“ Wake Me Up When September Ends “

s.jpg

ဒီနေ့ဟာ စက်တင်ဘာလရဲ့ ပထမဆုံးနေ့ ဖြစ်ပါတယ်။ Facebook အသုံးပြုသူ တချို့တွေလည်း “Wake Me Up When September Ends (စက်တင်ဘာလ ကုန်ရင် ကိုယ့်ကို အိပ်ရာက နှိုးပါ )” ဆိုတဲ့ စာသားလေးကို status နဲ့ တင်တာတွေ၊ ဂရင်းဒေး (Green Day) ရဲ့ အဲင်္ဒီ သီချင်း ဗီဒီယိုလေးကို လိုင်းပေါ်မှာ မျှဝေနေကြတာတွေ တွေ့ရမှာပါ။

ဒီတော့ အခါအခွင့်သင့်လို့ သီချင်းလေးနဲ့ နောက်ခံ ကြေကွဲဖွယ် ဇာတ်လမ်းလေး အကြောင်း အနည်းငယ် ပြောပြချင်ပါသေးတယ်။

သီချင်းအကြောင်း
“Wake Me Up When September Ends “ သီချင်းဟာ Green Day ရဲ့ ၂၀၀၄ ခုနှစ်မှာ ထွက်ရှိတဲ့ “American Idiot” အခွေမှာ ပါဝင်တဲ့ သီချင်းလေးပါ။ ဒီသီချင်းခွေနဲ့ Green day ဟာ ၂၀၀၅ ခုနှစ်မှာ ဂရမ်မီ ဆုကို ရရှိခဲ့ပါတယ်။ Wake Me Up When September Ends သီချင်းဟာ  တစ်ပုဒ်တည်း single အနေနဲ့ ပြန်လည်ထွက်ရှိခဲ့ပြီး Billboard ရဲ့ နံပါတ် ၆ နေရာကို သိမ်းပိုက်နိုင်ခဲ့သလို ယနေ့တိုင် လူကြိုက်များနေဆဲ သီချင်းတွေထဲ ပါဝင်ခဲ့ပါတယ်။
သီချင်း Mtv ထဲမှာတော့ ချစ်သူစုံတွဲလေးတစ်တွဲ ရဲ့ မပြေလည်မှုတွေ ၊ ကောင်လေးရဲ့ သိမ်ငယ်မှုတွေ ၊ သူတို့နှစ်ယောက်ရဲ့ အနာဂတ်အတွက် စစ်မြေပြင်ကို စစ်တိုက်ထွက်သွားရင်း ကောင်မလေးနဲ့ ဝေးကွာသွားခဲ့ရပုံတွေ စသဖြင့်  သရုပ်ဖော်ထားတာပါ။

 

ဘာကြောင့် “ စက်တင်ဘာ “
ဒီ သီချင်းလေးမှာ ကြေကွဲစရာ သမိုင်းကြောင်းလေး ရှိခဲ့ပါတယ်။ သီချင်းရေးသူလည်း ဖြစ် ၊ Greenday ရဲ့ အဆိုတော်လည်း ဖြစ်တဲ့ ဘေလီ ဂျိုး အမ်းစထရောင်း (Bille Joe Armstrong)  အသက် ၁၀ နှစ်မှာ သူ့ရဲ့ ဖခင်ကြီးဟာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။  ၁၉၈၂ ၊ စက်တင်ဘာ လ ၁ ရက်နေ့မှာ ကွယ်လွန်သွားခဲ့တာပါ ။ ကြေကွဲနေတဲ့ ဘေလီလေးဟာ  သူ့ ဖခင် အသုဘအခမ်းအနားကနေ အိမ်ဆီကို ပြန်ပြေးသွားပြီး အခန်းတံခါး ပိတ်လို့ တစ်ယောက်တည်း ထ်ိုင် ငို နေခဲ့ပါတယ်။ သူ့ အမေက အိမ် ပြန်ရောက်လာပြီး ဘေလီ့အခန်း တံခါး ကို ခေါက်တဲ့ အခါမှာ အခန်းထဲက ဘေလီက “Wake me up when September ends” လို့ ပြန်ပြောဖြစ်ခဲ့တယ်။ စက်တင်ဘာလကုန်ရင် အိပ်ရာက နှိုးဖို့ ၊ ခက်ခဲ ကြေကွဲစရာ အချိန်ကာလတွေ ကျော်လွန်သွားမှသာ ပြန်နိုးထလာတော့မလို့ … စသဖြင့် အဓိပ္ပာယ်အမျိုးမျိုး ကျယ်ပြန့်နေတဲ့ စကားပေါ့။ နောင်မှာ ဒီ စကားကနေ သီချင်း စာသားဖြစ်လာခဲ့တာပါ။

အနာတရများနဲ့ စက်တင်ဘာ
တကယ်တော့ အသက်အရွယ်ကြီးလာတာနဲ့ အမျှ လူ့အဖြစ်မှာ အကောင်းအဆိုးမျိုးစုံ ခံစားခဲ့ရတာပဲ မဟုတ်လား ။  အခက်အခဲတွေ ၊ ပြဿနာတွေ ၊ မျှော်လင့်ထားသလို မဖြစ်လာခြင်းတွေ ၊ ချစ်သူခင်သူတွေနဲ့ သေကွဲရှင်ကွဲတွေ ကွဲကွာရခြင်းတွေ စုံလို့ပါပဲ ။ ဒီလို အနာတရတွေကမှ ကျွန်တော်တို့ကို တစတစ ရင့်ကျက်လာစေခဲ့တာ ၊  ဒီနေ့ မြင်ရတဲ့ အနေအထားမျိုး ဖြစ်လာစေခဲ့တာ မဟုတ်လား။ သီချင်းထဲမှာတော့
 “ ကြယ်တာရာများဆီကနေ
မိုးတွေ ထပ်မံ ရွာကျလာ ခဲ့
အနာတရတွေနဲ့ ပြန်လည်  ရွှဲရွဲစိုလို့
[ဒီနေ့] တို့တွေ ဖြစ်လာလေရဲ့ “ ဆိုတဲ့ အဓိပ္ပာယ်နဲ့ သီဆိုထားတယ်။  သီချင်းလေးကို နားထောင်ပြီး ကိုယ့် အတိတ်တွေ ပြန်လည် လွမ်းမော ခံစားရင်း ၊ ဘဝရဲ့ ကြေကွဲစရာ ဆန်းကြယ်မှုတွေအကြောင်း ပြန်ပြောင်းတွေးကြည့်မယ်ဆိုရင်ဖြင့် ဒီ သီချင်းနဲ့ ဒီနေ့ ဟာ လိုက်ဖက်တယ် မဟုတ်လား ။

ရိုးရာလေး မိတ်ဆွေများကိုတော့ဖြင့် အကောင်းဆုံး စက်တင်ဘာလ လေးကို ပိုင်ဆိုင်နိုင်ကြပါစေ ၊ အတိတ်စက်တင်ဘာတွေ ၊ အတိတ်နှစ်တွေဆီက ရလာတဲ့ သင်ခန်းစာတွေ၊ ရင့်ကျက်မှုတွေကို နေ့စဉ်ဘဝလေးကို အကောင်းဆုံးဖြတ်သန်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါရဲ့ဗျာ။

စည်သူ (ရိုးရာလေး)

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top