အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

19-10-2020-yyl-026.jpg

မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ ရက် ၂၀ ပဲ လိုပါတော့တယ်။ ဒီမိုကရေစီနိုင်ငံတွေမှာ ပြည်သူတွေ လိုလားတဲ့ ကိုယ်စားလှယ်တွေကို ရွေးကောက်တင်မြှောက်ဖို့အတွက် ရွေးကောက်ပွဲက အဓိက အရေးပါပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ရင်ဆိုင်နေရချိန်မှာ ရွေးကောက်ပွဲကျင်းပရမယ့်အတွက် အခက်အခဲတွေရှိနေပါတယ်။ ဒါ့အပြင် တချို့ဒေသတွေမှာလည်း နယ်မြေအခြေအနေကြောင့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပနိုင်မယ့် အခြေအနေမရှိဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာပြီး ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေတွေစာရင်းကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဲဒီစာရင်းမှာ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်တွေရဲ့ ကျေးရွာအုပ်စု ရာနဲ့ချီ ပါဝင်လာတာ တွေ့ရပါတယ်။ ရခိုင်ပြည်နယ်ရဲ့ မြို့နယ် ၉ မြို့နယ်မှာ မြို့နယ်တစ်ခုလုံး ရွေးကောက်ပွဲကျင်းပနိုင်မှာ မဟုတ်တဲ့အပြင် ကျောက်ဖြူမြို့နယ်၊ အမ်းမြို့နယ်၊ စစ်တွေမြို့နယ်၊ တောင်ကုတ်မြို့နယ်တွေမှာလည်း ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ ရပ်ကွက်၊ ကျေးရွာအုပ်စုတွေ ရှိနေပါတယ်။ အဲဒီအတွက် ရခိုင်ပြည်နယ်မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၆ သိန်းကျော် ရှိတဲ့အနက် ၁၂ သိန်းကျော်က မဲပေးခွင့် ဆုံးရှုံးခဲ့ပါတယ်။ မဲပေးခွင့်ဆုံးရှုံးသွားတာဟာ လူထုကိုယ်စားပြုခွင့် ဆုံးရှုံးမှုပါပဲ။ အရင်တုန်းက ရခိုင်ပြည်နယ်လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၄၇ ယောက်ရှိရာကနေ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲပြီးရင် လွှတ်တော်ကိုယ်စားလှယ် ၂၀ လောက်ပဲ ရှိတော့မယ်လို့ လက်ရှိရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ နိုင်ငံရေးကိုယ်စားပြုခွင့်ရှိမှ ပြဿနာတွေကို ဖြေရှင်းနိုင်လိမ့်မယ်လို့ နိုင်ငံရေးပညာရှင်တွေက သုံးသပ်ထားကြပါတယ်။ ဒီအတွက် ရခိုင်ပြည်နယ်ရဲ့ မြို့နယ်တစ်ဝက်ကျော်မှာ ရွေးကောက်ပွဲမကျင်းပနိုင်ဘူးဆိုရင် နိုင်ငံရေးကိုယ်စားပြုခွင့် လျော့နည်းသွားပြီး ပြဿနာဖြေရှင်းနိုင်ဖို့လည်း တစ်စထက်တစ်စ ဝေးသွားမယ်လို့ ဆိုကြပါတယ်။ ရခိုင်ပြည်နယ်ရဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲမကျင်းပနိုင်တာဟာ နိုင်ငံရေးဘောင်ကျုံ့ပြီး စစ်ရေးဘောင်ကျယ်လာမယ့် အရိပ်အယောင်ရှိလို့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအလွန်မှာ ရခိုင်ပြည်နယ်ရဲ့ လက်နက်ကိုင်ပဋိပက္ခ အရှိန်မြင့်တက်လာနိုင်တယ်လို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တချို့က သုံးသပ်ထားပါတယ်။

ဒါပေမဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့ ကြေညာထားတဲ့ နယ်မြေတွေမှာ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှု မရှိသလောက်နည်းပါးတဲ့ ဒေသတွေ ပါဝင်နေလို့ ရခိုင်နဲ့ ချင်း နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေက ဝေဖန်နေကြပါတယ်။ အဲဒီအတွက် အဲဒီမြို့နယ်တွေမှာ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ အကြောင်းရင်းတွေကို ပြည်သူအားလုံး သိရအောင် ရွေးကောက်ပွဲကော်မရှင်က ရှင်းလင်းချက် တိတိကျကျ ထုတ်ပြန်ပေးဖို့ နိုင်ငံရေးပါတီခေါင်းဆောင်တွေက တောင်းဆိုထားပါတယ်။ ချင်းပြည်နယ် ပလက်ဝမြို့နယ်လို တိုက်ပွဲဖြစ်ပွားနေတဲ့နေရာမှာ ရွေးကောက်ပွဲကျင်းပပြီး ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့လို နေရာမှာ ရွေးကောက်ပွဲကျင်းပဖို့ မဖြစ်နိုင်ဘူးဆိုတဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အပေါ် စောဒကတက်မှုတွေ ရှိနေပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကတော့ ” အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့” ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုစီစဉ်ဆောင်ရွက်ရာမှာ သဘောထား ကွဲလွဲစရာဖြစ်ရပ်တွေကို တိကျခိုင်လုံတဲ့ ဖြေရှင်းချက်တွေနဲ့ တုံ့ပြန်ဖြေရှင်းမှပဲ အများယုံကြည်လက်ခံနိုင်စွမ်း မြင့်တက်လာမယ်လို့ ဆိုပါရစေ။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top