အရွယ်မတိုင်ခင် ဆံပင်ဖြူရခြင်းအကြောင်းအရင်း

10-11-2020-yyl-001.jpg

အရွယ်မတိုင်သေးဘဲ ဆံပင်ဖြူတဲ့သူတွေရှိတယ်မလား။ ဘာလို့ပါလိမ့်လို့လည်း ဇဝေဇဝါဖြစ်နေကြရတယ်မလား။ အရွယ်မတိုင်ခင် ဆံပင်ဖြူတာကို လူငယ်တော်တော်များများကြုံတွေ့ရပါတယ်။ အသက်မကြီးသေးဘဲ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဆံပင်ဖြူနေရင် အတော်လေးတော့ စိတ်ကသိကအောက်ဖြစ်ရတဲ့ကိစ္စပါပဲ။ အရွယ်မတိုင်ခင် ဆံပင်ဖြူရတာက အကြောင်းအရင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အရွယ်မတိုင်ခင် ဆံပင်ဖြူရခြင်းအကြောင်းအရင်းကို ဒီဆောင်းပါးလေးကနေ တင်ဆက်ပေးလိုက်ရပါတယ်။

ဗီတာမင် B12 ချို့တဲ့မှုကြောင့်ဖြစ်နိုင်ပါတယ်

ဗီတာမင် B12 ချို့တဲ့တာက အရွယ်မတိုင်ခင်ဆံပင်ဖြူခြင်းကိုဖြစ်စေနိုင်တဲ့ အဖြစ်များဆုံးအကြောင်းအရင်းပါပဲ။ ဆံပင်ပါးတာ၊ ဆံပင်ကျွတ်တာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒီလိုတွေမဖြစ်ဖို့အတွက် ဗီတာမင် B12 ဓာတ်ပါဝင်တဲ့ ကြက်ဥ၊ အမဲသား၊ တူနာ၊ ဆယ်လ်မွန်ငါးတို့လို အစားအစာတွေကို တစ်နေ့တာအစားအစာမှာ ပါဝင်သင့်ပါတယ်။ ဗီတာမင် B12 ပါဝင်တဲ့အားဖြည့်ဆေးကိုလည်း သောက်သုံးပေးလို့ရပါတယ်။

နာတာရှည်သိုင်းရွိုက်အကျိတ်ကြောင့်ဖြစ်နိုင်တယ်

သင့်မှာ နာတာရှည်သိုင်းရွိုက်အကျိတ်ပြဿနာရှိနေရင် သင့်ဆံသားမွေးညင်းပေါက်မှာ သက်ရောက်မှုရှိတယ်လို့ လေ့လာချက်က ဆိုထားပါတယ်။ သင်က အရွယ်မတိုင်ခင် ဆံပင်ဖြူနေရင် သိုင်းရွိုက်အကျိတ်ပြဿနာကြောင့်ဖြစ်နိုင်ပါတယ်။

အာဟာရမပြည့်ဝတဲ့အစားအစာတွေကို ပိုပြီးစားသုံးတဲ့အတွက်

ကျန်းမာရေးနဲ့ညီညွှတ်တဲ့စားသောက်မှုပုံစံကို မလိုက်နာတာကလည်း အရွယ်မတိုင်ခင် ဆံပင်တွေကို ဖြူလာစေနိုင်ပါတယ်။ ဖာရစ်တင်၊ ကယ်စီယမ်၊ ဗီတာမင် D3၊ ကော်ပါး၊ ဇင့်၊ သံဓာတ်တွေက ဆံသားကိုကျန်းမာအောင် ထိန်းပေးတယ်လို့ လေ့လာချက်က ဆိုထားပါတယ်။ အဲဒီဓာတ်တွေ ချို့တဲ့ရင် အရွယ်မတိုင်ခင် ဆံပင်ဖြူလာနိုင်တယ်လို့ သိရပါတယ်။

ခဏခဏစိုးရိမ်ပူပန်မှုများတာ၊ စိတ်ဖိစီးတာတွေကြောင့်ဖြစ်လာနိုင်တယ်

အရွယ်မတိုင်ခင် ဆံပင်ဖြူတာက စိတ်ဖိစီးတာနဲ့ ဆက်စပ်မှုရှိတယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုထားပါတယ်။ စိတ်ဖိစီးမှုများတာက သင့်ဆံသားအတွက် တာဝန်ရှိတဲ့ ပင်မဆဲလ်တွေမှာ သက်ရောက်မှုရှိပြီး အရွယ်မတိုင်ခင် ဆံပင်ဖြူလာနိုင်တယ်လို့ သိရပါတယ်။

မျိုးရိုးလိုက်တာကြောင့်ဖြစ်နိုင်တယ်

အရွယ်မတိုင်ခင် ဆံပင်ဖြူတဲ့သူတွေက မိဘတွေနဲ့ အဘိုးအဘွားဆွေဆီက မျိုးရိုးလိုက်နိုင်ပါတယ်။ မျိုးရိုးဗီဇက ဆံပင် ဘယ်အချိန်ဖြူမလဲဆိုတာ ဆုံးဖြတ်တဲ့နေရာမှာ ကြီးမားတဲ့အခန်းကဏ္ဍမှာပါဝင်တယ်လို့ ဆိုပါတယ်။ သင့်မိသားစုမျိုးရိုးမှာ စောစောစီးစီး ဆံပင်ဖြူတဲ့သူရှိတယ်ဆိုရင် သင်လည်း အရွယ်မတိုင်ခင် ဆံပင်ဖြူတာကို ကြုံတွေ့ရနိုင်ပါတယ်။

ဓာတုဆေးနဲ့ဆိုဆေးတွေပါဝင်တဲ့ဆံသားထုတ်ကုန်တွေကို အသုံးပြုတဲ့အတွက်

ခေါင်းလျှော်ရည်ကစပြီး ဆံပင်ဆိုးဆေးတွေအထိ ဆံပင်ထိန်းသိမ်းခြင်းထုတ်ကုန်အများစုက ဆံပင်ဖြူသွားနိုင်ပါတယ်။ အဲဒီထုတ်ကုန်တွေမှာ ပါဝင်တဲ့ ဓာတုဆေးတွေက မယ်လနင်ဓာတ်လျော့ချပြီး သင့်ရဲ့ဆံပင်တွေကို အရောင်ပြောင်းသွားစေနိုင်ပါတယ်။

ဆံပင်ဖြူတာကို ဘယ်လိုကာကွယ်မလဲ

ဆံပင်ဖြူသွားတဲ့အခါ နဂိုဆံပင်အရောင်အတိုင်းဖြစ်လာဖို့ မဖြစ်နိုင်ပေမဲ့ ဆံပင်ဖြူမသွားအောင် ကာကွယ်ပေးလို့ရတဲ့ နည်းလမ်းတွေတော့ရှိပါတယ်။

  • နေလောင်ဒဏ်ကနေ သင့်ဆံပင်ကို ကာကွယ်ပါ။ သင် အပြင်ထွက်တဲ့အခါတိုင်း ခေါင်းကို ထီး (သို့) ဦးထုပ်တို့နဲ့ကာကွယ်ပါ။
  • ဆံသားကို ဓာတုဆေးသုံးတာ ရှောင်ကျဉ်ပါ။
  • ဆံသားကို အုန်းဆီနဲ့ ပုံမှန် နှိပ်နယ်လိမ်းပေးပါ။
  • ဂေါ် ဖီထုပ်၊ ကိုက်လန်၊ အယ်လ်မွန်၊ မုန်လာဥနီဖျော်ရည်၊ ပန်းဂေါ်ဖီစိမ်းတို့ကို စားသုံးပေးပါ။

Ref: Why Your Hair Might Be Turning Gray at a Young Age

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top