အိမ်နီးချင်းကို ကူညီပေးရင်း တစ်နှစ်ဝင်ငွေ ဒေါ်လာ ၃ သန်းနီးပါးရှိတဲ့ ကုမ္ပဏီကို ထူထောင်နိုင်ခဲ့သူ

22.6.2023-yyl-7.jpg

ဂျေမီအင်လိုးက ဗာဂျီးနီးယားတက္ကသိုလ်မှာ ကျောင်းသားစီမံကိန်းဒါရိုက်တာအဖြစ် အလုပ်လုပ်တယ်။ ၂၀၁၉ ခုနှစ် ဇွန်လမှာ စကော့ဗီးလ်မြို့ကို သူတို့ပြောင်းတော့ အိမ်နီးနားချင်းတစ်ယောက်နဲ့ ခင်သွားတယ်။ အဲဒီအိမ်နီးချင်းက သူ့ခြံကို လိုက်ပြတယ်။ ခြံထဲမှာ စပါးကျီပုံစံ အဆောက်အအုံတစ်လုံးရှိပြီး သိုးအကောင် ၁၅၀ မွေးထားတယ်။ စပါးကျီပုံစံ အဆောက်အအုံအပေါ်ထပ်မှာ ဖုန်တက်နေတဲ့ အခန်းလွတ်ရှိတယ်။

ဒီအတိုင်း ထားထားမယ့်အတူတူ ငှားစားပါလားလို့ ဂျေမီက ပြောတော့ အိမ်နီးချင်းက သူတော့ မလုပ်တတ်ဘူး၊ ဂျေမီ ကူညီပေးရင် အကျိုးအမြတ် တစ်ဝက်စီ ခွဲယူမယ်လို့ ဆိုတယ်။ ဒါဟာ တစ်နှစ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃ သန်းနီးပါးရတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပေါ်လာစေတဲ့ အကြောင်းရင်းပါပဲ။ ဂျေမီက ပြင်ဆင်မွမ်းမံစရိတ် ဒေါ်လာ ၂၀၀၀ တောင်းတယ်။ Facebook Marketplace က ပစ္စည်းတွေ ဝယ်၊ ပြင်ဆင်မွမ်းမံပြီး Airbnb မှာ အငှားစာရင်း တင်တယ်။

ဂျေမီက စီးပွားရေးဗျူဟာ တစ်ခုဆွဲတယ်၊ Be Still Getaways ဆိုတဲ့ ကုမ္ပဏီနာမည် ရွေးတယ်၊ ကျောင်းသားဟောင်းတစ်ယောက်ကို ကုမ္ပဏီအတွက် လိုဂိုဒီဇိုင်း ဆွဲခိုင်းတယ်။ အင်စတာဂရမ်နဲ့ ဝက်ဘ်ဆိုက်ထောင်တယ်။ search engine optimization (SEO) နဲ့ ဖောက်သည်သစ်တွေကို ဆွဲဆောင်နိုင်တယ်ဆိုတာ သူ သတိထားမိတယ်။

အင်စတာဂရမ်ပေါ် သူ တင်တဲ့ပို့စ်တွေကို influencer ဂျူလီယာရန်ဒဲလ် သဘောကျနှစ်သက်တာကို သတိထားမိပြီး သူ့ကို ကြော်ငြာခိုင်းတယ်။ ရန်ဒဲလ်ကို အခမဲ့ တည်းခိုခွင့်ပေးပြီး Airbnb ပေါ် အငှားစာရင်းတင်ထားတဲ့ အဆောက်အအုံကို ကြော်ငြာခိုင်းခဲ့တာပါ။ Airbnb ပေါ် အငှားစာရင်းတင်ပြီး ၂ လအကြာမှာတော့ အဲဒီအဆောက်အအုံက လူငှားမပြတ်အောင် ဖြစ်လာတယ်။

ဒီတော့ ဂျေမီက အရှိန်ရနေတဲ့ စီးပွားရေးကို တိုးချဲ့ဖို့ အိမ်နီးချင်းဆီက ငွေရင်း ဒေါ်လာ ၁၁၀၀၀၀ တောင်းပြီး နောက်ထပ်ခြံတစ်ခြံဝယ်တယ်။ ပြင်ဆင်မွမ်းမံပြီး Airbnb ပေါ် အငှားထပ်တင်တယ်။ ဂျေမီရဲ့ ကျောင်းနေဘက် သူငယ်ချင်းတစ်ယောက်ကလည်း သူ့ခြံကို အငှားတင်ပေးဖို့ ဂျေမီကို လာအပ်တယ်။

ဂျေမီဟာ Be Still Getaways ကုမ္ပဏီကို မစတင်ခင် တက္ကသိုလ်အလုပ်၊ စီးပွားရေးအကြံပေးအလုပ်တွေကနေ တစ်လ ဒေါ်လာ ၅၀၀၀၀ ရပြီး တစ်ပတ်ကို နာရီ ၃၀ အလုပ်လုပ်ရပါတယ်။ Be Still Getaways ကုမ္ပဏီကို စတင်တော့ လေ့လာဆန်းစစ်မှုတွေလုပ်ဖို့ပဲ တစ်ပတ် နာရီ ၂၀ အချိန်ယူပြီး တစ်ပတ်ကို နာရီ ၇၀ အထိ အလုပ်လုပ်ခဲ့ရတယ်။

၂၀၂၁ ခုနှစ်မှာ Be Still Getaways ကုမ္ပဏီက အငှားစာရင်းတင်မယ့် အဆောက်အအုံ ၂၀ အထိ ရှိလာခဲ့ပြီး လုပ်ငန်းလည်ပတ်ရေး မန်နေဂျာနဲ့ တခြားဝန်ထမ်းတွေကိုပါ ခေါ်ယူနိုင်ခဲ့တယ်။ စာရွက်ပေါ်မှာ အောင်မြင်နေပေမဲ့ အဲဒီနှစ်မှာ ကုမ္ပဏီစီအီးအို ဂျေမီကတော့ ဒေါ်လာ ၁၀၀၀၀ ပဲ လစာရခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်မှာတော့ Be Still Getaways ကုမ္ပဏီဟာ Airbnb နဲ့ တခြားအငှားပလက်ဖောင်းတစ်ခုဖြစ်တဲ့ Eviivo ထံကနေ ဝင်ငွေ အမေရိကန်ဒေါ်လာ ၂.၈၈ သန်း ရရှိခဲ့ပြီး ဂျေမီလည်း တစ်နှစ်လုပ်ခ ဒေါ်လာ ၇၂၀၀၀ အထိ ရရှိခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ Be Still Getaways ကုမ္ပဏီရဲ့ အငှားစာရင်းတင်ထားတဲ့ အဆောက်အအုံ ၁၁၉ လုံးအထိ ရှိနေပြီး အချိန်ပြည့်ဝန်ထမ်း ၈ ဦး၊ အချိန်ပိုင်းဝန်ထမ်း ၆၀ အထိ ခန့်အပ်နိုင်ခဲ့ပြီး ဂျေမီတို့ လင်မယားနှစ်ယောက်ရဲ့ တစ်နှစ်လုပ်ခကလည်း ဒေါ်လာ ၁၅၀၀၀၀ အထိ ရရှိလာခဲ့ပါပြီ။

Ref: 32-year-old spent $2,000 setting up an Airbnb in her neighbor’s barn—now her rentals bring in $2.88 million a year

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top