ONE Championship ၏ ခြေကန်ချက်အကောင်းဆုံးကစားသမား (၅) ဦး

20190412-mma_1.jpg

အာရှတစ်လွှား အကြီးကျယ်ဆုံးကိုယ်ခံပညာအားကစားပြိုင်ပွဲများကိုကျင်းပပေးနေသည့် ONE Championship တွင် ကိုယ်ခံပညာသိုင်းပေါင်းစုံ၊ မွေထိုင်းနှင့် Kickboxing တွဲဆိုင်းများကို မြိုင်မြိုင်ဆိုင်ဆိုင် ထည့်သွင်းကျင်းပ ပေးလျက်ရှိသည်။ အဆိုပါ အားကစားနည်းများတွင် တူညီသည့်အချက်တစ်ချက်မှာ ခြေကန်ချက်များကို အသုံးပြုနိုင်ခြင်းဖြစ်ပြီး ပြင်းထန်တိကျသည့်ခြေကန်ချက်တစ်ချက်က ပွဲ၏ အနိုင်အရှုံးကို အဆုံးအဖြတ် ပေးသွားနိုင်သည်။ ထိုသို့ အကောင်းဆုံးခြေကန်ချက်များကို ပွဲအတွင်းပြသနိုင်ခဲ့သည့် ONE Championship ကစားသမားအချို့အကြောင်း စုစည်းတင်ပြလိုက်ပါသည်။

၁။ Joshua Pacio

စတောဝိတ်တန်း ချန်ပီယံ Joshua “The Passion” Pacio ကို ခြေကန်ချက်အကောင်းဆုံးကစားသမားဟုဆိုလျှင် အငြင်းပွားကြမည့်သူများရှိနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် Pacio ကို မြေပြင်အချုပ်အသိမ်း အပိုင်နိုင်ဆုံး ကစားသမားတစ်ဦးဟု အများစုက ယူဆထားကြသောကြောင့်ဖြစ်သည်။ Pacio သည် ပြိုင်ဘက်များကို လက်သီးစွမ်းရည်ဖြင့် အနိုင်ယူခဲ့သည့်ပွဲများရှိခဲ့ဖူးသည်။ Rabin Catalan ကို အနိုင်ယူခဲ့သည့် ပွဲနှင့် Roy Doliguez ကို အနိုင်ယူခဲ့သည့် ပွဲများတွင် ၎င်း၏ လက်သီးစွမ်းရည်ကို တွေ့မြင်ခဲ့ရသည်။

သို့သော် Pacio ၏ ခြေထောက်နှင့် ဒူးများသည်လည်း လက်နက်ကောင်းများဖြစ်ကြောင်းကို Yosuke Saruta နှင့် ပွဲတွင် ပြသနိုင် ခဲ့သည်။ ပြီးခဲ့သည့် ဧပြီလအတွင်းက ယှဉ်ပြိုင်ခဲ့သည့် ONE: ROOTS OF HONOR ပြိုင်ပွဲတွင် Pacio သည် လက်ရှိချန်ပီယံ Saruta ကို လှပသည့်အမြင့်ကန်ချက်ဖြင့် စတုတ္တအချီတွင်ပွဲသိမ်းနိုင်ခဲ့သည်။ Pacio ၏ ကန်ချက်သည် Saruta ၏ ဦးခေါင်းကို ထိထိမိမိထိမှန်ကာ အလဲထိုးအနိုင်ရခဲ့ခြင်းလည်းဖြစ်သည်။ အမှန်တကယ်အားဖြင့် ယင်းချန်ပီယံခါးပတ်၏ မူလပိုင်ရှင်မှာလည်း Pacio ဖြစ်ပြီး ပြီးခဲ့သည့်ဇန်နဝါရီက ကျင်းပခဲ့သော ONE: ETERNAL GLORY တွင် Saruta က လုယူခဲ့ခြင်း ဖြစ်သည်။

၂။ Thanh Le

ONE Championship တွင် မျက်နှာသစ်ကစားသမားဖြစ်သည့် Thanh Le သည် ONE အတွက် တစ်ပွဲသာ ယှဉ်ပြိုင်ခဲ့သေးသူ ဖြစ်သည်။ သို့သော် အဆိုပါ ပွဲတွင် Thanh Le ၏ ကစားပုံကို လေ့လာကြည့်လျှင် အဘယ်ကြောင့် အကောင်းဆုံးခြေကန်ချက်ပိုင်ရှင်များစာရင်းတွင်ထည့်သွင်းခံရသည်ကို သဘောပေါက်ကြမည် ဖြစ်သည်။ ၎င်း၏ ပထမဆုံး ONE Championship ပွဲတွင်ပင် Le သည် ပြိုင်ဘက် Yusup Saadulaev ကို ပြင်းထန်သည့် ညာခြေကန်ချက်ဖြင့် ပွဲသိမ်းခဲ့ခြင်းဖြစ်သည်။ ပွဲ၏ ဒုတိယအချီတွင် ပြိုင်ဘက်ဦးခေါင်းဆီသို့ Le ကန်လိုက်သည့် အမြင့်ကန်ချက်က ၎င်းကိုမူးဝေသွားစေပြီး ပွဲသိမ်းဒူးချက်ကို မရှောင်နိုင်ခဲ့ခြင်းဖြစ်သည်။

Le သည် ONE Championship သို့ မရောက်မီကလည်း ၎င်း၏အကောင်းဆုံးခြေကန်ချက်များကို အခြား ပြိုင်ပွဲများတွင် ပြသနိုင်ခဲ့သည်။ အမေရိကန်သား Lazar Stojadinovic နှင့် ပွဲဆိုလျှင် အားပါပြီးတိကျသည့် ကန်ချက်များက ပြိုင်ဘက်ကိုအလဲထိုးခဲ့သည့်လက်နက်များဖြစ်ခဲ့သည်။ ရှေ့လာမည့်ပွဲများတွင် Le ၏ အံ့မခန်း ခြေကန်ချက်များကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။

၃။ Petchdam Petchyindee Academy

ONE Championship ၏ အကောင်းဆုံး ခြေကန်ချက်ပိုင်ရှင်များစာရင်းကိုပြုစုမည်ဆိုလျှင် ထိပ်တန်းမွေထိုင်းနှင့် Kickboxing ကစားသမားတစ်ဦးဖြစ်သည့် Petchdam Petchyindee Academy ကို ချန်လှပ်ထား၍ ရမည်မဟုတ်ပေ။ အသက် (၂၁) နှစ်သာရှိသေးသော်လည်း ONE Championship ၏ ဖလိုင်းဝိတ်တန်းတွင် ၎င်းကို အနိုင်ယူနိုင်သူမရှိတော့သည့်အတွက် ကမ္ဘာ့ချန်ပီယံရွှေခါးပတ်ကို ပြိုင်ဘက်ကင်းပိုင်ဆိုင်ထားသူ Petchdam သည် ၎င်း၏ မွေထိုင်းခြေကန်ချက်များကြောင့် ကျော်ကြားသူဖြစ်သည်။

၂ဝ၁၉ အောက်တိုဘာက Petchdam သည် ပြိုင်ဘက် Kenny Tse ၏ ဦးခေါင်းကို အမြင့်ကန်ချက်ဖြင့် ထိထိမိမိ တိုက်ခိုက်ကာ အလဲထိုးအနိုင်ယူခဲ့သည်။ ထိုင်းကစားသမား၏ လှလှပပ ပွဲသိမ်းခြေကန်ချက်က ပရိသတ်များကို မမေ့နိုင်သည့်အတွေ့အကြုံများကိုပေးခဲ့သည်။ သို့သော် Petchdam သည် ယင်းတစ်ပွဲတည်းသာ ကံကောင်း၍ လုပ်ပြနိုင်ခဲ့ခြင်းမျိုးမဟုတ်ဘဲ Josh Tonna နှင့် ယှဉ်ပြိုင်စဉ်ကလည်း ၎င်း၏ အမှတ်အသားသဖွယ်ဖြစ်နေသည့် ခြေကန်ချက်အစွမ်းဖြင့် အနိုင်ယူခဲ့ခြင်းဖြစ်သည်။

၄။ Kevin Belingon

ONE Championship ၏ ဘန်တန်ဝိတ်တန်း ချန်ပီယံဟောင်း Kevin Belingon ကိုလည်း ခြေကန်ချက် အကောင်းဆုံးကစားသမားစာရင်းတွင် မဖြစ်မနေ ထည့်သွင်းရမည် ဖြစ်သည်။ ၎င်း၏ တစ်ပတ်လည် နောက်ပြန်ကန်ချက်သည် ONE Championship တွင် ကစားနေသည့် မည်သည် ကိုယ်ခံပညာသိုင်းပေါင်းစုံ ကစားသမားထက်မဆို သာလွန်သည်ဟုပင် ဆိုကြသည်။ ၎င်း၏ ခြေကန်ချက်များမှာ ပြင်းထန်တိကျပြီး ပြိုင်ဘက်ကို အချိန်တိုအတွင်းလဲပြိုဆင်းသွားစေရန် အစွမ်းထက်သည်။

အဆိုပါ ခြေကန်ချက်များထဲမှ အကောင်းဆုံးတစ်ခုမှာ Andrew Leone နှင့် ရင်ဆိုင်ခဲ့ရသော ONE: HEROES OF HONOR ပြိုင်ပွဲ ဖြစ်သည်။ ယင်းပွဲတွင် Belingon ၏ အမှတ်အသား ဖြစ်သော နောက်ပြန်ကန်ချက်က Leone ကို ချက်ကောင်းထိကာ ဒိုင်ပွဲရပ်ဖြင့်အနိုင်ယူခဲ့သည်။ အဆိုပါပွဲ အနိုင်ရလိုက်သဖြင့် Beligon သည် ချန်ပီယံကို စိန်ခေါ်ရန်ထိုက်တန်သူတစ်ဦးဖြစ်ကြောင်း သက်သေပြသနိုင်ခဲ့သည်။

၅။ Alain Ngalani

နောက်ထပ် ခြေကန်ချက်အကောင်းဆုံးကစားသမားမှာ ONE Championship ဟဲဗီးဝိတ်တန်းမှ Kickboxer ကစားသမားဟောင်းကြီး Alain Ngalani ဖြစ်သည်။ ၎င်း၏ ပုံစံမှာ ကိုယ်ခံပညာကစားသမားနှင့်မတူဘဲ ကာယဗလမောင်တစ်ဦးနှင့် တူနေသော်လည်း ၎င်း၏ ကျွမ်းကျင်မှုနှင့် လျင်မြန်မှုက ထိပ်တန်းအဆင့်ရှိနေသည်။ အသက်အရွယ်အရ ပွဲချိန်ကြာကြာကစားရန်အခက်အခဲရှိသဖြင့် ပွဲစကတည်းက ပြင်းထန်သည့်ထိုးချက်၊ ကန်ချက်များဖြင့် မြန်မြန်ဆန်ဆန်ပွဲသိမ်းနိုင်ရန် ကြိုးစားလေ့ရှိသည်။

Alain ၏ အကောင်းဆုံးခြေကန်ချက်ကိုမြင်တွေ့ခဲ့ရသည့်ပွဲမှာ ၂ဝ၁၇ စက်တင်ဘာကကျင်းပခဲ့သော ONE: Champions and Warriors ပြိုင်ပွဲဖြစ်သည်။ ယင်းပွဲတွင် Ngalani သည် Mahmoud Hassan နှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်ပြီး ၎င်း၏ တစ်ပတ်လည်ကန်ချက်များက Hassan ကို အခက်တွေ့စေခဲ့သည်။ နောက်ဆုံးတွင် Hassas ၏ ဦးခေါင်းကို အမြင့်ကန်ချက်တစ်ချက် မိမိရရထိသွားပြီးနောက် Ngalani က ဟန်ချက်ပျက်သွားသည့် Hassan နောက်သို့လိုက်ကာ ပွဲသိမ်းလက်သီးချက်များ ဆက်တိုက်ထိုးနှက်ခဲ့သည်။ ၎င်း၏ တရစပ် တိုက်ခိုက်မှုကြောင့် Hassan လည်း ကြမ်းပြင်ပေါ် လဲကျသွားပြီး အလဲထိုးရလဒ်ဖြင့် ရှုံးနိမ့်သွားခဲ့သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top