ဗဟိုခံစစ်မှူးတွေရဲ့ဂိုးတွေကြောင့် တီကို အနိုင်ရ၊ ဂျာမန်မြေမှာ တစ်ယောက်လျော့နဲ့ နိုင်ပွဲရတဲ့ မန်စီးတီး

bb1-1.jpg

အက်သလက်တီကို ၂-၀ ဂျူဗင်တပ်
ရှော်လ်ကေး ၂-၃ မန်စီးတီး

ဂျူဗင်တပ်က အဝေးဂိုးရဖို့ မျှော်လင့်ချက်ကြောင့် ရော်နယ်ဒို၊ မန်ဇူကစ်၊ ဒိုင်ဘာလာ တိုက်စစ်အတွဲနဲ့ ပွဲထွက်လာပြီး အက်သလက်တီကိုကတော့ ဂရစ်ဇ်မန်း၊ ဒီယေဂိုကော်စတာ တိုက်စစ်အတွဲကို အသုံးပြုခဲ့ပါတယ်။ ပွဲချိန် ၉ မိနစ်မှာ ရော်နယ်ဒိုရဲ့ ကိုက် ၃၀ အကွာကန်ချက်ကို ဂျန်အိုဘလက် ပုတ်ထုတ်ကာကွယ်ခဲ့ရပြီး နောက် ၄ မိနစ်အကြာမှာ ဘိုနက်ချီ အနီးကပ် ခေါင်းတိုက်ခွင့်ရပေမဲ့ ဂိုးဘားပေါ်က ကျော်သွားခဲ့ပါတယ်။

ပွဲချိန် ၁၆ မိနစ်မှာ အက်သလက်တီကိုကွင်းလယ်လူ လီမာရဲ့ ၂၅ ကိုက်အကွာ ကန်ချက်ကို ရှက်ဇီနီ ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၂၇ မိနစ်မှာ ဒီယေဂိုကော်စတာကို ဒီစီဂလီယို ဆွဲလှဲတယ်ဆိုပြီး ကွင်းလယ်ဒိုင်က ပင်နယ်တီ သတ်မှတ်ခဲ့ပေမဲ့ ဗီဒီယိုလက်ထောက်ဒိုင် နည်းပညာ VAR ပြန်ကြည့်ပြီး ပင်နယ်တီ မပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နောက် ၂ မိနစ်အကြာမှာ ဂရစ်ဇ်မန်းရဲ့ ပြစ်ဒဏ်ဘောကန်ချက်ကို ရှက်ဇီနီ ပုတ်ထုတ်ခဲ့ရပြန်ပါတယ်။

အက်သလက်တီကိုက ကွင်းလယ်ကစားအားကို အဓိကထားပြီး ဂရစ်ဇ်မန်း၊ ဒီယေဂိုကော်စတာတို့ရဲ့ လှုပ်ရှားမှုတွေနဲ့ ဂိုးရဖို့ ကြိုးစားခဲ့တာ တွေ့ရပါတယ်။ ပွဲချိန် ၅၂ မိနစ်မှာ ဂရစ်ဇ်မန်း၊ ကော်စတာတို့ရဲ့ တွဲလုံးကနေ ကော်စတာ အပိုင်အခွင့်အရေး ရခဲ့ပေမဲ့ ဂိုးပေါက်လွဲချော်ခဲ့သလို နောက် ၂ မိနစ်အကြာမှာ ဂရစ်ဇ်မန်း အခွင့်အရေးထပ်ရခဲ့ပေမဲ့ ဂိုးသမားပေါ် ကျော်ချလိုက်တဲ့ ဘောလုံးက ဘားထိထွက်ခဲ့ပါတယ်။

ပွဲချိန်မိနစ် ၇၀ မှာ ဖိလစ်ပီလူးဝစ်ရဲ့ ဖြတ်တင်ဘောကနေ မိုရာတာ ခေါင်းတိုက်ဂိုး သွင်းယူခဲ့ပေမဲ့ ချီလီနီကို တွန်းထားတယ်ဆိုပြီး ဂိုးမပေးခဲ့ပါဘူး။ ဒါပေမဲ့ နောက်ထပ် ၇ မိနစ်အကြာမှာပဲ အက်သလက်တီကို ဂိုးရခဲ့ပါတယ်။ ထောင့်ကန်ဘောကတစ်ဆင့် မိုရာတာ ခေါင်းတိုက်ရာမှာ မန်ဇူကစ်နဲ့ထိပြီး ပြန်ထွက်ခဲ့ပေမဲ့ ဂျင်မီနက်ဇ်က ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ် ၆ မိနစ်အကြာမှာလည်း ဂရစ်ဇ်မန်းရဲ့ ပြစ်ဒဏ်ဘောကနေ နောက်ခံလူ ဂိုဒင်က အက်သလက်တီကိုအတွက် ဒုတိယဂိုး ထပ်သွင်းခဲ့ပါတယ်။ အက်သလက်တီကိုအတွက် ဥရုဂွေး နောက်ခံလူ ၂ ယောက်ဖြစ်တဲ့ ဂျင်မီနက်ဇ်နဲ့ ဂိုဒင်တို့ ၂ ယောက်လုံး ဂိုးသွင်းနိုင်တာ ပြိုင်ပွဲစုံမှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ရှော်လ်ကေးနဲ့ မန်စီးတီးပွဲစဉ်မှာ ပင်နယ်တီဂိုး ၂ ဂိုးကြောင့် မန်စီးတီးအသင်း နောက်ကလိုက် ကစားခဲ့ရပေမဲ့ စတာလင်ရဲ့ပွဲချိန်နှောင်းပိုင်းဂိုးကြောင့် အဝေးကွင်းနိုင်ပွဲရခဲ့ပါတယ်။ ပွဲချိန် ၁၈ မိနစ်မှာ ဒေးဗစ်ဆေးလ်ဗား ဘောလုံးဖြတ်လုပြီး ထိုးပေးတဲ့ ဘောလုံးကို အဂူရိုက ပိတ်သွင်းပြီး မန်စီးတီးအတွက် အဖွင့်ဂိုး သွင်းခဲ့ပါတယ်။ ပွဲချိန် ၃၆ မိနစ်မှာ ကာလီဂီယူရီရဲ့ကန်ချက်ကို အော့တာမန်ဒီ လက်နဲ့တားသလိုဖြစ်ခဲ့လို့ မန်စီးတီး ပင်နယ်တီပေးခဲ့ရပြီး ဘန်တာလက်က ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။

ဒါ့အပြင် ပွဲချိန် ၄၃ မိနစ်မှာ ဆာလစ်ဆာနေးကို ဖာနန်ဒင်ဟို ဆွဲလှဲခဲ့လို့ မန်စီးတီး ပင်နယ်တီ ထပ်ပေးခဲ့ရပြီး ဘန်တာလက်က ဒုတိယဂိုး ထပ်သွင်းခဲ့ပါတယ်။ ပွဲချိန် ၆၈ မိနစ်မှာ ဘာ့ဂ်စတယ်လာကို နောက်ကနေ ပိုင်းသလိုဇြစ်ခဲ့လို့ အော့တာမန်ဒီ နှစ်ဝါ၊ တစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ ပွဲချိန် ၈၅ မိနစ်မှာ လူစားဝင် ကစားသမား ဆာနေးက ကိုက် ၃၀ အကွာ ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းပြီး မန်စီးတီးအတွက် ချေပဂိုးသွင်းပေးခဲ့ပါတယ်။ နောက် ၅ မိနစ်အကြာမှာ ဂိုးသမား အီဒါဆင်ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ယှဉ်လုရင်း ရှော်လ်ကေး နောက်ခံလူ ချော်လဲသွားချိန်မှာ စတာလင်က မန်စီးတီးအတွက် အနိုင်ဂိုး သွင်းခဲ့တာပါ။ မန်စီးတီးဟာ ပထမပိုင်းမှာ ရှုံးနိမ့်နေတဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်မှာ နောက်ကလိုက်ပြီး အနိုင်ကစားနိုင်ခဲ့တာ ၂၀၁၅ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top