော့ ပထမဆုံးကုသအောင်မြင်ခဲ့သူဖြစ်ပြီး လွန်ခဲ့တဲ့ (၁၂) နှစ်က ပင်မဆဲလ် (Stem Cell) အစားထိုးကုသခဲ့ပြီး HIV ရောဂါပိုးတွေ ကင်းရှင်းသွားခဲ့တာပါ။

HIV ပိုးတွေပျောက်ကင်းသွားခဲ့တဲ့ ပထမလူနာ တင်မိုသီ ရေး ဘရောင်း

ဒီလို ပင်မဆဲလ်အစားထိုးကုသခြင်းက အန္တရာယ်များပြီး တချို့လူနာတွေမှာတော့ မအောင်မြင်ခဲ့ပါဘူး။ ရောဂါကူးစက်ခံရပြီးတဲ့ သန်းချီနေတဲ့လူနာတွေကို ကုသပေးနိုင်ဖို့ကြိုးစားတာဖြစ်တဲ့အတွက် လက်တွေ့မကျဘူးလို့ ထင်ဖွယ်ရာရှိပါတယ်။ ဒါပေမဲ့လို့ တင်မိုသီရဲ့ ကုသအောင်မြင်မှုက ကံကောင်းထောက်မလို့ အောင်မြင်ခဲ့တာမဟုတ်ဘူးဆိုတာကို အထောက်အထားတွေက ပြသပါတယ်။ ဒီကုသမှုက ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်တဲ့ ရိုးရှင်းတဲ့ကုထုံးတစ်ခုဖြစ်လာနိုင်ပါတယ်လို့ Fred Hutchinson Cancer Research Center က ဆရာဝန် ကိတ် ဂျယ်ရိုမီ (Keith Jerome) က ပြောပါတယ်။

လန်ဒန်က HIV ပိုးရှိတဲ့လူနာက ဘယ်သူ၊ ဘယ်ဝါဖြစ်တယ်ဆိုတာကိုတော့ ထုတ်ပြောမထားဘဲ သူဟာ ၂၀၀၃ ခုနှစ်မှာ HIV ပိုး ကူးစက်ခံခဲ့ရပြီး ၂၀၁၂ ခုနှစ်မှာ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့အတွက် ဆေးတွေ စသောက်ခဲ့ရပါတယ်။ ၂၀၁၂ ခုနှစ်မှာပဲ သွေးကင်ဆာရောဂါကို ခံစားခဲ့ရပြီး ၂၀၁၆ ခုနှစ်မှာ ကင်ဆာရောဂါကိုကုသဖို့အတွက် ပင်မဆဲလ်အစားထိုးမှုကို ခံယူခဲ့ပါတယ်။ ပင်မဆဲလ်အလှူရှင်ရဲ့HIV ပိုးခုခံနိုင်စွမ်းကို ပေးရင်း လူနာရဲ့ ကိုယ်ခံအားစနစ်ကို ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။

အဲဒီနောက် လူနာဟာ ရောဂါပိုး ပြန်ပေါ်လာမလား သိရဖို့အတွက် HIV ပိုးထိန်းချုပ် ဆေးဝါးတွေ သောက်တာကို ရပ်ပစ်ခဲ့ပါတယ်။ အများအားဖြင့် HIV ပိုးရှိတဲ့ လူနာတွေက ရောဂါပိုး မပျံ့နှံ့ဖို့အတွက် ဆေးကိုပုံမှန်သောက်ပေးရပါတယ်။ ဆေးသောက်တာ ရပ်လိုက်မယ်ဆိုရင် နှစ်ပတ်၊ သုံးပတ်အတွင်းမှာ ရောဂါပိုးက ပြန်ပေါ်လာတတ်ပါတယ်။ ဒါပေမဲ့ လန်ဒန်နိုင်ငံကလူနာကတော့ အဲဒီလိုမျိုး မဖြစ်ခဲ့ပါဘူး။ သူက ဆေးကို (၁၈) လလောက် မသောက်ဘဲ နေပြီးတဲ့နောက်မှာတောင် ရောဂါပိုးကို မတွေ့ရှိခဲ့ရပါဘူး။

HIV ပိုးတွေပျောက်ကင်းသွားခဲ့တဲ့ ပထမလူနာ တင်မိုသီ ရေး ဘရောင်း

ပထမဆုံးပျောက်ကင်းတဲ့သူ ဘရောင်းကတော့ ဒီကုသမှုဟာ HIV ပိုးရှိတဲ့လူနာတွေကို မျှော်လင့်ချက်တွေပေးနိုင်တဲ့အတွက် အရမ်းအသုံးဝင်ပြီး လန်ဒန်ကလူနာနဲ့လည်းတွေ့ဆုံလိုကာ လူအများကြား ရဲရဲဝံံ့ဝံ့နေထိုင်ဖို့ တွန်းအားပေးချင်ကြောင်း ပြောပြခဲ့ပါတယ်။

Ref: Dailymail “HIV positive man in London becomes only the second person ever to be ‘cured’ of the virus after a stem cell transplant – raising hopes for the millions affected globally”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top