ကောင်းကင်ထဲ ပူဖောင်းလွှတ်တင်တာတွေကို ရပ်တန့်သင့်နေပါပြီ

yyl-006-10.jpg

ပူဖောင်းတွေကို ကောင်းကင်ပေါ်လွှင့်တင်တာက တစ်ခုခုကို ဂုဏ်ပြုတဲ့နည်းလမ်းတစ်ခုပါ။ ဒါပေမဲ့ ဒီလိုလွှင့်တင်တာကို ရပ်တန့်ပစ်ဖို့ အချိန်ရောက်နေပါပြီ။ Balloons Blow လို့ခေါ်တဲ့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတစ်ခုက လေထဲ ပူဖောင်းလွှတ်တာကို ရပ်တန့်ဖို့ လူတိုင်းကို တိုက်တွန်းနေပါတယ်။ လေထဲ လွှတ်လိုက်တဲ့ ပူဖောင်းတွေက မြေပြင်ပေါ်နဲ့ ပင်လယ်ထဲကို ပြန်ရောက်ရှိလာမှာဖြစ်တဲ့အတွက်ကြောင့်မို့ပါ။ ကမ္ဘာကြီးကို ညစ်ညမ်းတာတွေဖြစ်လာနိုင်သလို တောရိုင်းတိရစ္ဆာန်တွေနဲ့ ပင်လယ်နေသတ္တဝါတွေကိုလည်း အန္တရာယ်ဖြစ်စေနိုင်တာကြောင့်ဖြစ်ပါတယ်။

မိုးပျံပူဖောင်းလွှတ်တင်တာတွေကို ဘာလို့ ရပ်တန့်သင့်လဲဆိုရင်

(၁) ပင်လယ်နေသတ္တဝါတွေအတွက် ပူဖောင်းတွေက အကြီးမားဆုံးအန္တရာယ်တွေထဲက တစ်ခုပါပဲ

University of Tasmania ရဲ့လေ့လာစမ်းသပ်ချက်အရ ပူဖောင်းတွေက ပင်လယ်ငှက်တွေအပါအဝင် ပင်လယ်နေသတ္တဝါတွေကို ပျက်စီးစေနိုင်တဲ့ နံပါတ်တစ်ပါပဲ။ သုတေသနပညာရှင်တွေက မျိုးကွဲ ပင်လယ်ငှက် (၁၇၃၃) သေဆုံးရခြင်းအကြောင်းအရင်းကို ရှာဖွေခဲ့ကြပြီး ပင်လယ်ထဲက အမှိုက်သရိုက်တွေကို မျိုချခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။ ထပ်ပြီးတော့ Wageningen University and Research Centre ရဲ့သုတေသနပြုချက်မှာလည်း တောရိုင်းတိရစ္ဆာန်တွေအတွက် အရမ်းအန္တရာယ်များတဲ့အကြောင်းအရင်း (၅) ချက်ကို ဖော်ပြထားပါတယ်။

– ပူဖောင်းတွေက အကွာအဝေးတော်တော်များများမှာ လှည့်လည်နေပါတယ်

– တိရစ္ဆာန်တွေက ပူဖောင်းရဲ့ဖဲကြိုးမှာ ညှိတွယ်သွားနိုင်သလို ပူဖောင်းအမှိုက်ကို စားပစ်နိုင်ပါတယ်

– ပူဖောင်းတွေက လွယ်လွယ်နဲ့ ဆွေးမြေ့မသွားနိုင်ပါဘူး

– ပူဖောင်းတွေက တိရစ္ဆာန်တွေရဲ့အသက်ရှင်နေနိုင်မှုနှုန်းကို ထိခိုက်စေပါတယ်။

– ပူဖောင်းတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ လေ့လာသင့်ပါတယ်။

ပူဖောင်းတွေက လေထဲရောက်သွားတဲ့အခါ မြေကြီးနဲ့ ပင်လယ်ထဲကို ပြန်ရောက်လာပြီး မကြာခဏဆိုသလို အစားအစာအဖြစ် အမှတ်မှားခံရပါတယ်။ ငှက်တွေတင်မဟုတ်ပါဘူး။ ပင်လယ်လိပ်တွေ၊ ဝေလငါးတွေ၊ လင်းပိုင်တွေနဲ့ ငါးတွေရဲ့ အစာအိမ်ထဲမှာ ပူဖောင်းတွေကို တွေ့ရှိခဲ့ရပါတယ်။ ဒီအကြောင်းအရင်းကြောင့်ပဲ ပူဖောင်းတွေကို လေထဲလွှင့်တင်နေတာကို ရပ်တန့်သင့်နေပါပြီ။

(၂) ရာဘာစေးပူဖောင်းနဲ့ ပေါ်လီအက်စတာကော်စေးပူဖောင်းတွေက ဆွေးမြေ့မပျက်စီးနိုင်ပါဘူး

လူသုံးများတဲ့ပူဖောင်းအမျိုးအစား (၂) ခုက ရာဘာစေးပူဖောင်းနဲ့ ပေါ်လီအက်စတာကော်စေးပူဖောင်းတွေပါပဲ။ ရာဘာစေးပူဖောင်းတွေက ပျက်စီးနိုင်ပါတယ်။ ဒါပေမဲ့ ဆွေးမြေ့ပျက်စီးသွားဖို့အတွက် (၆) လကနေ (၄) နှစ်အထိ အချိန်ယူရပါတယ်။ ဒီအချိန်ပမာဏက တိရစ္ဆာန်တွေကို ထိခိုက်စေဖို့ လုံလောက်တဲ့အချိန်ပါပဲ။ ပေါ်လီအက်စတာကော်စေးပူဖောင်းကလည်း သေချာပေါက် မလွှတ်တင်သင့်တဲ့ပူဖောင်းဖြစ်ပါတယ်။ ဒီပူဖောင်းအမျိုးအစားက မပျက်စီးနိုင်ဘဲ ပတ်ဝန်းကျင်အတွက်လည်း သဟဇတမဖြစ်တဲ့အရာပါပဲ။

ပူဖောင်းတွေကို အခမ်းအနားကျင်းပပြီးလို့ လွှင့်တင်ကြသလို မွေးနေ့ပွဲ၊ ပါတီပွဲတွေမှာ အလှဆင်တဲ့အခါမျိုးတွေမှာ အသုံးပြုလေ့ရှိကြပါတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်နဲ့ တိရစ္ဆာန်တွေကို ထိခိုက်စေနိုင်တယ်ဆိုတာကိုတော့ သတိပြုမိထားသင့်ပါတယ်။ ကျွန်တော်တို့တွေက လေထဲကို ပူဖောင်းတွေ ဘယ်တော့မှ မလွှင့်တင်သင့်ပေမဲ့ ပူဖောင်းနဲ့ပတ်သက်ပြီး ပတ်ဝန်းကျင်ကို အန္တရာယ်မဖြစ်အောင် ရွေးချယ်လို့ရတာတွေရှိပါတယ်။ ပေါ်လီအက်စတာကော်စေးပူဖောင်းတွေက မပျက်စီးနိုင်ပေမဲ့ ပြန်လည်အသုံးပြုလို့ရပါတယ်။ လေထဲမလွှင့်တင်ဘဲ ပူဖောင်းမှုတ်တာ၊ အလှဆင်တာ၊ ဘီးသုံးပြီး စွန်လွှတ်တာတွေပြုလုပ်လို့ရပါတယ်။

Ref: Why We Need to Finally Stop Releasing Balloons Into the Sky

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top