လက်ထပ်ခွင့်တောင်းတဲ့ကိစ္စနဲ့ အရှက်ခွဲခံရပြီးနောက် နာမည်ကြီးကုမ္ပဏီတွေရဲ့ ထောက်ပံ့မှုကို ရရှိခဲ့တဲ့စုံတွဲ

yyl-033-3.jpg

အချစ်စစ်ဆိုတာ ပိုက်ဆံနဲ့ ပတ်သက်ပြီး ဂရုစိုက်စရာမလိုပါဘူး။ တစ်စုံတစ်ယောက်ကို တကယ်ချစ်ရင် သူတို့ထိုင်မယ့်ဆိုင်၊ ဝင်ငွေက ဘယ်လောက်၊ ပညာအရည်အချင်းက ဘာလဲဆိုတာတွေက အရေးမကြီးပါဘူး။ မကြာသေးခင်ကမှ တောင်အာဖရိကက အမျိုးသားတစ်ယောက်က သူ့ရဲ့ကောင်မလေးကို KFC ကြက်ကြော်ဆိုင်မှာ လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ အဲဒီမြင်ကွင်းလေးက မြင်သူတိုင်းကို စိတ်ချမ်းမြေ့စေခဲ့ပြီး သူတို့နှစ်ယောက်ကို လှပတဲ့မင်္ဂလာပွဲလေး ပိုင်ဆိုင်စေချင်ခဲ့ကြပါတယ်။

KFC ကြက်ကြော်ဆိုင်မှာ အဲဒီအမျိုးသားက ဒူူးလေးထောက်ပြီး သူ့ချစ်သူကောင်မလေးကို လက်ထပ်ခွင့်တောင်းနေတာကို အဲဒီဆိုင်နားကို ဖြတ်သွားတဲ့လူတစ်ယောက်က ဗီဒီယိုရိုက်ထားခဲ့ပါတယ်။ ဗီဒီယိုထဲမှာ အမျိုးသမီးက ဝမ်းသာမျက်ရည်ကျနေတာကို မြင်ရသလို လက်ထပ်ခွင့်ကို လက်ခံလိုက်တာလည်း မြင်တွေ့ရပါတယ်။ သူတို့နှစ်ယောက် အရမ်းပျော်ရွှင်နေကြတာပုံပါပဲ။ နှစ်ယောက်သား ရယ်မောပျော်ရွှင်လို့နေပါတယ်။

ဒါပေမဲ့ သူတို့နှစ်ယောက်အတွက် အခြားသူတွေက ဝမ်းသာပီတီစကားတွေပြောကြပေမဲ့ အမျိုးသမီးတစ်ယောက်ကတော့ အဲဒီအမျိုးသားကို “တောင်အာဖရိကအမျိုးသားတွေက အရမ်းရယ်ရတာပဲ။ KFC မှာတောင် လက်ထပ်ခွင့်တောင်းကြတယ်လို့။ သူတို့မှာ သေချာပေါက် အဆင်အတန်းမရှိဘူး။ ဘယ်သူက KFC မှာ လက်ထပ်ခွင့်တောင်းမှာလဲ”ဆိုတဲ့ ပို့စ်တင်ပြီး အရှက်ခွဲခဲ့ပါတယ်။ အဲဒီအမျိုးသမီးရဲ့ပို့စ်က လူတော်တော်များများကို ဒေါသထွက်သွားစေခဲ့ပါတယ်။ သူ့ချစ်သူကို ရိုးရိုးရှင်းရှင်းလေးနဲ့ လက်ထပ်ခွင့်တောင်းခဲ့တဲ့ အမျိုးသားကို တစ်စုံတစ်ယောက်က အရှက်ခွဲခဲ့တာကို မယုံကြည်နိုင်ဖြစ်ခဲ့ကြပါတယ်။

အဲဒီအမျိုးသမီးက အရှက်ခွဲခဲ့ပေမဲ့လည်း KFC ကတော့ သူတို့စုံတွဲကို ကူညီပြီးရှာပေးကြဖို့ အင်တာနက်အသုံးပြုသူတွေကို တောင်းဆိုခဲ့ပါတယ်။ “ကျေးဇူးပြုပြီး ဒီချစ်စရာစုံတွဲလေးကို ရှာတွေ့ဖို့ ကူညီပေးကြပါ။ ကျွန်တော်တို့ ဆုမွန်ကောင်းတောင်းပေးချင်ပါတယ်” လို့ ရေးသားခဲ့တာပါ။

သူတို့စုံတွဲကို တွေ့ရှိခဲ့ပြီး PUMA, Huawei, McDonald, Uber, Audi ကဲ့သို့ နိုင်ငံတကာကုန်ပစ္စည်းတံဆိပ်တွေကလည်း သူတို့မင်္ဂလာပွဲအတွက် ထောက်ပံ့မှုတွေပြုလုပ်ဖို့အတွက် ကမ်းလှမ်းခဲ့ကြပါတယ်။ PUMA က ဒေါ်လာ (၆၈၀) ဘောက်ချာလက်ဆောင်ပေးခဲ့ပြီး Huawei က သူတို့နှစ်ယောက်အတွက် ဖုန်း (၂) လုံး၊ Standard Bank ကလည်း သူတို့စုံတွဲရဲ့ ချေးငွေ ဒေါ်လာ (၂၀၀၀၀) ကို ဖြေရှင်းပေးဖို့ အတွက် ကမ်းလှမ်းခဲ့ပါတယ်။

ဒါ့အပြင် သူတို့စုံတွဲက ဒေါ်လာ (၁၃၀၀) ကျော်တန်ဖိုးရှိတဲ့ စားသောက်ကုန်တွေကိုလည်း လက်ဆောင်ရရှိခဲ့ပါတယ်။ အစားအသောက်အပြင် လက်ဝတ်ရတနာကုမ္ပဏီကလည်း ဒေါ်လာ (၃၀၃၉) တန်ဖိုးရှိတဲ့ လှပတဲ့ လက်စွပ်နှစ်ကွင်းကိုလည်း လက်ဆောင်ပေးမှာဖြစ်ပါတယ်။ သူတို့စုံတွဲက ဘယ်သူ့မှ စိတ်ကူးမယဉ်မိလောက်တဲ့ ထောက်ပံ့မှုတွေကို စီးပွားရေးလုပ်ငန်း တော်တော်များများကနေ ခန်းဝင်ပစ္စည်းတွေကအစ အခြားဝန်ဆောင်မှုတွေကိုလည်း လက်ခံရရှိခဲ့ပါသေးတယ်။ သူတို့စုံတွဲကတော့ အစက အရှက်ခွဲခံရတဲ့အခြေအနေကနေ အချစ်တွေပြည့်နေတဲ့အရာတွေကို လက်ခံရရှိလိုက်ပါပြီ။

Ref: Journalist Tries To Shame Man For Proposing In KFC, It Backfires Hilariously As The Biggest Companies Are Offering To Fund Their Wedding

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top