“ မြင်စိုင်းရွှေမြေ ပန်းသင်းခွေ၊ ပင်ခြေချုံထက်နွယ်၊ ချုံထက်နွယ်။ တောင်လေရှုန်းရှုန်း မိုးခတ်အုန်း၊ ကင်ပုန်းပွင့်ချီချယ်၊ ပွင့်ချီချယ်။ နွယ်ပန်းခွာညိုပွင့်ပေလို၊ ပြာသို ဆောင်းလလယ်၊ ဆောင်းလယ်။”
ရိုးရာလေး ပရိသတ်တွေအားလုံး ဒီကာချင်းကို ကြားဖူးကြမယ်၊ ဖတ်ဖူးကြမယ်ထင်ပါတယ်။ မေ့သွားသည့်တိုင်အောင်ပေါ့လေ.. ဟုတ်ပါတယ်။ တက္ကသိုလ်ဝင်တန်းမြန်မာကဗျာ လက်ရွေးစင်ထဲက မြင်စိုင်းရွှေပြည် ကာချင်းပါ။ ကာချင်းဆိုတာ လက်ယာလက်ကဓား၊ လက်ဝဲလက်ကကာကိုကိုင်ပြီးကရဆိုရတဲ့သီချင်းဆိုတာလည်း ဆယ်တန်းမှာ အသည်းအသန်တွေ ကျက်ခဲ့ရလို့ မှတ်မိကြဦးမယ်ထင်ပါတယ်။ တကယ်တမ်းမှာတော့ ကာကတယ်ဆိုတာဟာလည်း တစ်ဘက်က ဓားကိုကိုင်၊ တစ်ဘက်က လက်နက်ကိုင်ပြီး ကရတဲ့ စစ်ရေးလေ့ကျင့်မှုတစ်မျိုးပါပဲ။
ဒီလို စစ်ရေးလေ့ကျင့်မှုမှာ သီဆိုရတဲ့ စစ်သီချင်းကို ကာချင်းလို့ခေါ်ကြပါတယ်။ ကာချင်းကိုတော့သိပါရဲ့ ကာကဘာလဲဆိုလို့ မေးလာခဲ့ရင် ကာဆိုတာ ဒိုင်းပဲလို့ပဲ ဖြေရမှာပါ။ သစ်သား ဒါမှမဟုတ် သတ္တုတစ်မျိုးမျိုးနဲ့ ပြုလုပ်ထားတဲ့ အဝိုင်းပုံ၊ ဘဲဥပုံ၊ လေးထောင့်ပုံ၊ လေးထောင့်ကိုမှ ခပ်ရှည်ရှည်ပြုလုပ်ထားတဲ့ အပြားကို ကာလို့ခေါ်ပါတယ်။ ကာကိုတော့ ရန်သူရဲ့ လေးမြားလက်နက်ဒဏ်ကနေ ကာကွယ်ခုခံရာမှာ သုံးပါတယ်။ ကာကပွဲသဘင်တွေမှာတော့ စစ်သည်တွေက ကာနဲ့ ဓား၊ လှံလက်နက် စတာတွေကို စွဲကိုင်ပြီး ကာချင်းတွေကို သီဆိုအော်ဟစ်လို့ လက်များမြှောက်တန်းခြင်း၊ ဝှေ့ယမ်းခြင်း၊ ခြေကို အကွက်ကျကျလျှောက်လှမ်းခြင်း၊ ခုန်ပေါက်ခြင်း၊ ဆောင့်ခြင်း စတာတွေကို အကွက်ညီညီ၊ အချက်ကျကျ အားမာန်အပြည့်နဲ့ ကခုန်ရပါတယ်။ ဒီကာသဘင်တွေမှာတော့ ပုဂံခေတ်မှာပေါ်ပေါက်ခဲ့တဲ့ စည်ကြီးတွေ၊ တံပိုး၊ ခရာ၊ တံမြာ၊ တံရှည် စတဲ့ တူရိယာတွေအပြင် ကြီးမားလွန်းလှတဲ့ မောင်းကြီးတွေ၊ လင်းကွင်းကြီး တွေကိုလည်း သုံးစွဲခဲ့တယ်လို့ မှန်းဆယုံကြည်ရပါတယ်။
ကာချင်းအကြောင်းကို ပြောရမယ်ဆိုရင်တော့ ပင်းယခေတ်အကြောင်းက မဖြစ်မနေကို ထည့်သွင်းရမှာပါ။ ပင်းယခေတ်ဟာ ပုဂံပျက်ပြီးနောက်မှာ မြင်စိုင်း၊ ပင်းယရယ်လို့ ပေါ်လာခဲ့သော်ငြား အတော်ကို တိုတောင်းလှပါတယ်။ ဒါပေမဲ့ ဒီတိုတောင်းလှတဲ့ ပင်းယခေတ်အတွင်းမှာပဲ ကာချင်း၊ တျာချင်း၊ ရတု၊ ကျောက်စာတွေနဲ့ ကာအကတွေ ပေါ်ထွန်းခဲ့ကြပါတယ်။ စာပေတွေက တစ်ဆင့် ယဉ်ကျေးမှုအဆင့်အတန်းကို ဖော်ပြနိုင်တယ်ဆိုတာ ယုံတမ်းစကားလည်း မဟုတ်ပါဘူး။ ဒါဟာ သုတေသနပညာရှင်တွေ၊ သမိုင်းပညာရှင်တွေကိုယ်တိုင် လက်ခံထားရတဲ့ စကားတစ်ခုပါ။ ကဲ.. ဒီလိုဆို ကာချင်းတွေကနေ ပင်းယအကြောင်း ဘာတွေသိရသလဲ.. အသေးဆုံး ဥပမာ တစ်ခုကို ပြပါမယ်။ အမည်မသိလူတစ်ယောက်ရေးဖွဲ့ထားတဲ့ ဒီကာချင်းထဲမှာတော့ ပင်းယခေတ် မိန်းမပျိုတို့ရဲ့ ဝတ်စားဆင်ယင်မှုကို ဒီလိုတွေ့ရပါတယ်။
“ ခါးပတ်တော်မှာ ရွှေချည်စုံ၊ မှိုင်းလုံးရွှေဝတ်လုံ ၊ မလုံသာချမ်းအေး” ပါတဲ့.. ။ ပင်းယခေတ် အမျိုးသမီးတွေရဲ့ဝတ်စားဆင်ယင်ပုံကို ဟာသလေးနှောပြီးတင်ပြထားတာပါ။
သီဟသူရဲ့သားတော် ကျော်စွာမင်းလက်ထက် (ငါးစီးရှင်ကျော်စွာ) မှာတော့ သူကိုယ်တိုင်ပဲ ကာချင်းတွေကို ရေးဖွဲ့သီကုံးလို့ ကာသဘင်တွေမှာ ပါဝင်ဆင်နွှဲခဲ့ပါတယ်။ သူဟာ စစ်ရေးစ်ရာမှာ တက်ကြွတဲ့ စစ်ဘုရင်တစ်ပါးဖြစ်တဲ့အလျောက် သူ့ရဲ့ ဇာတိသွေး၊ ဇာတိမာန်ကို သူကိုယ်တိုင်ရေးသားသီဆိုခဲ့တဲ့ ကာချင်းမှာ ခုလိုတွေ့ရပါတယ်။
“ကျုံးနက်ရေ၊ မြို့ခြေအပြည့်သား၊ တေဟူသည်ကား၊ တွားရှည်ကျော်ပြန့်ပွား၊ တေဟူသည်ကား၊ ဆယ့်တစ်ရွာအခြား၊ ဒေဝကျော် ထင်ရှား” ရှမ်းညီနောင် သုံးပါး အမှူးပြုတဲ့ တေရှမ်းတို့ရဲ့ ဂုဏ်သတင်းဟာ လယ်ကွင်းဆယ့်တစ်ရွာသာမက နတ်ပြည်၊ နတ်ရွာထိပါ ပျံ့နှံ့ကျော်ကြားတယ်လို့ တင်စားဖွဲ့ဆိုခဲ့ခြင်းပါ။ စစ်ဘုရင်မို့ စစ်သွေးတွေချည့် ပြည့်နေတာမဟုတ်ဘဲ နူးညံ့တဲ့ ကဗျာဆရာတစ်ယောက်ရဲ့ နှလုံးသားကိုလည်း မြင်စိုင်းရွှေပြည်ကာချင်းမှာ တွေ့ရမှာပါ။ အလှအပတရားကို ခံစားတတ်၊ ဖော်ညွှန်းတတ်တဲ့ ကဗျာဆရာတစ်ယောက်ရဲ့ နူးညံ့တဲ့နှလုံးသားနဲ့ ဇာတိသွေး၊ ဇာတိမာန် တက်ကြွတဲ့ စစ်ဘုရင်တစ်ယောက်ရဲ့ ခက်ထန်မာကြောတဲ့ စိတ်ဓာတတွေ ရောယှက်လို့ ယှဉ်တွဲပြသ မြင်သာစေတဲ့ ကာချင်းတစ်ပုဒ်ပါပဲ။ စာရေးသူဆိုရင်လည်း ဒီကာချင်းကို စကြားဖူးတဲ့အချိန်မှာ ပါးစပ်က အသံထွက်ဆိုရင်း အလိုလိုနေရင်း ပျော်လာ၊ မြူးလာပြီး စိတ်အားတက်ကြွလာလို့ ဒီမြင်စိုင်းရွှေပြည် ကာချင်းဟာ စာရေးသူအနှစ်သက်ဆုံး ကဗျာတစ်ပုဒ်ဖြစ်ခဲ့တာပါ။ ဆိုလို့ကလည်း ကောင်းတာကိုး…။ တကယ်တမ်းတော့ ဒီမြင်စိုင်းရွှေပြည် ကာချင်းဟာ စာရေးသူတို့ သင်ရသလောက်လေးနဲ့ ပြီးဆုံးသွားတဲ့ ကာချင်းမဟုတ်ပါဘူး။
ဒီကာချင်းထဲမှာ အဲဒီခေတ်ကဖြစ်ခဲ့တဲ့ တာတာတရုတ်တွေနဲ့ စစ်ပွဲအကြောင်းတွေ၊ ဘယ်လိုတိုက်ခိုက်ခဲ့ရတယ်ဆိုတဲ့ ပုံရိပ်တွေ ပါဝင်နေပါသေးတယ်။ ဆရာကြီး ဦးရဲဒွေး စကားကို ငှားပြောရမယ်ဆိုရင်တော့ “ သူ့ခေတ်နဲ့သူ့အခါ၊ သူ့ပညာနဲ့ သူ့အထာ၊ သူ့နည်းနဲ့ သူ့ဟန်၊ သူ့ပုံစံနဲ့ သူ့သဏ္ဍာန်တွေနဲ့ ပေါ်ပေါက်လာတဲ့ ကာချင်းတွေဟာ ရိုးရှင်းပေမယ့် အဓိပ္ပာယ် ပေါ်လွင်ပြည့်ဝထိရောက်လှပေသည်” လို့ ဆိုရမှာပါပဲ။ မြန်မာတို့ရဲ့ယဉ်ကျေးမှု၊ အနုသုခုမ ပညာရပ်တွေဟာ ခေတ်အဆက်ဆက်မှာ ပြောင်မြောက်လာခဲ့ကြတာပါ။ လက်လှမ်းမီသလောက် ပျူခေတ်မှာ အဆို၊ အတီး၊ အက ပညာရပ်တွေ ပေါ်ပေါက်ခဲ့ပေမယ့် ပျူဂီတသံစဉ်များ ပျောက်ကွယ်ခဲ့ပါပြီ။
ပုဂံခေတ်မှာလည်း အဆို၊ အက၊ အတီးနဲ့ တူရိယာတွေ ဆက်ပြီးတီထွင်ပေါ်ပေါက်ခဲ့ပြီး နောက်ပိုင်း အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်ခေတ်တိုင်အောင် မြန်မာ့အနုသုခုမ သဘင်ပညာရပ်တွေ အရှိန်မပျက်ဘဲ ဆက်လက်ပေါ်ထွန်းစေဖို့အတွက် ပင်းယခေတ်က လမ်းခင်းပေးခဲ့တယ်ဆိုရင်လည်း မမှားပါဘူး။ ကာချင်းတွေ တိမ်မြှုပ်သွားခဲ့ပေမယ့် ပင်းယခေတ်ရဲ့ မြင့်မားတဲ့အနုပညာရပ် တစ်ခုအဖြစ် ကာချင်းတွေ ပြန်လည်ထုတ်ဖော်ရင်းဖြစ်စေ၊ ကာချင်းတွေ ပြန်လည်စပ်ဆို၍ဖြစ်စေ ဆက်လက်ထိန်းသိမ်းကြစေလိုပါတယ်။ ပင်းယရဲ့ နိုင်ငံရေး၊ ခေတ်အခြေအနေ၊ စစ်ရေးအခြေအနေကို မြင်သာထင်သာဖြစ်စေခဲ့တဲ့ ဒီကာချင်းတွေဟာ အဖိုးမဖြတ်နိုင်တဲ့ လက်ရာမွန်တွေပါ။ ဒီလို အနုသုခုမ ပညာရပ်တွေ မပျောက်ပျက်အောင် ထိန်းသိမ်းဖို့က စာရေးသူတို့အားလုံးရဲ့ တာဝန်ပဲ မဟုတ်ပါလား.. ခေတ်ရေစီးကြောင်းထဲမှာ မြောပါရင်း ကိုယ့်ရဲ့ ယဉ်ကျေးမှုတွေပါ မြောပါမသွားဖို့၊ မပျောက်ပျက် ၊ မတိမ်ကောသွားစေဖို့ ကြိုးစားထိန်းသိမ်းလိုက်ကြရအောင်လို့ တိုက်တွန်းရင်း…။
Angelic Demon ( ရိုးရာလေး)