ဘီလ်ဂိတ်ကို ကျော်ဖြတ်ပြီး ကမ္ဘာ့အချမ်းသာဆုံးဖြစ်လာတဲ့ စပိန် သန်းကြွယ်သူဌေး

38207A2600000578-0-image-a-30_1473431384447.jpg

Zara ရဲ့ တည်ထောင်သူဖြစ်တဲ့ အာမန်စီယိုအော်တီဂါ (Amancio Ortega) လျို့ဝှက်သူတစ်ဦးလို့ပဲ ပြောရမလား။ ဗုဒ္ဓဟူးနေ့တုန်းက အော်တီဂါဟာ ဘီလ်ဂိတ်ကို ကျော်ဖြတ်ပြီး ကမ္ဘာ့အချမ်းသာဆုံးသူဖြစ်လာခဲ့တယ်လို့ ဖို့ဘ်စ် Forbes မဂ္ဂဇင်းကြီးက ဖော်ပြထားပါတယ်။ အော်တီဂါဟာ ဘီလ်ဂိတ်ထက် ဒေါ်လာသန်းနှစ်ရာ ပိုချမ်းသာပြီး လက်ရှိမှာလည်း အောင်မြင်တဲ့လုပ်ငန်းတွေ ပိုင်ဆိုင်ထားသူတစ်ဦးဖြစ်ပါတယ်။ ဖို့ဘ်စ်မဂ္ဂဇင်းရဲ့အဆိုအရ အော်တီဂါဟာ ဒီနေရာကို အကြိမ်ပေါင်းများစွာ ရဖို့နီးစပ်ခဲ့တယ်လို့ ဆိုပါတယ်။

အော်တီဂါဟာ ချမ်းသာကြွယ်ဝသူဖြစ်ပေမယ့် သူ့ကိုသိကြတဲ့သူတော့ နည်းပါတယ်။ ဘာလို့လဲဆိုတော့ သူကလည်း သိုသိုသိပ်သိပ်နေတတ်သူ ဖြစ်လို့ပါ။ သူ့ကို ၁၉၃၆ မတ်လမှာ စပိန်နိုင်ငံ ဘတ်စ်ဒွန်ဂိုဒီအာဘတ်စ် (Busdongo de Arbas) မြို့မှာ မွေးဖွားခဲ့ပါတယ်။ အော်တီဂါဟာ အခုအခါ တစ်ဟုန်ထိုး အောင်မြင်နေတဲ့ Zara ဖက်ရှင်လုပ်ငန်းကို ၁၉၇၅ခုနှစ်မှာ ဇနီးဖြစ်လာမယ့် ရိုဆယ်လီယာ (Rosalia) နဲ့အတူ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ အခုအခါမှာ သူဟာ ကမ္ဘာ့အချမ်းသာဆုံး လူတစ်ယောက် ဖြစ်လာပြီး သူရဲ့အသားတင်ဝင်ငွေတင် ဒေါ်လာ ၈၅ သန်းရှိတယ်လို့ သိရပါတယ်။

အော်တီဂါဟာ ရိုးရိုးရှင်းရှင်း အေးအေးဆေးဆေးနေတတ်သူ တစ်ယောက်ဖြစ်ပါတယ်။ သိုသိပ်လွန်းသူတစ်ဦးလည်း ဖြစ်တာမို့ ၂၀၁၂ တုန်းကဆိုရင် သတင်းထောက်သုံးယောက်ကိုသာ အင်တာဗျူးခွင့်ပေးပါခဲ့တယ်။ အဝတ်အစားကိုလည်း ရိုးရှင်းစွာပဲ ဝတ်ဆင်ပါတယ်။ နေ့တိုင်း တစ်ဆိုင်ထဲမှာပဲ ကော်ဖီသောက်လေ့ရှိပြီး သူ့ဝန်ထမ်းတွေနဲ့အတူ ကုမ္ပဏီကန်တင်းမှာပဲ နေ့လည်စာ စားပါတယ်။ အားလပ်ချိန်တွေမှာ သမီးဖြစ်သူနဲ့အတူ မြင်းစီးလေ့ရှိပြီး မြင်းစီးတဲ့စင်တာ တစ်ခုကိုလည်း ပိုင်ဆိုင်ထားပါတယ်။ လွန်ခဲ့တဲ့လ အနည်းငယ်ကတောင်မှ ဘီလ်ဂိတ်ဟာ အော်တီဂါနဲ့ ကြက်တောင်ရိုက်ခဲ့ကြပါသေးတယ်။ သူ့ရဲ့ပထမဇနီးဟာ ၂၀၁၃ မှာ သေဆုံးသွားပါတယ်။ ရိုဆယ်လီယာဟာ စပိန်နိုင်ငံရဲ့ အချမ်းသာဆုံးမိန်းမ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ၁၉၆၆ မှာ လက်ထပ်ခဲ့ပြီး ၁၉၈၆ မှာကွာရှင်းခဲ့ကြပါတယ်။ အခုအခါ အော်တီဂါဟာ သူ့ရဲ့ဒုတိယဇနီးဖြစ်သူ ဖလော်ရာနဲ့အတူ Atlantic သမုဒ္ဒရာရဲ့ အဓိကဆိပ်ကမ်းမြို့ဖြစ်တဲ့ စပိန်နိုင်ငံ၊ လာကော်ရန်နာ (La coruna) မှာ နေထိုင်ကြပါတယ်။

မင်းသားဝီလီယန်ရဲ့ ကြင်ယာတော် ကမ်းဘရေ့(Cambridge)မြို့စားကတော် ကိတ်(Kate)ဟာ Zara ဒီဇိုင်းတွေကို နှစ်ခြိုက်စွာ ဝတ်ဆင်လေ့ရှိသူ ဖြစ်ပါတယ်။ စပိန်ဘုရင်နဲ့ မိဖုရားဟာလည်း သူ့ရဲ့ပရိသတ်တွေဖြစ်ပါတယ်။ အော်တီဂါဟာ စပိန်နိုင်ငံရဲ့ အမြင့်ဆုံး မိုးမျှော်တိုက်တစ်ခုကိုလည်း ပိုင်ဆိုင်ပြီး ဒီတိုက်က ဒေါ်လာငါးရာသုံးဆယ့်ခြောက်သန်း တန်ဖိုးရှိပါတယ်။ ဒါ့အပြင် မီယာမီကမ်းခြေမှာ အိမ်ရာတွေကိုလည်း ဝယ်ခဲ့ပါသေးတယ်။ သူ့မှာ အကောင်းဆုံး ဇိမ်ခံလေယာဉ်တွေရှိပေမယ့် သူကအနားယူရခြင်းထက် အလုပ်လုပ်ရတာပိုကြိုက်ပါတယ်တဲ့။

Ref : Business Insider : Meet the reclusive Spanish billionaire who just beat out Bill Gates to become the richest person in the world

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top