အာရှနိုင်ငံတွေမှာ တစ်ခဲနက်အားပေးနေကြတဲ့ ရုံတင်နေဆဲ ထိုင်းရုပ်ရှင်ကား The Con-Heartist

19-1-2021-yyl-35.jpg

အာရှနိုင်ငံတချို့မှာ ရုံတင်ပြသနေတဲ့ “The Con-Heartist” ဆိုတဲ့ ထိုင်းဇာတ်ကားဟာ အာရှပရိသတ်တွေရဲ့တစ်ခဲနက်အားပေးမှုကို ရရှိနေပါတယ်။ ဒီဇာတ်ကားသစ်ကို ထိုင်းနိုင်ငံမှာ အရင်ဆုံး ရုံတင်ပြသခဲ့ပြီး ရုပ်ရှင်ရုံပြန်ဖွင့်နေတဲ့ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်း၊ စင်ကာပူ၊ ထိုင်ဝမ်၊ တရုတ် အပါအဝင် အာရှနိုင်ငံတွေမှာလည်း ရုံတင်ပြသဦးမှာဖြစ်ပါတယ်။ အခုတော့ ဗီယက်နမ်နဲ့ကမ္ဘောဒီးယားတို့မှာ ရုံတင်ပြသနေပါတယ်။

ဗီယက်နမ်မှာ ဒီဇာတ်ကားကို ဇန်နဝါရီ ၁၅ ရက်နေ့မှာ တရားဝင်ပြသခဲ့တာပါ။ ရုံတင်ပြသပြီးခဲ့တဲ့ အာရှနိုင်ငံတွေက ပရိသတ်တွေဆီကနေ ကောင်းတဲ့တုံ့ပြန်ချက်တွေရခဲ့တဲ့အပြင် အခုလည်း ဗီယက်နမ်ပရိသတ်တွေဆီကနေ ကောင်းတဲ့တုံ့ပြန်ချက်တွေနဲ့ အားပေးမှုရရှိနေပါတယ်။ ဒီဇာတ်ကားကို ဇန်နဝါရီလ ၁၂ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ အကြိုပြသစဉ်မှာ ဗီယက်နမ်ရဲ့ Box Office မှာ ဒေါ်လာ ၅၃၁၂၁ (ဘတ်ငွေ ၁.၆ သန်း) ဝင်ခဲ့တယ်လို့သိရပါတယ်။

ဒီဇင်ဘာ ၃ ရက်နေ့ ထိုင်းနိုင်ငံမှာ ဒီဇာတ်ကားရုံတင်တင်ချင်း Box Office မှာ ဒေါ်လာ ၁၂၂,၄၂၇ (ဘတ်ငွေ ၃.၆၈ သန်း) ဝင်ခဲ့တာပါ။ (၁၂) ရက်တာ ပြသပြီးတဲ့နောက်မှာတော့ ဒေါ်လာ (၂) သန်းကျော် (ဘတ်ငွေ ၇၂ သန်း) ထိ ရောက်ရှိခဲ့ပါတယ်။ ဒီဇာတ်ကားက ၂၀၂၀ခုနှစ်ရဲ့ရုံတင်တင်ချင်းဝင်ငွေအမြင့်ဆုံးဇာတ်ကားစာရင်းမှာ နံပါတ် (၂) နေရာချိတ်ခဲ့ပါတယ်။ နံပါတ် (၁) နေရာမှာတော့ Pee Nak 2 ဇာတ်ကားဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ ဒီဇာတ်ကားကို ဇန်နဝါရီ ၁၃ ရက်နေ့က ရုံတင်ခဲ့ပါတယ်။ စင်ကာပူနိုင်ငံမှာတော့ ဇန်နဝါရီ ၂၁ ရက်နေ့၊ ထိုင်ဝမ်မှာ ဇန်နဝါရီ ၂၉ ရက်နေ့တွေမှာ ရုံတင်ပြတော့မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံကတော့ ကိုဗစ်ကပ်ရောဂါကြောင့် ရုပ်ရှင်ရုံပြန်မဖွင့်သေးတဲ့အတွက် ဒီဇာတ်ကား ရုံတင်ပြသမယ့် အာရှနိုင်ငံစာရင်းမှာ မပါဝင်ခဲ့တာဖြစ်ပါတယ်။ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ နာမည်ကြီးမင်းသား၊ မင်းသားတွေရဲ့သရုပ်ဆောင်မှုတွေနဲ့ ဇာတ်လမ်းဇာတ်ကွက်ကြောင့် ကြည့်ရှုသူတွေရဲ့အားပေးနှစ်ခြိုက်မှုကို ရရှိခဲ့တာပါ။

The Con-Heartist ဇာတ်ကားဟာ ရိုမန့်ဟာသဇာတ်လမ်းအမျိုးအစားဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ထိပ်တန်းမင်းသားဖြစ်တဲ့ Nadech Kugimiya၊ (Friend Zone, Crazy Little Thing Called Love) စတဲ့ဇာတ်ကားတွေနဲ့ လူသိများတဲ့ နာမည်ကြီးမင်းသမီး Baifern Pimchanok နဲ့ My Ambulance (အရေးပေါ်အချစ်) ဇာတ်လမ်းတွဲမှာ ဗီလိန်အနေနဲ့ သရုပ်ဆောင်ခဲ့တဲ့ မင်းသား Bank Thiti တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ရည်းစားဟောင်းကထားခဲ့လို့ အကြွေးတွေနဲ့ကျန်နေခဲ့တဲ့ Ina ဆိုတဲ့ကောင်မလေး၊ ဉာဏ်နီဉာဏ်နက်များတဲ့လူလိမ်တစ်ယောက်ကလည်း သူ့ကို ကလိမ်ကျပြန်တယ်။ အဲဒီလူလိမ်ကို ဖမ်းဖို့ကြိုးစားတယ်။ ဖမ်းမိတော့ ရဲလက်ထဲအပ်မဲ့အစား သူ့ရည်စားဟောင်းကို ကလဲစားချေဖို့အတွက် ဒီလူလိမ်ကို ငှားရမ်းလိုက်တဲ့အခါမှာ ဘယ်လိုတွေဖြစ်လာမလဲဆိုတာကို ရိုမန့်ဟာသဆန်ဆန်လေး ကြည့်ရမယ့် ဇာတ်လမ်းမျိုးပါ။ Netflix မှာ ကြည့်ချင်တဲ့သူတွေကတော့ ဖေဖော်ဝါရီလကျမှ ဒီဇာတ်ကားကို ကြည့်ခွင့်ရမယ်လို့ သိရပါတယ်။

Ref: “The Con-Heartist” got great feedback from the audience in Asia
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top