COVID-19 စည်းမျဉ်းမလိုက်နာလို့ ရုပ်ရှင်အဖွဲ့သားတွေကို အော်ငေါက်ခဲ့တယ်ဆိုတဲ့ တွမ်ခရုစ်

17-12-2020-yyl08.jpg

လန်ဒန်မှာ ရိုက်ကူးနေတဲ့ “Mission:Impossible” ဇာတ်ကားသစ်ရိုက်ကွင်းမှာ ရုပ်ရှင်အဖွဲ့သားတွေကို ကမ္ဘာကျော်မင်းသားကြီး တွမ်ခရုစ် အော်ငေါက်နေတဲ့ အသံဖိုင်တစ်ခုဟာ မကြာသေးခင်က လူမှုကွန်ယက်ပေါ်ပျံ့နှံ့လာခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။ မင်းသား တွမ်ခရုစ်က ရုပ်ရှင်အဖွဲ့သားတွေကို COVID-19 စည်းမျဉ်းတွေမလိုက်နာတဲ့အတွက် အော်ငေါက်ခဲ့တာဖြစ်ပါတယ်။

ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ရင်းနှီးတဲ့အသိုင်းအဝိုင်းကတော့ The Sun သတင်းတိုက်က ရရှိခဲ့တဲ့ အသံဖိုင်က အစစ်ဖြစ်တယ်လို့ ပြောကြားထားပါတယ်။ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့အသံဖိုင်မှာတော့ Social Distancing စည်းမျဉ်းကို ချိုးဖောက်ပြီး လူ (၂) ဦး အချင်းချင်းနီးကပ်ပြီး မတ်တပ်ရပ်နေတာကို မြင်နေတယ်လို့ တွမ်ခရုစ်က ပြောနေတာပါ။ “မင်းတို့ အဲဒီလိုလုပ်နေတာကို ငါတွေ့ရင် မင်းတို့ကို အလုပ်ထုတ်ပစ်မယ်” လို့လည်း ပြောခဲ့ပါတယ်။ အသံဖိုင်က (၃) မိနစ်ခွဲစာရှိပါတယ်။

“ကျွန်တော်တို့က အဓိကပဲ။ အခုဆိုရင် ရုပ်ရှင်ထုတ်လုပ်ရေးက ကျွန်တော်တို့ကို ယုံကြည်တဲ့အတွက် ပြန်ပြီး ရုပ်ရှင်တွေရိုက်ကူးနေကြတာပါ။ ကျွန်တော် ညတိုင်း ရုပ်ရှင်ထုတ်လုပ်ရေးတိုင်း၊ အာမခံကုမ္ပဏီ၊ ပရိုဂျူဆာတွေနဲ့ ဖုန်းပြောရတယ်။ သူတို့က ရုပ်ရှင်တွေရိုက်ကူးသင့်၊မသင့် ကျွန်တော်တို့ကို ကြည့်နေကြတယ်။ သူတို့တွေက အလုပ်ထောင်ပေါင်းများစွာကို ဖန်တီးပေးနေကြတာ။ မင်းတို့က အသုံးမကျတဲ့ကောင်တွေပဲ။ ဒီလိုမျိုး နောက်တစ်ကြိမ် မတွေ့ချင်ဘူး” လို့ တွမ်ခရုစ်က ဆူငေါက်ပြောဆိုခဲ့တာပါ။

အလုပ်နယ်ပယ်အသီးသီးက COVID-19 ရဲ့ဒဏ်ကိုခံခဲ့ရတာပါ။ အခုဆိုရင် ရုပ်ရှင်ထုတ်လုပ်ရိုက်ကူးမှုကို နိုင်ငံတော်တော်များများမှာ ဘေးကင်းရေးစည်းမျဉ်းတင်းကျပ်မှုတွေနဲ့ ခွင့်ပြုထားတာဖြစ်ပါတယ်။ တွမ်ခရုစ်က ရုပ်ရှင်အဖွဲ့သားတွေကို “ကျွန်တော့်ကို တောင်းပန်စရာမလိုဘူး။ ကျွန်တော်တို့ရဲ့အလုပ်တွေ ရပ်နားလိုက်တဲ့အတွက် အဆင်မပြေဖြစ်နေကြရတဲ့လူတွေကို မင်းတို့ သွားပြောပါ။ သူတို့တွေမှာ အစားအစာတွေအတွက် ကျပ်တည်းနေကြရပါတယ်။ ကျွန်တော် မင်းတို့ကို ပြောမယ်။ အခု စည်းမျဉ်းလိုက်နာတာကို ကျွန်တော်လိုချင်တယ်။ မင်းတို့ ဒါကို မလုပ်နိုင်ဘူးဆိုရင် ထွက်သွားနိုင်တယ်။ ကျွန်တော်တို့က ရုပ်ရှင်ရိုက်ကူးရေးကို ရပ်နားအောင်လုပ်နေတာမဟုတ်ဘူး။ နားလည်ကြလား။ နောက်ထပ် ဒီလိုမျိုးမမြင်ချင်ဘူး” လို့လည်း ပြောဆိုခဲ့ပါတယ်။

(၂) မိနစ်အကြာမှာတော့ တွမ်ခရုစ်ရဲ့ဒေါသထွက်တဲ့အသံက နည်းနည်းပြေလျော့သွားတဲ့အသံဖြစ်သွားပါတယ်။ ရုပ်ရှင်အဖွဲ့သားတွေဟာ စည်းမျဉ်းလိုက်နာဖို့အတွက် တာဝန်ရှိပြီး မလိုက်နာဘူးဆိုရင် ရုပ်ရှင်ရိုက်ကူးမှုကို ရပ်နားရနိုင်ပြီး လူတော်တော်များများရဲ့အလုပ်တွေလည်း ဆုံးရှုံးရနိုင်တယ်လို့ တွမ်ခရုစ်က ဆိုပါတယ်။ ဒီအသံဖိုင်ကို ဘယ်နေ့က အသံသွင်းထားတာလဲဆိုတာကိုတော့ မသိရပါဘူး။ “Mission Impossible” ရိုက်ကူးရေးအဖွဲ့ဟာ ဒီဇင်ဘာလအစောပိုင်းကတည်းက လန်ဒန်ကို ရောက်ရှိနေတာပါ။ “Mission Impossible” (၇) ကားမြောက်ရိုက်ကူးရေးကို အီတလီနိုင်ငံမှာ ရိုက်ကူးနေရင်းနဲ့ ဖေဖော်ဝါရီလမှာ ကိုဗစ်ကပ်ရောဂါကြောင့် ရပ်နားခဲ့ရပါတယ်။ စက်တင်ဘာလမှာ ရိုက်ကူးရေးပြန်စခဲ့ပြီး ဒီဇင်ဘာလမှာတော့ လန်ဒန်မြို့မှာ သွားရောက်ရိုက်ကူးနေပါတယ်။ ဒီဇာတ်ကားကို ၂၀၂၁ခုနှစ် နိုဝင်ဘာလမှာ ရုံတင်ပြသဖို့ စီစဉ်ထားပါတယ်။

Ref: CBSNews “Tom Cruise unleashes rant on “Mission: Impossible” crew for not following coronavirus safety protocols”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top