ကိုယ်ခံအား ကောင်းစေဖို့ နည်းလမ်း ၆ သွယ်

immunedefense.jpg

အခုခေတ်ကာလမှာ ရောဂါပိုးအမျိုးမျိုးနဲ့ ရောဂါပေါင်းစုံက ပိုမို ပေါများလာနေပါတယ်။ လူတွေကို ကိုယ်ခံအားလျော့နည်းစေဖို့ ဖိအားတွေကလည်း နေရာအနှံ့မှာပါပဲ။ အစားအသောက်တွေဆိုရင်လည်း လတ်လတ်ဆတ်ဆတ် စားသုံးတာ အကောင်းဆုံးပါပဲ။ ခန္ဓာကိုယ်ရဲ့ ဆဲလ်တစ်ရှုးတွေ ပဋိဇီဝပစ္စည်းတွေဟာ ရောဂါပိုးတွေကို တိုက်ဖျက်နိုင်ပြီး ကိုယ်ခံအားကို တိုးပွားစေပါတယ်။ ကိုယ်ခံအားလျော့နည်းရင် ရောဂါပေါင်းစုံ ဝင်လာတတ်ပါတယ်။ လောလောဆယ် မြန်မာနိုင်ငံမှာ ဖြစ်ပွားဆဲဖြစ်တဲ့ ရာသီတုတ်ကွေးရောဂါကို ကာကွယ်ဖို့ရန်အတွက်လည်း ကိုယ်ခံအားကောင်းအောင် နေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။ ကိုယ်ခံအားကောင်းမွန်စေဖို့ အောက်ပါနည်းလမ်းတွေကို အသုံးပြုကြည့်ပါ။

၁။ နေ့စဉ် မိနစ် ၃၀ လောက် လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။

လေ့ကျင့်ခန်းလုပ်ခြင်းဟာ သွေးလည်ပတ်မှုကို ကောင်းမွန်စေခြင်း၊ ခန္ဓာကိုယ်ရဲ့ မလိုအပ်တဲ့အဆီတွေကို လျှော့ချပေးနိုင်ခြင်း၊ အစာခြေနိုင်စွမ်းကို မြှင့်တင်ပေးခြင်းနဲ့ ကိုယ်ခံအားကို ပိုကောင်းလာအောင်၊ သန်မာလာအောင်လုပ်ပေးနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးတွေ ရပါတယ်။ ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ချွေးတွေအဖြစ် ထုတ်လုပ်ပေးတာကြောင့်လည်း ပိုမိုကျန်းမာလာနိုင်ပါတယ်။

၂။ အကြိုက်နှစ်သက်ဆုံးသီချင်းကို နားထောင်ပါ။

ဂီတက အကောင်းမွန်ဆုံးကုထုံးတစ်ခုပါ။ တစ်ယောက်နဲ့တစ်ယောက် ကြိုက်နှစ်သက်တဲ့ ဂီတအမျိုးအစားကတော့ မတူညီလောက်ပါဘူး။ သင့်ကို ပျော်ရွှင်စေတဲ့၊ စိတ်ဓာတ်တည်ငြိမ်စေတဲ့၊ စိတ်နှလုံးသက်သာစေတဲ့ ဂီတကို ရွေးချယ်နားထောင်ခြင်းဖြင့် ခန္ဓာကိုယ်ပေါ် ကောင်းကျိုးသက်ရောက်မှုရှိစေပါတယ်။

၃။ အစားအသောက်ဆင်ခြင်ပါ။

စိတ်ဖိအားတွေက အစားအသောက်စားချင်စိတ်မရှိခြင်းနဲ့ အလွန်အမင်းစားသောက်ခြင်းကို ဖြစ်စေတတ်ပါတယ်။ ဒါက ခန္ဓာကိုယ်ရဲ့ခုခံအားကို သက်ရောက်မှုရှိပါတယ်။ သွေးအတွင်းရှိ သကြားပမာဏကို တိုးလာစေတာမျိုးပေါ့။ ဒါက ဆီးချိုဖြစ်စေခြင်း၊ အသည်းနဲ့ကျောက်ကပ် အလုပ်လုပ်တာကို နှေးကွေးစေခြင်းနဲ့ သွေးလည်ပတ်မှုမှာ ပြဿနာတွေကို ဖြစ်ပေါ်စေတတ်ပါတယ်။

၄။ အခင်မင် အရင်းနှီးဆုံးသူငယ်ချင်းကို ဖုန်းခေါ်ပါ။

ရယ်မောခြင်းဟာ ခန္ဓာကိုယ်ရဲ့ ပဋိဇီဝပစ္စည်းတွေကို တိုးပွားစေနိုင်ပါတယ်။ ဒါက ကောင်းမွန်တဲ့လက္ခဏာ တစ်ခုပါ။ ခင်မင်ရင်နှီးတဲ့သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေခြင်းဟာ ခုခံအားကို တိုးပွားစေပါတယ်။

၅။ ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်ပါ။

ဆေးလိပ်သောက်သူများဟာ တခြားသူတွေထက် အအေးမိလွယ် အဆုတ်ယောင်ရောဂါ ဖြစ်လွယ်ပါတယ်တဲ့။ ဆေးလိပ်ငွေ့ ရှုရှိုက်မိသူတွေလည်း ဒီလိုသက်ရောက်မှုတွေရှိတာမို့ ကိုယ့်အတွက်ကော သူများအတွက်ပါ ကောင်းမွန်ဖို့ ဆေးလိပ်သောက်ခြင်းမှ ရှောင်ရှားသင့်ပါတယ်။

၆။ အိပ်ရေးဝဝအိပ်ပါ။

အိပ်ရေးဝဝအိပ်တာက ရောဂါပိုးတွေကို တိုက်ထုတ်ဖို့ကူညီရာမှာ အလွန်အထောက်အကူပြုပါတယ်။ ကိုယ်ခံအားကို တိုးတက်စေပြီး ခန္ဓာကိုယ်ကိုကျန်းမာကြံ့ခိုင်စေပါတယ်။

Ref : Health Digest : Six Ways to Strengthen Your Immune System

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top