မာရသွန်ပြေးတာက အသက်ရှည်ရှည်နေစေနိုင်တယ်လို့ လေ့လာချက်တွေက ဆို

yyl-014-2.jpg

စာဖတ်ပရိသတ်တွေတော့ ၂၀၂၀ပြည့်နှစ် မာရသွန်အပြေးပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သင့်နေပြီနော်..။ မာရသွန်အပြေးပြိုင်ပွဲမှာ စာဖတ်ပရိသတ်တွေကို ဘာလို့ ဝင်ပြိုင်ဖို့ပြောရလဲဆိုတာကို ဒီဆောင်းပါးကနေ ပြောပြပေးသွားမှာပါ။ မာရသွန်ပြေးတယ်ဆိုတာ ငါ နိုင်ရမယ်ဆိုတဲ့ စိတ်ကြီးနဲ့ အားစိုက်ပြီး သဲကြီးမဲကြီး ပြေးရတာမဟုတ်ပါဘူး။ မာရသွန်ကို ဖြည်းဖြည်းမှန်မှန်လေးနဲ့ပဲ ကိုယ့်ပြေးနိုင်သလောက်နှုန်းဖြင့် ပြေးရုံနဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေရနိုင်ပါတယ်။

ပထမဆုံးအကြိမ်မာရသွန်ပြေးတာ၊ လေ့ကျင့်တာက ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့အိုမင်းရင့်ရော်မှုကို ပြောင်းပြန်လှန်ပစ်နိုင်တယ်လို့ လေ့လာချက်အသစ်က ဆိုပါတယ်။ အခုမှစပြေးဖူးတဲ့ ကျန်းမာသန်စွမ်းတဲ့အပြေးသမား (၁၃၈) ယောက်က လန်ဒန်မာရသွန်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်၊ လေ့ကျင့်ပြီးတဲ့အခါမှာ သူတို့ရဲ့အိုမင်းရင့်ရော်မှုကို (၄) နှစ်လောက်လျော့ချပေးတာနဲ့ ဆက်စပ်တာကို သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

မာရသွန်လေ့ကျင့်ပေးတာက အိုမင်းရင့်ရော်မှုနဲ့ ဆက်စပ်တဲ့ ခန္ဓာကိုယ်ရဲ့အဓိကသွေးလွှတ်ကြောတွေကို ပြောင်းပြန်ဖြစ်စေခဲ့ပြီး သွေးဖိအားထိန်းညှိတဲ့နေရာမှာ ကူညီပေးခဲ့တယ်လို့ လေ့လာတွေ့ရှိခဲ့တာပါ။ ကျွန်တော်တို့ အသက်အရွယ်ရလာတာနဲ့ ကျွန်တော်တို့ရဲ့အဓိကအင်္ဂါအစိတ်အပိုင်းတွေအားလုံးကို အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေပေးတဲ့ သွေးလွှတ်ကြောနံရံတွေက ပိုထူလာ၊ ပိုမာကျောလာတဲ့အတွက် ခန္ဓာကိုယ်အနှံ့က သွေးတွေကို လွှတ်ပေးဖို့အတွက် နှလုံးက ပိုပြီး အလုပ်လုပ်ရပါတယ်။ ဒါကြောင့် အသက်ကြီးလာတာနဲ့ နှလုံးရောဂါ၊ မှတ်ဉာဏ်ချို့ယွင်းတဲ့ရောဂါ၊ ကျောက်ကပ်ရောဂါ ဖြစ်နိုင်ခြေများလာတာဖြစ်တယ်လို့ လေ့လာချက်က ဆိုပါတယ်။

မာရသွန်ပြေးတာက အဲဒီလိုရောဂါဖြစ်နိုင်ခြေရှိတာကို လျော့ချပေးသလို အသက်ရှည်ရှည်နေစေနိုင်တယ်လို့လည်း သိရပါတယ်။ (၆) လအတွင်းမှာ မာရသွန်အပြေးပြိုင်ပွဲဝင်ပြိုင်တာ၊ လေ့ကျင့်ခန်းလုပ်တာတွေနဲ့ သွေးလွှတ်ကြောမှာရှိတဲ့ အိုမင်းရင့်ရော်မှုအကျိုးဆက်တွေကို ပြောင်းပြန်ဖြစ်သွားအောင် လုပ်လို့ရတယ်လို့ သိရပါတယ်။ ကောင်းတဲ့အကျိုးရလဒ်ကို အခြေခံသွေးဖိအားအမြင့်ဆုံးနဲ့ အသက်ကြီးတဲ့၊ နှေးကွေးတဲ့အမျိုးသားမာရသွန်သမားတွေမှာ တွေ့ခဲ့ရပါတယ်။

၂၀၁၆ခုနှစ် နဲ့ ၂၀၁၇ခုနှစ် မာရသွန်အပြေးပြိုင်ပွဲမှာ ပါဝင်ခဲ့တဲ့ အသက် (၂၁) ကနေ အသက် (၆၉) မာရသွန်ပြေးသမားတွေကို သုတေသီတွေက စုခဲ့ပါတယ်။ လေ့ကျင့်မပေးခင် (၆) လနဲ့ ပြိုင်ပွဲပါဝင်ခဲ့ပြီး (၃) ပတ်အတွင်းက မာရသွန်အပြေးသမား (တစ်ဝက်နီးပါးက အမျိုးသား) တွေကို စမ်းသပ်ခဲ့ပါတယ်။ မာရသွန်ပြေးတာက ခန္ဓာကိုယ်ရဲ့အဓိကသွေးလွှတ်ကြော တင်းမာမှုကို လျော့ချပေးတာကို တွေ့ရှိခဲ့ပါတယ်။

မာရသွန်ပြေးခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးက ပါဝင်တဲ့သူ ဘယ်လောက်ပြေးနိုင်တာ၊ ဘယ်လောက်ကျွမ်းကျင်မှုရှိတာနဲ့ ဆက်စပ်မှုမရှိကြောင်း၊ မာရသွန်ပြေးတာရဲ့ကျန်းမာရေးအကျိုးကျေးဇူးက ထူးခြားမယ်လို့မထင်ကြောင်း၊ အသက်ကြီးတဲ့အပြေးသမားတွေမှာ ပြောင်းလဲမှုများစွာဖြစ်စေနိုင်တာအတွက် လေ့ကျင့်ခန်းလုပ်တာက ဘယ်တော့မှ နောက်ကျတယ်လို့မရှိကြောင်း University College London က ကထိက ဒေါက်တာ ချာလော့တ် မန်နက်စတီ (Charlotte Manisty) ကပြောပါတယ်။

Ref: CNN “Running a marathon could help you live longer, study suggests”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top