စိတ်ဖိစီးတဲ့အခါ လုပ်ကြည့်သင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်း (၃) မျိုး

19-1-2021-yyl-39.jpg

တိုးတက်လာတဲ့ ယနေ့ခေတ်မှာ စိတ်ဖိစီးမှုဆိုတာကြီးကို ရှောင်လွှဲလို့ရမှာမဟုတ်ပါဘူး။ လူတန်းစားမရွေး အသက်အရွယ်မရွေး ကိုယ်ပိုင်စီးပွားရေးလုပ်တဲ့သူတွေရော၊ အစိုးရအလုပ်၊ ကုမ္ပဏီအလုပ်လုပ်နေတဲ့သူတွေပါ စိတ်ဖိစီးမှုကို အကြောင်းအမျိုးမျိုးနဲ့ တွေ့ကြုံခံစားရမှာပါ။ ဒါပေမဲ့ စိတ်ဖိစီးတာမကောင်းပါဘူး။ သင့်ရဲ့ကျန်းမာရေးကို များစွာထိခိုက်စေနိုင်ပါတယ်။ ကိုယ်အလေးချိန်တက်တာ၊ ဆံပင်ကျွတ်တာ၊ သွေးဖိအားများတာတွေက စိတ်ဖိစီးလွန်းတာရဲ့အဖြစ်များတဲ့လက္ခဏာရပ်တချို့ဖြစ်ပါတယ်။

လူတစ်ဦးချင်းစီတိုင်းအတွက် ကျန်းမာစွာနဲ့ အသက်ရှည်ရှည်နေနိုင်ဖို့ဆိုရင် စိတ်ဖိစီးမှုကို လျော့ချနိုင်ဖို့ အရေးကြီးပါတယ်။ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်တာကလည်း စိတ်ဖိစီးမှုကို တွန်းလှန်နိုင်ဖို့နဲ့ စိတ်ကို တည်ငြိမ်အောင်လုပ်နိုင်ဖို့အကောင်းဆုံးနည်းလမ်းအနေနဲ့ ယူဆလို့ရပါတယ်။ ကိုယ်အလေးချိန်ကို ထန်းပေးတဲ့အပြင် နှလုံးကျန်းမာရေးကိုလည်း တိုးတက်ကောင်းမွန်အောင် ကူညီပေးနိုင်စွမ်းရှိပါတယ်။ တချို့လေ့ကျင့်ခန်းတွေက စိတ်ကိုတည်ငြိမ်အောင်လုပ်ပြီး စိတ်ဖိစီးမှုကို လျော့ချတဲ့အခါ အခြားလေ့ကျင့်ခန်းတွေထက် ပိုပြီးအကျိုးကျေးဇူးများတယ်ဆိုတာကို သက်သေပြခဲ့ပြီးပါပြီ။ စိတ်ဖိစီးတဲ့အခါ လုပ်ကြည့်သင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းတွေကတော့

(၁) အကြောလျော့လေ့ကျင့်ခန်း

လူအများစုက အကြောလျော့လေ့ကျင့်ခန်းကို Gym တွေမှာ Workout မလုပ်ခင်နဲ့ လုပ်ပြီးတဲ့အခါတွေမှာ လုပ်ရတာလို့ သိထားကြပါတယ်။ တကယ်တော့ အကြောလျော့လေ့ကျင့်ခန်းက အဲဒါထက်ပိုစွမ်းဆောင်နိုင်ပါတယ်။ အကြောလျော့လေ့ကျင့်ခန်းက ခန္ဓာကိုယ်ကြွက်သားတောင့်တင်းတာတွေကို ဖြေလျော့ပေးဖို့အတွက် ကူညီပေးနိုင်ပါတယ်။ ကွန်ပျူတာရှေ့မှာ အချိန်အကြာကြီးထိုင်တာကြောင့်၊ ဖုန်းအသုံးများတာကြောင့်ဖြစ်တတ်တဲ့ ထုံကျဉ်တာတွေကိုလည်း လျော့ချပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ကြွက်သားတွေ နာကျင်တောင့်တင်းမှုကနေ ပြေလျော့သွားတဲ့အခါမှာ စိတ်ကိုတည်ငြိမ်စေပြီး စိတ်ဖိစီးမှုကို လျော့ချပေးရာရောက်ပါတယ်။

(၂) ယောဂ

ယောဂကိုလည်း စိတ်ဖိစီးမှုကို လျော့ချဖို့အတွက် ကူညီပေးနိုင်တဲ့ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းတစ်ခုအဖြစ် သိထားကြပါတယ်။ ယောဂလေ့ကျင့်ခန်းကိုလုပ်ပေးမယ်ဆိုရင် သင့်စိတ်ကို တည်ငြိမ်စေပြီး စိတ်ပိုင်းဆိုင်ရာအေးချမ်းတည်ငြိမ်နိုင်စွမ်းရှိပါတယ်။ ကျန်းမာရေးအကျိုးကျေးဇူးများစွာအတွက် ယောဂကို ကျင့်ဖြစ်ကြပါတယ်။ ယောဂက စိတ်ကို မြှင့်တင်ပေးနိုင်စွမ်းလည်းရှိပါတယ်။ အိမ်မှာပဲ ယောဂကျင့်ပေးလို့ရပါတယ်။ ပထမတော့ လွယ်ကူတဲ့လေ့ကျင့်ခန်းတွေနဲ့ စတင်ပြီး နောက်မှာ ခက်တဲ့လေ့ကျင့်ခန်းကို ကြိုးစားကြည့်သင့်ပါတယ်။

(၃) အပြေးလေ့ကျင့်ခန်း

ပြေးတာကလည်း စိတ်ဖိစီးမှုကို လျော့ချပေးနိုင်တဲ့ အထိရောက်ဆုံးလေ့ကျင့်ခန်းတွေထဲမှာ ပါဝင်ပါတယ်။ စိတ်ဖိစီးတဲ့အခါမှာ ခဏလောက် ပြေးပေးတာက သင့်ဦးနှောက်အတွင်းက ဓာတ်တွေကို ပြောလျော့စေခြင်းဖြင့် စိတ်ကို တည်ငြိမ်စေနိုင်တယ်လို့ လေ့လာချက်က ဆိုထားပါတယ်။ ဒါကြောင့် စိတ်မကြည်သလို၊ စိတ်ဖိစီးသလို ခံစားရပြီဆိုရင် အပြေးလေ့ကျင့်ခန်းလုပ်ကြည့်ပါ။ စိတ်ခံစားချက်ပြောင်းလဲသွားတာကို တွေ့ရမှာဖြစ်ပါတယ်။

Ref: 3 types of exercises that you should try when feeling stressed
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top