ONE Championship နှင့် စာချုပ်ချုပ်ဆိုလိုက်တဲ့ Yoshihiro Akiyama

yyl-036.jpg

ဂျပန်ကိုရီးယားကပြားလူမျိုး ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမား Yoshihiro Akiyama သည် အာရှတွင် ဩဇာကြီးမားသော ကိုယ်ခံပညာသိုင်းပေါင်းစုံ အဖွဲ့အစည်း ONE Championship သို့ နောက်ဆုံးဝင်ရောက်လာသူ ဖြစ်သည်။ အသက် ၄၃ နှစ်အရွယ် Akiyama သည်

ဝယ်သာဝိတ်တန်းချန်ပီယံခါးပတ်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းကို ONE Championship ၏ ဥက္ကဋ္ဌနှင့် CEO ဖြစ်သူ Chatri Sityodtong က ပြီးခဲ့သော ကြာသပတေးနေ့က ကြေညာခဲ့သည်။

“ပွဲစဉ်မှတ်တမ်း (၁၅-၆)ရရှိထားတဲ့ နာမည်ကော်္ JMMA ကစားသမား ဂျပန်ကိုရီးယားကပြား Yoshihiro “Sexyama” Akiyama (Choo Sung-Hoon လို့လည်း သိထားကြ) က ONE Championship ဝယ်သာဝိတ်တန်းပြိုင်ပွဲတွေအတွက် တရားဝင်စာချုပ်ချုပ်ဆိုလိုက်တဲ့အကြောင်းကို ဝမ်းမြောက်ဝမ်းသာ ကြေညာလိုက်ပါတယ်” ဟု Sityodtong က Facebook တွင် ကြေညာထားပါသည်။

ယခုအခါ Akiyama သည် ONE ဝယ်သာဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်ပိုင်ဆိုင်ထားသော Zebastian Kadestam၊ Luis “Sapo” Santos နှင့် အခြားထင်ရှားသော ကစားသမားများကဲ့သို့ ကမ္ဘာ့အဆင့်အားကစားသမားများစာရင်းဝင် ဖြစ်လာသည်ကို သဘောပေါက်ထားသည်။

“သူက တော်တော် စိတ်ဝင်စားစရာကောင်းတဲ့သူဗျ။ ကမ္ဘာ့အဆင့် ဂျူဒိုခါးပတ်နက်ကို ပိုင်ဆိုင်ထားတယ်။ လှပသေသပ်ပြီး ပြင်းထန်တဲ့ကစားကွက်တွေနဲ့ တိုက်ခိုက်တတ်သူဖြစ်တယ်။ အာရှတစ်လွှားမှာရှိတဲ့ ပရိတ်သတ်တွေကို သည်းထိတ်ရင်ဖို ဖြစ်စေလိမ့်မယ်လို့ ကျွန်တော် အာမခံပါတယ်” ဟု Sityodtong က ထပ်လောင်းပြောကြားခဲ့သည်။

ဘဝတစ်လျှောက်လုံး ကိုယ်ခံပညာကစားသမားအဖြစ်သာ ရှင်သန်ခဲ့သော Akiyama သည် ငယ်စဉ်ကတည်းက ဂျူဒိုကို လေ့ကျင့်ခဲ့သူဖြစ်ပြီး အရွယ်ရောက်လာသောအခါ ၎င်းသည် ထူးချွန်သော ကစားသမားဖြစ်လာခဲ့ကာ ၂၀၀၁ ခုနှစ် Mongolia နိုင်ငံ၊ Ulaanbaatar မြို့တွင် ကျင်းပပြုလုပ်ခဲ့သော အာရှဂျူဒိုချန်ပီယံရှစ်ပြိုင်ပွဲတွင်လည်းကောင်း၊ ၂၀၀၂ ခုနှစ် တောင်ကိုရီယားနိုင်ငံ၊ ဘူဆန်မြို့၌ ကျင်းပခဲ့သော Asian Games ပြိုင်ပွဲတွင်လည်းကောင်း ရွှေတံဆိပ်ဆုများကိုဆွတ်ခူးနိုင်ခဲ့ကာ ဂျူဒိုလောကတွင် ချီးမွမ်းဂုဏ်ပြုထိုက်သူတစ်ဦးဖြစ်လာခဲ့သည်။

Asian Games ပြိုင်ပွဲတွင် အနိုင်ရပြီးနောက် နှစ်နှစ်ခန့်ကြာသောအခါ Akiyama သည် ကိုယ်ခံပညာသိုင်းပေါင်းစုံလောကတွင် ၎င်း၏ အရည်အချင်းများကို ပြသခဲ့သည်။ ထိုပြိုင်ပွဲများတွင် Akiyama သည် အထင်ကြီးဖွယ် ပြိုင်ပွဲမှတ်တမ်း (၁၅-၆) ကို ရရှိခဲ့ကာ အနိုင်ရရှိသော ပွဲစဉ်များ၏တစ်ဝက်လောက်အား ချုပ်ကွက်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

Akiyama သည် ၎င်း၏ အားကစားသမားဘဝတလျှောက်လုံး ကမ္ဘာတစ်ဝှမ်းရှိ ပြိုင်ပွဲကြီးများဖြစ်သော K-1၊ Dream၊ Hero’s နှင့် မကြာသေးခင်က မြောက်အမေရိကတွင် ကျင်းပခဲ့သောပြိုင်ပွဲများတွင် ယှဉ်ပြိုင်ခဲ့သည်။ ၎င်းသည် Kazushi Sakuraba၊ Michael Bisping၊ Vitor Belfort တို့ကဲ့သို့ သူ့ထက်ငါထူးချွန်ကြသော ကမ္ဘာ့အဆင့်ကစားသမားများနှင့်လည်း ရင်ဆိုင်ခဲ့ရဖူးသည်။ Akiyama သည် ၎င်း၏ပွဲဦးထွက်ပြိုင်ပွဲကို ၂၀၁၉ တွင် ယှဉ်ပြိုင်မည်ဟု မျှော်လင့်ထားပြီး တောင်ကိုရီးယားနိုင်ငံ Seoul မြို့၌ ကျင်းပမည့် ONE Championship ၏ ONE: HOME OF HEROES ပြိုင်ပွဲကြီးတွင်လည်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

“ကိုရီးယားနိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကြီး Choo Sung-Hoon ဟာ၂၀၁၉ ခုနှစ်အစောပိုင်းမှာ ပွဲဦးထွက်ပြိုင်ပွဲကို ယှဉ်ပြိုင်သွားမှာဖြစ်ပြီး၊ ကိုရီးယားနိုင်ငံ Seoul မြို့၌ကျင်းပမည့် ONE: Home of Heroes ပြိုင်ပွဲကြီးမှာလည်း ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်” ဟုလည်း Sityodtong မျှဝေသွားသည်။

ONE Championship သည် လိုက်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ်များပိုင်ရှင် Eddie “The Underground King” Alvarez၊ လူကြိုက်များကျော်ကြားသော Demetrious “Mighty Mouse” Johnson တို့နှင့် အောင်မြင်စွာ စာချုပ်ချုပ်ဆိုပြီး နှစ်လအကြာတွင် Akiyama နှင့် ထပ်မံစာချုပ်ချုပ်ဆိုလိုက်ခြင်းဖြစ်ခြင်းဖြစ်သည်။ Akiyama ကဲ့သို့ပင် Alvarez နှင့် Johnson တို့သည်လည်း ၂၀၁၉ ခုနှစ်တွင် ၎င်းတို့၏ ပွဲဦးထွက်ပြိုင်ပွဲများကို ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

“ONE Championship ပြိုင်ပွဲမှာ ကျွန်တော့်ရဲ့ နောက်ဆုံးစိန်ခေါ်မှုတွေကို စတင်ဖို့ အချိန်ကျပြီ” ဟု Akiyama ကလည်း ၎င်း၏ Instagram တွင် ရေးသားထားခဲ့ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top