လွန်ခဲ့တဲ့ နှစ်ပေါင်း ၂,၂၀၀ ခန့် ရှေးဟောင်းဂရိခေတ်မှာ “ကွန်ပြူတာ” တစ်လုံး ရှိခဲ့ဖူးပါတယ်။ “အန္တီကီသာရာ စက်ယန္တရား” (Antikythera Mechanism)ကို ၁၉၀၁ ခုနှစ်က ဂရိနိုင်ငံ အန္တီကီသာရာ ကျွန်းအနီးမှ ရိုမန်ခေတ်သင်္ဘောပျက်ကြီးထဲကနေ ရှာဖွေတွေ့ရှိခဲ့တာပါ။
ဒီစက်ထဲမှာ ကြေးဝါနဲ့လုပ်ထားတဲ့ စက်သွား အစိတ်အပိုင်းပေါင်း ၃၀ ကျော် ပါဝင်ပါတယ်။ လက်ကိုင်ကို လှည့်လိုက်ရုံနဲ့ အလိုအလျောက် တွက်ချက်ပေးနိုင်လို့ “ကမ္ဘာ့ပထမဆုံး မက္ကင်းနစ်ကယ် (Analog) ကွန်ပြူတာ” လို့ သတ်မှတ်ခဲ့ကြတာပါ။
နေ၊ လ နဲ့ ဂြိုဟ်တွေရဲ့ သွားလာရာ လမ်းကြောင်းတွေကို တိကျစွာ ပြသပေးနိုင်ပြီး ဘယ်နေ့၊ ဘယ်အချိန်မှာ နေကြတ်မလဲ၊ လကြတ်မလဲဆိုတာကို ကြိုတင်ခန့်မှန်းပေးနိုင်ပါတယ်။ လေးနှစ်တစ်ကြိမ် ကျင်းပတဲ့ အိုလံပစ်အားကစားပွဲတော်ရက်တွေကို တွက်ချက်ရာမှာလည်း ဒီစက်ကို အသုံးပြုခဲ့ဖွယ် ရှိပါတယ်။

သိပ္ပံပညာရှင်တွေရဲ့ နောက်ဆုံးတွေ့ရှိချက်ခေတ်မီ X-ray နည်းပညာတွေနဲ့ စစ်ဆေးကြည့်တဲ့အခါ ဒီစက်ဟာ ဂရိလူမျိုးတွေ သုံးတဲ့ “လပြက္ခဒိန် (၃၅၄ ရက်)” ကို ပိုပြီး တိကျအောင် ပြုလုပ်ထားတာကို တွေ့ရပါတယ်။ ဒါ့အပြင် အခုခေတ် ဒီဂျစ်တယ်စနစ်နဲ့ ပုံတူပြန်လုပ်ကြည့်တဲ့အခါ စက်သွားပုံစံကြောင့် ၄ လလောက်ကြာရင် စက်သွားတွေ ထစ်နေတတ်တာကြောင့် ပြန်ချိန်ပေးရနိုင်တယ်လို့ ဆိုပါတယ်။
ဒီလို ရှုပ်ထွေးလွန်းတဲ့ စက်မှုနည်းပညာမျိုးကို လူသားတွေ နောက်ထပ်ပြန်လုပ်နိုင်ဖို့ နှစ်ပေါင်း ၁,၅၀၀ ကျော် (ဥရောပမှာ စက်နာရီတွေ ပေါ်လာတဲ့အထိ) စောင့်ခဲ့ရပါတယ်။ ဒီစက်ကို တွေ့ရှိခဲ့တာဟာ ရှေးဟောင်းဂရိလူမျိုးတွေရဲ့ နည်းပညာက သူတို့ခေတ်ထက် နှစ်ပေါင်းထောင်ချီ စောပြီး အဆမတန် တိုးတက်နေပြီဆိုတာ သက်သေပြချက်တစ်ခုလည်း ဖြစ်ပါတယ်။
Ref: Antikythera mechanism
NZ (ရိုးရာလေး)

