2C2P နှင့် KBZPay တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်ငွေပေးချေမှုကွန်ရက် တိုးချဲ့နိုင်ရန် ဆောင်ရွက်မည်

KBZPay-1.jpg

မြန်မာနိုင်ငံအတွင်း ပြောင်းလဲတိုးတက်လာနေသည့် ဒစ်ဂျစ်တယ်ငွေပေးချေမှု နယ်ပယ် ပိုမို ဖွံ့ဖြိုးလာစေရန်နှင့် ပြည်တွင်းရှိ လူအများနှင့် စီးပွားရေးလုပ်ငန်းများအတွက် အကျိုးကျေးဇူးများ ယူဆောင်ပေးနိုင်ရန် 2C2P ၏ အွန်လိုင်းငွေပေးချေမှု စနစ်များနှင့် KBZPay တို့ ချိတ်ဆက်ဆောင်ရွက်မည်

ရှေ့တောင်အာရှ၏ ထိပ်တန်း ငွေပေးချေမှု ပလက်ဖောင်းတစ်ခုဖြစ်သော 2C2P နှင့် မြန်မာနိုင်ငံ၏ ထိပ်တန်းမိုဘိုင်းပိုက်ဆံအိတ်ဖြစ်သော KBZPay တို့သည် မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်ငွေပေးချေမှုကွန်ရက် တိုးချဲ့နိုင်ရေးအတွက် မိတ်ဖက်ပူးပေါင်းမှုတစ်ခု ပြုလုပ်ခဲ့ပါသည်။ အဆိုပါ မိတ်ဖက်ပူးပေါင်းမှုမှတစ်ဆင့် 2C2P ၏ အွန်လိုင်းငွေပေးချေမှု စနစ်များနှင့်အတူ KBZPay ၏ မိုဘိုင်း ပိုက်ဆံအိတ်နည်းပညာဖြင့် မြန်မာနိုင်ငံရှိ ပြည်သူများအတွက် နိုင်ငံတကာနှင့် ပြည်တွင်း စီးပွားရေးလုပ်ငန်းများနှင့် ငွေကြေးလွှဲပြောင်းမှုများ ပြုလုပ်နိုင်ရန် အခွင့်အလမ်းသစ်များ ဖန်တီးဖော်ဆောင်ပေးနိုင်ရေး အတူတကွ ဆောင်ရွက်သွားကြမည် ဖြစ်ပါသည်။ ထို့အပြင် ယခုကဲ့သို့ မိတ်ဖက်ပူးပေါင်းလိုက်ခြင်းဖြင့် 2C2P ၏ မိတ်ဖက်နှင့် ဈေးဆိုင်များအား KBZPay ၏ အလျင်အမြန် တိုးပွားလာနေသည့် အသုံးပြုသူများနှင့် ချိတ်ဆက်ပေးနိုင်မည်ဖြစ်ပြီး အဆင်ပြေလွယ်ကူ၍ ထိရောက်စွာ အသုံးချနိုင်သော ငွေပေးချေမှု ပုံစံသစ်များ ပေါ်ထွက်လာမည် ဖြစ်ပါသည်။

မိတ်ဆက်ပူးပေါင်းမှုမှတစ်ဆင့် ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများအတွက် ငွေပေးချေရန်၊ ဘေလ်ပေးဆောင်ရန်၊ နေ့စဉ် ငွေရေးကြေးရေး စီမံခန့်ခွဲမှုများ လုပ်ဆောင်ရန် အဆင်ပြေလွယ်ကူပြီး လုံခြုံစိတ်ချရသော မိုဘိုင်း ငွေကြေးလုပ်ဆောင်ချက်များကို ဆောင်ရွက်နိုင်သည့်အပြင် ယနေ့မှစ၍ မြန်မာနိုင်ငံရှိ KBZPay အသုံးပြုသူ (၆.၇) သန်းမှာ ၎င်းတို့၏ မိုဘိုင်းပိုက်ဆံအိတ်ကို အသုံးပြုပြီး 2C2P ၏ ကြီးမားကျယ်ပြန့်သော ကမ္ဘာတစ်ဝန်းနှင့် နိုင်ငံတကာရှိ ဈေးဆိုင်များသို့ ငွေကြေးလွှဲပြောင်းမှုများ ပြုလုပ်နိုင်ပြီ ဖြစ်ပါသည်။ 2C2P နှင့် ချိတ်ဆက်ထားသော ဈေးဆိုင်များအတွင်း နာမည်ကြီး နည်းပညာကုမ္ပဏီများ၊ အွန်လိုင်းဈေးဆိုင်ကြီးများ၊ လက်လီအရောင်းဆိုင်များအပြင် မြန်မာနိုင်ငံ အခြေစိုက် ကုမ္ပဏီများ ပါဝင်ပါသည်။

KBZPay အသုံးပြုသူများမှ 2C2P ၏ ဈေးဆိုင်များသို့ ပြုလုပ်သည့် ငွေပေးချေမှုတိုင်းကို 2C2P ၏ back-end စနစ်များ အသုံးပြု၍ စနစ်တကျ အတည်ပြုစစ်ဆေးပေးပြီး customer နှင့် ဈေးဆိုင် နှစ်ဦးနှစ်ဖက်လုံးအတွက် အဆင်ပြေ ချောမွေ့သော ငွေပေးချေမှု အတွေ့အကြုံတစ်ခု ရရှိနိုင်ရန် ဆောင်ရွက်ထားပါသည်။ ထိုကဲ့သို့သော ငွေကြေး လုပ်ဆောင်ချက်များအတွက် 2C2P က ငွေပေးချေသူနေရာမှ ဆောင်ရွက်ပေးမည်ဖြစ်သောကြောင့် KBZPay အသုံးပြုသူများမှာ KBZPay ကွန်ရက်နှင့် ချိတ်ဆက်မထားသည့် 2C2P ၏ ဈေးဆိုင်များကိုလည်း ငွေပေးချေမှု ပြုလုပ်နိုင်မည် ဖြစ်ပါသည်။

ယခုကဲ့သို့ KBZPay နှင့် မိတ်ဖက်ပူးပေါင်းပြီး ဝန်ဆောင်မှု တိုးချဲ့လိုက်ခြင်းသည် 2C2P ၏ ကမ္ဘာတစ်ဝန်းရှိ စီးပွားရေး လုပ်ငန်းများအတွက် ဒေသတွင်းရှိ ရှုပ်ထွေးသည့် ငွေပေးချေမှုပုံစံ နယ်ပယ်တွင် ရိုးရှင်းလွယ်ကူသော ငွေပေးချေမှု လုပ်ငန်းစဉ်များ ပေးအပ်နိုင်ရန်ဆိုသည့် ၎င်း၏ ရည်မှန်းချက်အတွက် ကြီးမားသော နောက်ထပ် ခြေလှမ်းတစ်ခု ဖြစ်ပါသည်။

၂၀၁၈ ခုနှစ်မှစတင်ပြီး KBZPay သည် မြန်မာနိုင်ငံ အနှံ့အပြားရှိ ပြည်သူများအတွက် မရှိမဖြစ် လိုအပ်သော ငွေရေးကြေးရေးနှင့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများကို ပထမဦးဆုံးအကြိမ် စတင်အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးရင်း တစ်ဦးနှင့်တစ်ဦးအကြား ဘေးကင်းလုံခြုံမှုရှိစွာဖြင့် ပိုမို အလွယ်တကူ ချိတ်ဆက်အသုံးပြုနိုင်သော ဒစ်ဂျစ်တယ် ငွေပေးချေမှုပုံစံတစ်ခုကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။ KBZPay အနေဖြင့် အသုံးပြုသူများအား မြန်မာနိုင်ငံတစ်ဝန်းရှိ ဈေးဆိုင်ပိုင်ရှင်နှင့် ကိုယ်စားလှယ်ပေါင်း (၂၉၀,၀၀၀) ကျော်နှင့် ချိတ်ဆက်ပေးလျက်ရှိပြီး ယနေ့အထိ မြန်မာကျပ်ငွေ ၁၅.၆ ထရီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၁.၂ ဘီလီယံ)[1] ပမာဏရှိသော ငွေကြေး လုပ်ဆောင်ချက်များအတွက် ဝန်ဆောင်ပေးခဲ့ပြီး ဖြစ်ပါသည်။

ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း မြန်မာနိုင်ငံတွင် မိုဘိုင်းဦးစားပေး ဒစ်ဂျစ်တယ် လူ့အဖွဲ့အစည်း တစ်ခုအဖြစ် ပြောင်းလဲတိုးတက်လာစေရန် အရှိန်အဟုန်ဖြင့် ရှေးရှုဆောင်ရွက်နေချိန် ဖြစ်သောကြောင့် 2C2P နှင့် KBZPay တို့အကြား မိတ်ဖက်ပူးပေါင်းမှုသည် အချိန်ကောင်းတွင် ပြုလုပ်လိုက်ခြင်း ဖြစ်ပါသည်။ ကပ်ရောဂါကြောင့် စားသုံးသူများသည် နေ့စဉ် ငွေကြေးဆိုင်ရာကိစ္စများကို ၎င်းတို့ နှစ်သက်ရာနည်းလမ်းများဖြင့် ဆောင်ရွက်လာကြပြီး လုံခြုံစိတ်ချရသော ဒစ်ဂျစ်တယ်ငွေပေးချေမှု ဖြေရှင်းလုပ်ဆောင်ချက်များကို ပိုမို တောင်းဆိုလာကြသောကြောင့် စီးပွားရေးလုပ်ငန်းများအား ငွေကြေးလုပ်ဆောင်ချက်များ လုပ်ဆောင်ရာတွင် ပိုမို စနစ်တကျ ကိုင်တွယ်နိုင်သော နည်းလမ်းများ အသုံးပြုရေး ပြန်လည်စဉ်းစားရန် တွန်းအားဖြစ်စေခဲ့ပါသည်။

2C2P အကြောင်း

2C2P သည် တစ်နေရာတည်းတွင် အစ၊ အဆုံး လုပ်ကိုင်နိုင်သော ငွေပေးချေမှု ပလက်ဖောင်းတစ်ခုဖြစ်ပြီး စီးပွားရေး လုပ်ငန်းများအနေဖြင့် ငွေပေးချေမှုများကို အွန်လိုင်း၊ မိုဘိုင်းနှင့် အွန်လိုင်းပြင်ပ ချန်နယ်များမှတစ်ဆင့် ဘေးကင်းလုံခြုံစွာ လက်ခံရယူနိုင်ရန် ကူညီပံ့ပိုးပေးနေသည့်အပြင် ငွေထုတ်ပေးခြင်း၊ ငွေလွှဲထုတ်ပေးခြင်း၊ ငွေလွှဲပေးခြင်းနှင့် ဒစ်ဂျစ်တယ်ကုန်ပစ္စည်းများအတွက် ငွေပေးချေမှုစသည့် ဝန်ဆောင်မှုများ ပေးအပ်လျက် ရှိပါသည်။ စင်ကာပူနှင့် ဘန်ကောက်တွင် ရုံးချုပ်နှစ်ခု တည်ရှိပြီး အာရှ၊ ဥရောပနှင့် အမေရိကန် နိုင်ငံများတွင် လုပ်ငန်း လည်ပတ် ဆောင်ရွက်လျက် ရှိပါသည်။ 2C2P သည် နာမည်ကြီး နည်းပညာကုမ္ပဏီများ၊ အွန်လိုင်းဈေးဆိုင်ကြီးများ၊ လက်လီအရောင်းဆိုင်များအပြင် ကမ္ဘာ့အဆင့် စီးပွားရေးလုပ်ငန်းကြီးများ အသုံးပြုလျက်ရှိသော ငွေပေးချေမှု ပလက်ဖောင်းတစ်ခု ဖြစ်ပါသည်။ အသေးစိတ်ထပ်မံ သိရှိလိုပါက www.2c2p.com တွင် ဝင်ရောက်လေ့လာ နိုင်ပါသည်။

KBZPay အကြောင်း

KBZPay သည် ပြည်သူလူထုအား တစ်ချိန်က လူအများစု လက်လှမ်းမမီခဲ့သည့် ဒစ်ဂျစ်တယ် စီပွားရေးစနစ် တစ်ခုနှင့် ချိတ်ဆက်ပေးလျက်ရှိသည့် မိုဘိုင်းပိုက်ဆံအိတ်ဖြစ်သည်။ မြန်မာနိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးရေး ရည်မှန်းချက်များနှင့် လိုအပ်ချက်များအား ထောက်ပံ့ကူညီပေးရန်အတွက် အားလုံးအသုံးပြုနိုင်သော ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန်ဆိုသည့် ကမ္ဘောဇဘဏ်၏ ရည်မှန်းချက်နှင့်အညီ ၂၀၁၈ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ ပြီး KBZPay သည် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများကို ဘဏ်ခွဲပြင်ပရှိ အသုံးပြုသူများ၏ လက်ဖဝါးပေါ်တွင် ရယူ အသုံးပြုနိုင်ရန် ဝန်ဆောင်မှုပေးလျက်ရှိနေပြီ ဖြစ်သည်။

သန်းပေါင်းများစွာသော ဝန်ဆောင်မှု အသုံးပြုသူများသည် ယခုအခါ KBZPay ဖြင့် ၎င်းတို့၏ ငွေကြေးများကို စီမံခန့်ခွဲနိုင်ခြင်း၊ ဈေးဝယ်ရာတွင်နှင့် ဝန်ဆောင်မှုရယူရာတွင် ငွေပေးချေခြင်း၊ ငွေလက်ခံနိုင်ခြင်း၊ ချစ်ခင်ရသူများ အတွက် ငွေလွှဲနိုင်ခြင်းနှင့် ယခင်က အချိန်ကုန်လူပင်ပန်းစွာ နေ့စဉ်လုပ်ဆောင်ရသည့် ငွေကြေးဆိုင်ရာ အလုပ်များ အား အလွယ်တကူ ဆောင်ရွက်နိုင်ခြင်းစသည့် ဘဏ်ဝန်ဆောင်မှု အတွေ့အကြုံသစ်တစ်ခုကို ရယူ အသုံးပြုနေကြပြီ ဖြစ်ပါသည်။ KBZPay သည် အကောင်းဆုံးနှင့် အလုံခြုံဆုံး နည်းပညာအား အသုံးပြုထားပြီး ကမ္ဘောဇဘဏ်မှ ဝန်ထမ်း (၁၈,၀၀၀) တို့၏ တက်ကြွစွာ လုပ်ဆောင်မှုဖြင့် မြန်မာနိုင်ငံ၏ ထိပ်တန်း မိုဘိုင်းပိုက်ဆံအိတ်အဖြစ် ရပ်တည် လျက်ရှိပြီး နေ့စဉ် မြန်မာနိုင်ငံ တစ်ဝန်းရှိ အသုံးပြုသူများကို ထောင်ပေါင်းများစွာသော KBZPay အရောင်းဆိုင်ပိုင်ရှင် များနှင့် ကိုယ်စားလှယ်များဖြင့် ချိတ်ဆက်ပေးလျက် ရှိပါသည်။ အသေးစိတ်ပိုမိုသိရှိလိုပါက www.kbzpay.com နှင့် www.facebook.com/KBZPay တွင်ဝင်ရောက် လေ့လာနိုင်ပါသည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top