မျက်လုံးထဲဖုန်မှုန့်ဝင်တဲ့အခါ နည်းမှန်လမ်းမှန်နဲ့ ဘယ်လိုဖယ်ရှားမလဲ

hair_in_eye_x8.jpg

ကျွန်တော်တို့ရဲ့မျက်လုံးထဲ တစ်ခုခုဝင်တာမျိုး ခဏခဏ ဖြစ်ဖူးကြတယ်မလား။ အဲဒီလိုဖြစ်လာရင် မျက်လုံးက ခုလုခုလုနဲ့ အတော်လေး နေရခက်တဲ့ အခြေအနေပါ။ မျက်လုံးထဲ ဘာဝင်လို့ဝင်နေမှန်းမသိရတဲ့အတွက် စိတ်ကသိကအောက်လည်းဖြစ်ရပါတယ်။ လေထုညစ်ညမ်းတဲ့အခါ၊ ဖုန်ထူတဲ့ နေရာသွားတဲ့အခါ၊ အိမ်ရောက်တဲ့အခါတိုင်း (ဒါမှမဟုတ်) ရုံးရောက်တဲ့အခါတိုင်း ကျွန်တော်တို့ရဲ့မျက်လုံးမှာ တစ်ခုခုဝင်နေတယ်လို့ ခံစားကြရပါတယ်။

အဲဒီလိုမျိုးကြုံလာရရင် ဘယ်လိုလုပ်ကြမလဲ။ အများစုက မျက်လုံးကိုပွတ်တာမျိုး၊ ခုလုခုလုဖြစ်နေတဲ့အရာကို လက်နဲ့ဖယ်ထုတ်တာမျိုးလုပ်ဖို့ ကြိုးစားတတ်ကြပါတယ်။ ဒါက သိပ်ကိုအန္တရာယ်များပြီး လက်မှာတွယ်ကပ်နေတဲ့ပိုးမွှားတွေကြောင့် အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတာကို မမေ့သင့်ပါဘူး။ ဒီလိုအခြေအနေမျိုးကို ကြုံလာရင်ဖြေရှင်းဖို့ လွယ်ကူတဲ့နည်းရှိပါတယ်။

ဘယ်တော့မှ လက်ချောင်းတွေကိုမသုံးပါနဲ့

ကျွန်တော်တို့ရဲ့မျက်လုံးထဲမှာ သေးငယ်လွန်းတဲ့အရာလေးရှိနေရင် လက်ချောင်းတွေနဲ့ မျက်လုံးအတွင်းကို နှိုက်တတ်ကြပါတယ်။ ဒါက တစ်ခါလုပ်ဖူးရင် နောက်ထပ်မလုပ်သင့်တော့တဲ့အရာပါပဲ။ ကျွန်တော်တို့ရဲ့အနီးနားမှာ ဖုန်မှုန့်နဲ့ လေထုညစ်ညမ်းမှုတွေရှိပါတယ်။ အဲဒီအရာတွေ မျက်လုံးထဲကို ဝင်လာတဲ့ အခါတိုင်း တစ်ခုခုဝင်နေတယ်လို့ခံစားရပေမဲ့ မမြင်တွေ့နိုင်တဲ့အတွက် လက်နဲ့နှိုက်ပြီးဖယ်ရှားတဲ့အခါ မျက်လုံးထဲကို လက်မှာရှိနေတဲ့ ဖုန်မှုန့်နဲ့ ရောဂါပိုးမွှားတွေ ဝင်သွားစေနိုင်ပါတယ်။ ဒါက ထိခိုက်လွယ်တဲ့မျက်လုံးတွေကို လက်နဲ့နှိုက်ခြင်းကို ရပ်တန့်ဖို့ လုံလောက်တဲ့အကြောင်းပြချက်ပါပဲ။

 

ဖြေရှင်းနည်း

ဒီလိုမျိုးပြဿနာအတွက် ဆရာဝန်တွေထောက်ခံပေးထားပြီး ရိုးရှင်းလွယ်ကူတဲ့ဖြေရှင်းနည်းကတော့ မျက်လုံးထဲ တစ်ခုခုဝင်နေတယ်လို့ခံစားရတဲ့အခါ အဆင်ပြေသလို မျက်တောင်ခပ်ပေးပါ။ မျက်တောင်ခပ်ပါများရင် မျက်လုံးထဲက ခုလုခုလုဖြစ်နေတဲ့အရာက ထွက်သွားမှာပါ။ မျက်တောင်တွေက မျက်လုံးကိုသန့်ရှင်းအောင် တကယ်လုပ်ဆောင်ပေးနိုင်ပါတယ်။ မျက်လုံးထဲဝင်နေတဲ့ ဘယ်လိုဖုန်မှုန့်အတွက်မဆို ဒီနည်က အလုပ်ဖြစ်ပါတယ်။ နောက်တစ်နည်းက ရေထဲမှာ မျက်လုံးကို ပိတ်လိုက် ဖွင့်လိုက်လုပ်ပါ (ဒါမှမဟုတ်) ပိုပြီးအန္တရာယ်ကင်းဖို့ဆိုရင် မျက်လုံးကရောဂါပိုးတွေကို သန့်စင်ပစ်ဖို့ ဆားရည်ခပ်ပေးပါ။ ဒါက မျက်ကပ်မှန်တတ်တဲ့သူတွေအတွက်လည်း မျက်လုံးကို ဘယ်လိုထိခိုက်မှုမှ မဖြစ်စေပါဘူး။ ဒါပေမဲ့လို့ မျက်လုံးနာကျင်တာ (ဒါမှမဟုတ်) မျက်ရည်အဆက်မပြတ်ကျနေမယ်ဆိုရင် ဆရာဝန်ဆီ အမြန်ဆုံး သွားပြလိုက်သင့်ပါတယ်…။

Ref: TOI “Got something in your eye? This is the CORRECT way to remove it”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top