ယူကရိန်းကနေ တစ်ကိုယ်တည်း ထွက်ပြေးလာတဲ့ ၁၁ နှစ်သား ဆလိုဗက်ကီးယားကို ဘေးကင်းလုံခြုံစွာ ရောက်ရှိ

9-3-2022-yyl02.jpg

ယူကရိန်းနိုင်ငံအရှေ့ပိုင်းကနေ မိုင် ၇၅၀ အကွာအဝေးကို တစ်ကိုယ်တည်း ခရီးနှင်ခဲ့တဲ့ ၁၁ နှစ်သားလေးဟာ ဆလိုဗက်ကီးယားနိုင်ငံကို ဘေးကင်းလုံခြုံစွာ ရောက်ရှိခဲ့ပါတယ်။ အဘွားဖြစ်သူက ကိုယ့်ဘာသာကိုယ် မလှုပ်ရှားနိုင်လို့ သူ့အမေက ယူကရိန်းမှာ ချန်နေရစ်ခဲ့တာကြောင့် ဟက်ဆန်တစ်ယောက်တည်း ခရီးနှင်ခဲ့ရတာပါ။ သူဟာ ကျောပိုးအိတ်တစ်လုံးကို လွယ်၊ ပလတ်စတစ်အိတ်တစ်လုံးထဲ လိုအပ်တာလေးတွေထည့်၊ နိုင်ငံကူးလက်မှတ်ရယ်၊ ဆလိုဗက်ကီးယားက ဆွေမျိုးတွေရဲ့ ဖုန်းနံပါတ်ရယ် ယူပြီး မိုင် ၇၅၀ ခရီးနှင်ခဲ့တာပါ။

သူ့အမေက ရထားပေါ်တင်ပေးခဲ့ပြီး ဆလိုဗက်ကီးယားနယ်စပ်ကို ရောက်ရှိချိန်မှာ အကောက်ခွန်ဌာနအရာရှိတွေက ဟက်ဆန်ကို ကူညီပေးခဲ့ကြပါတယ်။ ဟက်ဆန်က တကယ့်သူရဲကောင်းအစစ်ဖြစ်ပြီး အပြုံးတစ်ချက်နဲ့အားလုံးကို ဖမ်းစားနိုင်သူဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။ နယ်ခြားစောင့်အရာရှိတွေက ဆလိုဗက်ကီးယားနိုင်ငံမြို့တော် ဘရာတီဆလာဗာမှာရှိတဲ့ သူ့အမျိုးတွေကို ဆက်သွယ်နေချိန်မှာ ပရဟိတသမားတွေက ဟက်ဆန်ကို အစားအသောက်တွေ ကျွေးမွေးခဲ့ကြပါတယ်။

ရုရှားရဲ့ကျူးကျော်စစ် ရင်ဆိုင်နေရချိန်မှာ ၁၁ နှစ်အရွယ် သားငယ်ကို ဘာကြောင့် တစ်ယောက်တည်း ခရီးဝေးနှင်ခဲ့ရသလဲဆိုတာကို ဟက်ဆန်ရဲ့အမေက အခုလို ရှင်းပြခဲ့ပါတယ်။ ” ကျွန်မတို့မြို့ဘေးက စွမ်းအင်စက်ရုံကို ရုရှားတွေက ဗုံးကြဲနေတယ်။ အမေကလည်း ကိုယ့်ဘာသာကိုယ် မလှုပ်ရှားနိုင်တော့ဘူး။ ဒီတော့ အမေ့ကို ကျွန်မ ထားခဲ့လို့မရဘူး။ အဲဒါကြောင့် သားလေးကို ဆလိုဗက်ကီးယားနိုင်ငံ ပို့လိုက်တာပါ” လို့ မုဆိုးမဖြစ်သူ ဂျူလီယာက ပြောပါတယ်။ ဆလိုဗက်ကီးယားရဲတပ်ဖွဲ့က တင်ထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ ဂျူလီယာက သူ့သားအပေါ် ကူညီပေးခဲ့သူအားလုံးကိုလည်း ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

ဂျူလီယာတို့ နေထိုင်တဲ့ ဇာပိုရစ်ဇီယာမြို့က နျူကလီးယားစွမ်းအင်စက်ရုံဟာ ဥရောပမှာ အကြီးဆုံးဖြစ်ပြီး ရုရှားနိုင်ငံရဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ခဲ့ပါသေးတယ်။ ရုရှားရဲ့ကျူးကျော်စစ်ကြောင့် ယူကရိန်းနိုင်ငံကို စွန့်ခွာထွက်ပြေးရသူ ၂ သန်းကျော်ရှိတဲ့အနက် ဟက်ဆန်လည်း တစ်ဦးအပါအဝင် ဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံကနေ ထွက်ပြေးလာသူ အများစုကတော့ ပိုလန်နိုင်ငံထံ ဝင်ရောက်ခိုလှုံကြပြီး ဆလိုဗက်ကီးယားကို ဝင်ရောက်ခိုလှုံသူ ၁၄၀,၀၀၀ ကျော် ရှိတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

Ref: BBC “Ukraine war: Boy of 11 flees to safety in Slovakia by himself”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top