စင်ကာပူနိုင်ငံမှာ မွေးကင်းစ ကလေးငယ်တစ်ဦးကို အမှိုက်ပုံးထဲကနေ ကယ်တင်နိုင်ခဲ့

S1.jpg

စင်ကာပူနိုင်ငံမှာ အမှိုက်စွန့်ပိုက်လိုင်း အောက်ဘက်မှာ ချထားတဲ့ အမှိုက်ပုံးထဲကနေ မွေးကင်းစ ကလေးငယ်တစ်ယောက်ကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့တယ်လို့ Straits Times သတင်းဌာနက ဖော်ပြပါတယ်။ ဇန်နဝါရီလ ၇ ရက် နံနက် ၈ နာရီကနေ ၉ နာရီအချိန်အတွင်း သန့်ရှင်းရေးသမားတွေက အမှိုက်ပုံးကို ရှင်းလင်းနေချိန်မှာ အမှိုက်နဲ့ စားကြွင်းစားကျန် ထည့်ထားတဲ့ အိတ်တွေကြားကနေ သွေးစွန်းနေတဲ့ ပလတ်စတစ်အိတ်တစ်လုံး တွေ့ရှိခဲ့ပြီး အဲဒီအိတ်ထဲမှာ အသက်ရှင်နေသေးတဲ့ ကလေးငယ်ကို တွေ့ရှိခဲ့တာပါ။

အဲဒီနောက်မှာ သန့်ရှင်းရေးဝန်ထမ်းက မြို့နယ်ကောင်စီကို အကြောင်းကြားခဲ့ပြီး KK မိခင်နဲ့ ကလေးဆေးရုံကို တင်ပို့ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်အပြီးမှာ အမှိုက်စွန့်ပိုက်လိုင်းရှိရာ တိုက်တန်းလျားရဲ့ အထပ်တိုင်းကို ရဲတပ်ဖွဲ့က ရှာဖွေခဲ့ပါတယ်။ ကလေးငယ်မှာ ထိခိုက်ဒဏ်ရာရထားတာမျိုး မတွေ့ရဘဲ ကျန်းမာရေးအခြေအနေ စိတ်ချရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ချမ်းသာကြွယ်ဝပြီး ကလေးမွေးဖွားနှုန်းကျဆင်းမှု ရင်ဆိုင်နေရလို့ အသက်အရွယ် အိုမင်းသူ အရေအတွက် များပြားနေတဲ့ စင်ကာပူနိုင်ငံမှာ အခုလိုဖြစ်ရပ်မျိုးက ကြုံတောင့်ကြုံခဲပါပဲ။ ၂၀၁၈ ခုနှစ်အတွင်း စင်ကာပူနိုင်ငံရဲ့ ကလေးမွေးဖွားနှုန်းဟာ (၈)နှစ်တာအတွင်း အနည်းဆုံးပမာဏဖြစ်ခဲ့တယ်လို့ အခုနောက်ဆုံး ကောက်ယူထားတဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုကျော်ကာလအတွင်း စင်ကာပူနိုင်ငံမှာ ကလေးစွန့်ပစ်တဲ့ဖြစ်ရပ် ၁၆ ခုပဲ ရှိခဲ့တယ်လို့ Straits Times သတင်းဌာနက ဖော်ပြပါတယ်။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top