မြင်းဇောင်းအောက်ကနေ တရားမဝင် စီးကရက်စက်ရုံ တွေ့ရှိပြီး အလုပ်သမားတွေကို ကယ်တင်

yyl-033-7.jpg

စပိန်နိုင်ငံမှာ မြင်းဇောင်းတစ်ခုအောက်ကနေ တရားမဝင် စီးကရက်စက်ရုံကို ရှာဖွေတွေ့ရှိခဲ့ပြီး အသက်ရှူကျပ်နေတဲ့ ပြည်ပအလုပ်သမား ၆ ယောက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။ တရားမဝင် စီးကရက်စက်ရုံကို တည်ထောင်ထားဖွယ်ရှိတဲ့ ဗြိတိန်နိုင်ငံသား ၁၂ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။ စပိန်နိုင်ငံတောင်ပိုင်း မာလာဂါပြည်နယ်ရဲ့ မြင်းဇောင်းအောက်ဘက် မြေအောက်ခန်းထဲမှာ တည်ဆောက်ထားတဲ့ စီးကရက်စက်ရုံဟာ တစ်နာရီကို စီးကရက်အတု အလိပ် ၃၅၀၀ အထိ ထုတ်လုပ်နိုင်ပါတယ်။ ဥရောပမှာ ဆေးလိပ်အတုထုတ်တဲ့ မြေအောက်စက်ရုံတစ်လုံး တွေ့ရတာ ပထမဆုံးအကြိမ်ပဲလို့ ဥရောပရဲတပ်ဖွဲ့နဲ့ စပိန်ရဲတပ်ဖွဲ့က ပြောပါတယ်။

မြေအောက်ခန်းထဲကို လေသွင်းပေးနိုင်အောင် လုပ်ထားတဲ့ မီးစက်ဆီကုန်နေလို့ ယူကရိန်းနဲ့ လစ်သူယေးနီးယားအလုပ်သမား ၆ ယောက် အသက်ရှူကျပ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သံသယရှိသူ ၁၂ ယောက်ကို ဖေဖော်ဝါရီလ ၂၀ ရက် အစောပိုင်းမှာ ဖမ်းမိခဲ့တာဖြစ်ပေမဲ့ သူတို့က မြေအောက်ခန်းထဲမှာ အလုပ်သမားတွေ ရှိနေတယ်ဆိုတာ သတင်းပေးခဲ့ခြင်းမရှိပါဘူး။ ကြောက်လန့်တကြားဖြစ်နေတဲ့ အလုပ်သမားတွေက မြေအောက်ခန်းထဲကနေ အော်ဟစ်အသံပေး၊ ထုနှက်ကြတော့မှ ရဲအရာရှိတွေက အဲဒီနေရာကို ရှာဖွေပြီး အလုပ်သမားတွေကို ကယ်တင်နိုင်ခဲ့တာပါ။ ရဲတပ်ဖွဲ့က စီးကရက် ၁၅၃၀၀၀ ဘူး၊ စီးကရက်လိပ်ရာမှာ အသုံးပြုတဲ့ ဆေးရွက်ကြီး အလေးချိန် ၁၇ တန်၊ ဆေးခြောက်အဆီ ၂၀ ကီလိုဂရမ်နဲ့ ဆေးခြောက်ရွက် ၁၄၄ ကီလိုဂရမ် သိမ်းဆည်းရမိခဲ့ပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top