Google Assistant ကို ပိုအသုံးတွင်ကျယ်စေမယ့် Action Block App

yyl-3-9-002.jpg

Android OS သုံးသူတွေအတွက် သုံးစွဲရပိုအဆင်ပြေလွယ်ကူ‌‌လာ‌အောင် app အမျိုးမျိုးဖန်တီးပြီး ထောက်ပံ့ပေး‌နေတဲ့ Google က အခုတစ်ခါမှာလည်း Google Assistant ကို ပိုအသုံးတည့်လာစေမယ့် လုပ်ဆောင်ချက် အသစ်တစ်မျိုးကို ထပ်ဖန်တီးပေးလိုက်ပြန်ပါပြီ။
Google က စိတ်ပိုင်းနဲ့ရုပ်ပိုင်း မသန်စွမ်းသူတွေအတွက် အဓိကရည်ရွယ်ပြီး ဖန်တီးပေးလိုက်တာပါ။ Action Block လို့အမည်ပေးထားတဲ့ ဒီလုပ်ဆောင်ချက် အသစ်ထဲမှာတော့ Google Assistant ကို အသံနဲ့အမိန့်ပေး စေခိုင်းမှုလုပ်ဖို့ ညွှန်ကြားချက်‌တွေကို အသင့်သုံးနိုင်အောင် စာသားနဲ့ကြိုတင် ရေးမှတ်ပြီး ဖုန်းရဲ့ Home Screen ပေါ်မှာကြိုပြင်ထားလို့ ရမှာဖြစ်ပါတယ်။

စိတ်ပိုင်းနဲ့ရုပ်ပိုင်းတစ်ခုခု ချွတ်ယွင်းချက်ရှိနေသူတွေအဖို့ Android app တွေမှာ အဆင့်ဆင့်လုပ်ဆောင်မှရနိုင်တဲ့ ဖုန်းခေါ်ဆိုတာ၊ တည်နေရာမျှ‌ဝေပေးတာနဲ့ သီချင်းဖွင့်နားထောင်တာမျိုး အလုပ်တွေကို လွယ်လင့်တကူ ဆောင်ရွက်လာနိုင်‌စေမှာပါ။

Action Block App ဟာ Google ကဆောင်ရွက်နေတဲ့ DIVA Project (မသန်စွမ်းသူတွေရဲ့ ကိုယ်တိုင်လုပ်ကိုင်နိုင်စွမ်း တိုးတက်လာစေရေးစီမံချက်) ရဲ့ဆင့်ပွားဖန်တီးမှုတစ်ခုဖြစ်ပြီး 2019 I/O မှာ Google ကပြန်ကြေညာမိတ်ဆက်ခဲ့တာပါ။

လက်နဲ့တို့ထိပြီးမှဖွင့်လို့ရနိုင်တဲ့ အသံအမိန့်ပေးစနစ်မျိုးကိုသုံးဖို့ အခက်အခဲရှိသူတွေအတွက် Smart Speaker လိုပစ္စည်းတွေကို အဆင်‌ပြေ‌ပြေနဲ့ အလွယ်တကူ သုံးလို့ရလာအောင်ဖန်တီး‌ပေးဖို့လည်း DIVA Project ကစီစဥ်ဖန်တီး‌ပေးနေပါတယ်။
Google ရဲ့ အခုဆန်းသစ်တီထွင်မှုက မသန်စွမ်းသူတွေကိုကူညီနိုင်ဖို့ အဓိကရည်ရွယ်ထားတာဖြစ်ပေမဲ့လည်း Android OS သုံးသူတိုင်းအတွက်တောင် အထောက်အကူဖြစ်လာစေမှာပါ။

iOS မှာ Siri ကို ဖုန်းရဲ့ Home Screen အမြန်ဖွင့်နိုင်အောင် Shortcut နဲ့ အသင့်ထားသလိုမျိုး Action Block App ကလည်း Android Home Screen မှာ Google Assistant ကို အသံနဲ့စေခိုင်းလိုသမျှကို Shortcut နဲ့ ပြင်ထားစေနိုင်မှာဖြစ်ပါတယ်။
လောလောဆယ်မှာ ဒီလုပ်ဆောင်ချက်ဟာ စမ်းသပ်ဆဲအဆင့်မှာပဲရှိနေသေးပြီး သုံးစွဲသူတွေအတွက် ဘယ်အချိန်မှာ ဘယ်တော့ထုတ်ပေးမယ်ဆိုတာတော့ သတင်းအတိအကျ သိမထားရသေးပါဘူး။

Ref: The Verge “Android’s new Action Blocks make Google Assistant more accessible”
Lynn Thu (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top