တာလီဘန်တွေက အာဖဂန်နစ္စတန်မှာ နိုင်ငံခြားငွေ သုံးစွဲမှုပိတ်ပင်

11-3-2021yyl1.jpg

အာဖဂန်နစ္စတန်နိုင်ငံကို ထိန်းချုပ်ထားတဲ့ တာလီဘန်တွေက နိုင်ငံခြားငွေ သုံးစွဲမှု ပိတ်ပင်လိုက်ပါတယ်။ တာလီဘန်တွေ ထိန်းချုပ်လိုက်ပြီးနောက်မှာ နိုင်ငံတကာ ဘဏ္ဍာရေး အကူအညီတွေ ရုပ်သိမ်းသွားကြလို့ အာဖဂန်နစ္စတန်မှာ စီးပွားရေးအကျပ်အတည်း ကြုံနေရပါတယ်။ အခုလို နိုင်ငံခြားငွေ သုံးစွဲမှု ပိတ်ပင်လိုက်တာဟာ ပြိုလုဆဲဆဲ စီးပွားရေးအတွက် နောက်ထပ်ပြဿနာတစ်ရပ် ဖြစ်လာနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။

” အာဖဂန်နစ္စတန်နိုင်ငံရဲ့ စီးပွားရေးအခြေအနေနဲ့ အမျိုးသားအကျိုးစီးပွားအတွက် ပြည်သူအားလုံး ရောင်းဝယ်ဖောက်ကားမှုတွေမှာ အာဖဂန်ငွေကြေးကို အသုံးပြုဖို့ လိုအပ်ပါတယ်” လို့ တာလီဘန်တွေက ထုတ်ပြန်ခဲ့ပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံရဲ့ ဈေးတွေမှာ အမေရိကန်ဒေါ်လာကို တွင်တွင်ကျယ်ကျယ် အသုံးပြုလေ့ရှိသလို ပါကစ္စတန်နယ်စပ်လို ဒေသမျိုးတွေမှာလည်း ရောင်းဝယ်ဖောက်ကားမှုတွေမှာ ဒေါ်လာတွေကို သုံးလေ့ရှိပါတယ်။ နိုင်ငံခြားငွေ သုံးစွဲမှု ပိတ်ပင်ထားတာကို ချိုးဖောက်ရင် အရေးယူသွားမယ်လို့ တာလီဘန်တွေက ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့သြဂုတ်လမှာ အာဖဂန်နစ္စတန်နိုင်ငံကို တာလီဘန်တွေ ထိန်းချုပ်ခဲ့ပြီးနောက် အာဖဂန်နစ္စတန်အစိုးရ ပြည်ပမှာ အပ်နှံထားတဲ့ ဒေါ်လာဘီလျံပေါင်းများစွာကို အမေရိကန်ဗဟိုဘဏ်နဲ့ ဥရောပနိုင်ငံတွေရဲ့ ဗဟိုဘဏ် တွေက သိမ်းဆည်းခဲ့ပါတယ်။ တာလီဘန်တွေကတော့ အာဖဂန်နစ္စတန်နိုင်ငံ အပ်နှံထားတဲ့ ငွေကြေးတွေကို ပေးအပ်ဖို့ တောင်းဆိုခဲ့ပါတယ်။ တာလီဘန်တွေရဲ့ ထိန်းချုပ်မှုကြောင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ် စတဲ့ ပြည်ပထောက်ပံ့ကူညီမှုတွေကလည်း သူတို့ရဲ့စီမံကိန်းတွေကို ရပ်တန့်ခဲ့ပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံမှာ မိုးခေါင်ရေရှားမှု ဆိုးဆိုးရွားရွား ကြုံတွေ့နေလို့ ကောက်ပဲသီးနှံတွေ ပျက်စီးခဲ့ပြီး ဈေးနှုန်းတွေလည်း အဆမတန် မြင့်တက်နေပါတယ်။

နိုင်ငံရေးပဋိပက္ခ၊ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ မိုးခေါင်ရေရှားမှုတွေကြောင့် အာဖဂန်နစ္စတန်ပြည်သူ သန်းပေါင်းများစွာ အစာရေစာ ငတ်မွတ်မှု ကြုံရနိုင်တယ်လို့ ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က သတိပေးထားပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှု ကပ်ဘေး မကြုံတွေ့စေချင်ဘူးလို့ အနောက်အင်အားကြီးနိုင်ငံတွေက ပြောထားပေမဲ့ တာလီဘန်အဖွဲ့ကိုလည်း အာဖဂန်နစ္စတန်နိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုဖို့ ငြင်းဆန်ထားပါတယ်။

Ref: BBC ” Taliban bans foreign currencies in Afghanistan ”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top