ရှုံးပွဲမရှိသေးတဲ့ မိုဟာမက် ခရာခီ (Mohammad Karaki) ကို ရင်ဆိုင်ဖို့ အောင်လအန်ဆန် ပြင်ဆင်

DSC_7460.JPG

ပြိုင်ပွဲမှတ်တမ်း (၂၃-၁၀) ရရှိထားတဲ့ ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်အတွက် ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲတွေက ပိုလို့ခက်ခဲလာနေပါတယ်။

အသက် ၃၃ နှစ်အရွယ် အောင်လအန်ဆန်ဟာ ပြီးခဲ့တဲ့ ဇွန်လက ကျင်းပပြုလုပ်ခဲ့တဲ့ ONE: SPIRIT OF A WARRIOR ပြိုင်ပွဲကြီးမှာ နောက်ဆုံးယှဉ်ပြိုင်ခဲ့ပြီး ONE Championship သမိုင်းမှာ အထူးခြားဆုံးတွဲတွေထဲက တစ်ခုလည်းဖြစ်တဲ့ အဲဒီပွဲကြီးမှာဂျပန်နိုင်ငံသား ကန် ဟာဆေးဂါဝါ (Ken Hasegawa) ကို အလဲထိုး အနိုင်ယူနိုင်ခဲ့ပါတယ်။

အဆိုပါပွဲမှာ အောင်လအန်ဆန်ဟာ ဟာဆေးဂါဝါကို လေးချီလုံး ထိုးနှက်ချက်များ ပစ်သွင်းနေနိုင်ခဲ့ပြီး ငါးချီမြောက်မှာ အလဲထိုးကွက်နဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်ဟာ ONE ရဲ့ထိပ်တန်းပွဲစဉ် ၁၀၀ စာရင်းမှာ ပထမနေရာအထိ ချက်ချင်း ရောက်ရှိခဲ့ပြီး ဒီလို အဆင့်သတ်မှတ်ချက် ကောင်းမွန်ခြင်းအတွက် အဲဒီပွဲကြီးကို မျက်မြင်ကြည့်ရှုခွင့်ရသူတိုင်းက သဘောတူညီကြမှာလည်း ဖြစ်ပါတယ်။ အောင်လအန်ဆန်အတွက် ချန်ပီယံခါးပတ် စိန်ခေါ်သူကို အလဲထိုးနိုင်ပြီးတိုင်း သူ့ရဲ့ ONE မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်ကို ယှဉ်ပြိုင်ရယူဖို့အတွက် စိန်ခေါ်နိုင်မယ့်အခွင့်အရေးကို ရှာဖွေနေတဲ့သူ ပေါ်ပေါက်လာဖို့အချိန်က ကြာမြင့်လေ့ မရှိတတ်ပါဘူး။

ဒီနေ့ အောက်တိုဘာလ ၂၆ ရက်နေ့ သုဝဏ္ဏအားကစားရုံမှာ ကျင်းပပြုလုပ်သွားမယ့် ONE: PURSUIT OF GREATNESS ပြိုင်ပွဲကြီးမှာ အောင်လအန်ဆန်ဟာ ပြိုင်ပွဲမှတ်တမ်း (၉-၀) နဲ့ ရှုံးပွဲမရှိ စံချိန်တင်ထားတဲ့ ခရာခီကို ရင်ဆိုင်ယှဉ်ပြိုင်ပြီး သူရဲ့ ချန်ပီယံခါးပတ်ကို ကာကွယ်သွားဖို့ ကြိုးဝိုင်းထဲကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဒီတွဲဆိုင်းကို ငါးချီ ယှဉ်ပြိုင်သွားမှာဖြစ်ပေမဲ့ ပြိုင်ပွဲဝင် အားကစားသမား နှစ်ဦးလုံးအနေနဲ့ ငါးချီအထိ ထိုးသတ်သွားဖို့ မျှော်လင့်ထားခြင်း မရှိပါဘူး။

ပြိုင်ပွဲယှဉ်ပြိုင်သွားမယ့် အခြေအနေနဲ့ပတ်သက်ပြီး အောင်လအန်ဆန်က “ပြိုင်ပွဲက သိပ်ကို စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ ပွဲက အကြိတ်အနယ် ယှဉ်ပြိုင်သွားရမှာပါ။ ပွဲသိမ်းကွက်နဲ့ပဲ အနိုင်ယူသွားမှာပါ” လို့ ပြောပြပါတယ်။

အောင်လအန်ဆန်နဲ့ သူ့အဖွဲ့သားတွေဟာ ခရာခီရဲ့ အစွမ်းအစကိုလည်း သိရှိထားရမှာ ဖြစ်ပါတယ်။ အသက် ၂၇ နှစ် ရှိပြီဖြစ်တဲ့ ခရာခီဟာ Desert Force မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဝိတ်တန်းခါးပတ်တွေကို ရယူပိုင်ဆိုင်ထားနိုင်တဲ့ ပြိုင်ပွဲမှတ်တမ်းကောင်းများ ရရှိထားသလို Phoenix မစ်ဒယ်ဝိတ် ချန်ပီယံ ခါးပတ်အတွက်လည်း ယှဉ်ပြိုင်ထိုးသတ်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

လက်ဘနွန်နိုင်ငံသားဖြစ်တဲ့ မိုဟာမက် ခရာခီဟာ သူ့ရဲ့ကစားသမား သက်တမ်းတစ်လျှောက် ယှဉ်ပြိုင်ခဲ့သမျှ ပြိုင်ပွဲ ၉ ပွဲမှာ ၃ ပွဲကို အလဲထိုးကွက် သို့ ဒိုင်ပွဲရပ်တွေနဲ့ အနိုင်ယူထားကာ ပွဲ ၅ ပွဲကို ချုပ်ကွက်သုံးပြီး အနိုင်ရယူထားတာဖြစ်လို့ အလွန်သတိထားရမယ့် ကစားသမား ဖြစ်နေပါတယ်။ ခရာခီအနေနဲ့ ၎င်းယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတွေအနက် ပြိုင်ပွဲတစ်ခုကလွဲပြီး ကျန်ပွဲအားလုံးကို ပထမအချီမှာတင် အနိုင်ယူထားခဲ့တာကို တွေ့ရပါတယ်။ ခရာခီဟာ နောက်ဆုံးပွဲစဉ် အနိုင်ရထားမှုအပြင်၊ သောကြာနေ့ည ပြိုင်ပွဲအတွက် အပြင်းအထန် လေ့ကျင့်ထားတာကြောင့် သူ့အနေနဲ့ မြန်မာနိုင်ငံမှာ ယခု ယှဉ်ပြိုင်မယ့်ပွဲကို အနိုင်ရယူပြီး ချန်ပီယံခါးပတ် သိမ်းပိုက်နိုင်မယ်လို့ အပြည့်အဝယုံကြည်နေတာ ဖြစ်ပါတယ်။

ယခုယှဉ်ပြိုင်သွားမယ့်ပွဲနဲ့ ပတ်သက်ပြီး ခရာခီက “ကျွန်တော့ ကစားသမားမှတ်တမ်းရဲ့ ရှုံးပွဲမရှိ စံချိန်ကို ထိန်းသိမ်း သွားမှာပါ။ ဒီပွဲမှာ အနိုင်ရယူသွားနိုင်ဖို့အတွက် ကျွန်တော် ကြိုးစားနေခဲ့တာဖြစ်ပြီး၊ အာရုံ အပြည့်အဝ စိုက်ထားနိုင်ပါတယ်” လို့ ပြောပါတယ်။ “ဒီပြိုင်ပွဲအတွက် ကျွန်တော်အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ အကောင်းဆုံး ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမားတွေနဲ့ အတူတူ လေ့ကျင့်ထားတာကြောင့် ကျွန်တော် အဆင်သင့်ဖြစ်နေပါပြီ”

ခရာခီဟာ အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ Coconut Creek က American Top Team မှာ ပြင်ဆင် လေ့ကျင့်နေခဲ့တာဖြစ်ပြီး American Top Team ဆိုတာဟာ ကမ္ဘာ့အကျော်ကြားဆုံး ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားရုံတွေထဲက တစ်ခုဖြစ်ပြီး ဝိတ်တန်းအမျိုးစုံ ကမ္ဘာ့ချန်ပီယံတွေကို မွေးထုတ်ပေးနိုင်မှုကြောင့် နာမည်ကြီးပါတယ်။ သောကြာနေ့ပြိုင်ပွဲကြီး နီးကပ်လာတာနဲ့အမျှ ခရာခီဟာ သူ့အမည်ကို ထို အားကစားရုံကြီးရဲ့ အောင်မြင်မှုသမိုင်းကြောင်းမှာ မှတ်တမ်းတင်နိုင်ဖို့ မျှော်လင့်ထားတာပါ။ တိုက်ဆိုင်စွာပဲ အောင်လအန်ဆန်ဟာလည်း ဖလော်ရီဒါက အခြား နာမည်ကြီး အားကစားရုံတစ်ခုဖြစ်တဲ့ (ခရာခီ လေ့ကျင့်သောနေရာနှင့်နီးတဲ့) Hard Knocks 365 မှာ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ကစားသမားနှစ်ဦးလုံးဟာ အကောင်းဆုံးပုံစံနဲ့ ရင်ဆိုင်ယှဉ်ပြိုင်သွားဖို့ မျှော်လင့်ထားတာကြောင့် ဒီပွဲကြီးကို မျှော်လင့် စောင့်စားနေသူတွေအနေနဲ့ ရင်ခုန် စိတ်လှုပ်ရှားနေကြလောက်ပြီလို့လည်း ထင်မိပါတယ်။ ပြိုင်ပွဲကြီးရဲ့ရလဒ်က ဘယ်လိုဖြစ်လာမယ်ဆိုတာကို မသိနိုင်သေးပေမဲ့ သေချာတာကတော့ ကြိုးဝိုင်းထဲ ဝင်ရောက်ပြီးတာနဲ့ နောက်ဆုတ်ဖို့ လမ်းရှိမှာ မဟုတ်ဘဲ ပရိသတ်တွေအတွက် မမေ့နိုင်စရာ ပြိုင်ပွဲကောင်းတစ်ခု ဖြစ်လာမှာကတော့ သေချာနေပါပြီ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top