ဒေါ်လာ ၁၅ သန်းတန်ဖိုးရှိ ရွှေပါဝင်တဲ့ ကျောက်တုံးတွေကို ရှာဖွေ တူးဖော်နိုင်ခဲ့တဲ့ ဩစတြေးလျ မိုင်းတွင်း လုပ်သားများ

41627536_322483158508431_70980244441399296_n.jpg

ဩစတြေးလျနိုင်ငံ၊ အနောက်ပိုင်းဩစတြေးလျပြည်နယ်မြို့တော်၊ ပါ့သ် (Perth) မြို့ရဲ့ အရှေ့ဘက် ၆၃၀ ကီလိုမီတာအကွာမှာ တည်ရှိတဲ့ ကမ်ဘဲလ်ဒါ (Kambalda) ဆိုတဲ့ မြို့ကလေးမှာ ဘီတာဟန့် မိုင်းတွင်းက လုပ်သားတွေဟာ ဒေါ်လာ ၁၅ သန်းတန်ကြေးရှိ ရွှေပါဝင်တဲ့ ကျောက်တုံးတွေကို ထူးထူးခြားခြား တူးဖော်ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီမြို့ကလေးဟာ နီကယ်လ် သတ္တုတူးဖော်မှုလုပ်ကိုင်တဲ့ လက်လုပ်လက်စားတွေနေထိုင်ရာ မြို့ကလေးဖြစ်ပြီး ပြီးခဲ့တဲ့ သုံးနှစ်အတွင်း မိုင်းတွင်းလေးခုကို ပိတ်ပစ်ခဲ့ရတဲ့အထိ ရုန်းကန်နေခဲ့ရတာပါ။ အခုလို ရွှေတွေကို တူးယူနိုင်ခဲ့တဲ့ဖြစ်ရပ်ဟာ မိုင်းတွင်း လုပ်သားတွေအတွက် အသက်ရှုပေါက်ပွင့်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ဒီလိုအဖိုးတန် ရွှေစပါနေတဲ့ကျောက်တုံးတွေကို နောက်ထပ်တစ်ကြိမ် ထပ်ပြီး တူးဖော်တွေ့ရှိဖို့ဆိုတာ မလွယ်လှတာကြောင့် အခုလိုမျိုး တစ်သက်မှာတစ်ခါသာ ကြုံရနိုင်တဲ့ ရှားရှားပါးပါး ကံကောင်းမှုကြီးတစ်ခုလို့တောင် မိုင်းလုပ်သားတွေက ယူဆနေကြပါတယ်။

ရွှေပါဝင်နေတဲ့ ကျောက်တုံးတွေကို မြေအောက် မီတာ (၅၀၀) အနက်မှာ တူးဖော်ရရှိခဲ့တာဖြစ်ပါပြီး သတ္တုတွင်းလုပ်သားတွေဟာ ဒီရွှေစကျောက်တုံးတွေကို မြေပြင်ပေါ် အပြီးသတ်တူးထုတ်နိုင်ဖို့ လေးရက်ကြာ အချိန်ယူခဲ့ရသလို အကြီးမားဆုံးကျောက်တုံးကြီးဟာ ကီလို (၉၀) အလေးချိန်စီးတာကြောင့် လူသုံးယောက်လောက် မ,ယူခဲ့ရပါတယ်။

“အရမ်းပဲ စိတ်လှုပ်ရှားစရာဖြစ်ခဲ့ရပါတယ်။ မိုင်းတွင်းက အလုပ်မဖြစ်တော့လို့ ရောင်းထုတ်ခါနီးအချိန်မှာ ဒီလိုကြုံခဲ့ရတာဆိုတော့ ကျွန်တော်တို့အတွက်က ဒီမိုင်းတွင်းကို တူးဖော်ရကျိုးနပ်သွားတာပေါ့ ” လို့ မိုင်းတွင်းပိုင်ရှင် မာ့ခ်ဆယ်လ်ဘီ (Mark Selby) က ပြောကြားခဲ့ပါတယ်။

Ref: dailymail ” Miners discover 90kg of the precious metal – worth a whopping $15million ”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top