COVID-19 ကြောင့် ဖြစ်ပေါ်လာတဲ့ စိုးရိမ်ပူပန်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ ဗုဒ္ဓရဲ့အဆုံးအမ(၅)ချက်

28-4-2020-yyl-028.jpg

COVID-19 ကပ်ရောဂါကြောင့် မမြဲခြင်းတရားကို လူတွေ ပိုသတိထားမိလာကြပြီး စိုးရိမ်ပူပန်စရာတွေ ပိုများလာတဲ့ အခုလို အချိန်ကာလမျိုးမှာ ဗုဒ္ဓဟောကြားခဲ့တဲ့ တရားတော်တွေက ဘဝနေနည်းအတွက် အကောင်းဆုံးဖြစ်နေတယ်လို့ ကမ္ဘာ့မီဒီယာတွေက ဖော်ပြလာကြတယ်။ အခုလို ကပ်ဘေးနဲ့ ရင်ဆိုင်ရချိန်မှာ ဗုဒ္ဓဘာသာဝင်တစ်ယောက်လို နှလုံးသွင်းနေထိုင်တာက စိတ်ကို တည်ငြိမ်စေတယ်လို့ ဖော်ပြကြတယ်။ အဲဒီလို ဖော်ပြတဲ့ မီဒီယာတွေထဲမှာ CNN တို့၊ The Conversation(သြစတြေးလျအခြေစိုက်မီဒီယာ)တို့လည်း ပါတယ်။ The Conversation မှာ ဖော်ပြထားတဲ့ ” ကိုရိုနာဗိုင်းရပ်စ်ကြောင့် စိုးရိမ်ပူပန်ရတာတွေကို ရင်ဆိုင်ရာမှာ အထောက်အပံ့ဖြစ်စေမယ့် ဗုဒ္ဓအဆုံးအမ ၅ ချက်(5 Buddhist teachings that can help you deal with coronavirus anxiety)” ကို ရိုးရာလေးပရိသတ်တွေအတွက် ကောက်နုတ်ဖော်ပြပေးလိုက်ပါတယ်။

လောကီရေးရာပြဿနာကြောင့် စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်ညူးမှုတွေ၊ ပူပန်သောကတွေ ကြုံရတဲ့အခါ စိတ်အေးချမ်း တည်ငြိမ်စေဖို့အတွက် လူသားတွေက ဗုဒ္ဓရဲ့အဆုံးအမတွေကို နှလုံးသွင်းနေထိုင်ကြလေ့ရှိတယ်။ အခုလိုအချိန်မှာ နှလုံးသွင်းနေထိုင်သင့်တဲ့ ဗုဒ္ဓရဲ့အဆုံးအမ ၅ ခုကတော့

(၁) ပကတိအခြေအနေမှန်ကို လက်ခံပါ
(၂) သတိပဋ္ဌာန်တရားရှုမှတ်ပါ၊ တရားထိုင်ပါ
(၃) ကရုဏာတရား လက်ကိုင်ထားပါ
(၄) ငါ၊ သူတပါးမရှိ၊ ပရမတ်တရားတို့ရဲ့ ဆက်နွှယ်မှု၊ အကြောင်း၊ အကျိုးကို နားလည်ပါ
(၅) ဆင်ခြင်သုံးသပ်ပါ

ပကတိအခြေအနေမှန်ကို လက်ခံပါ

အိုခြင်း၊ နာခြင်း၊ သေခြင်းဆိုတာ လူတိုင်းတစ်နေ့ကြုံရမယ့်ကိစ္စလို့ ဗုဒ္ဓရဲ့ တရားတော်တွေမှာ ဟောထားပါတယ်။ ဒါက ပကတိအခြေအနေမှန်ပါပဲ။ ” အိုရမယ်၊ နာရမယ်၊ သေရမယ်”လို့ နှလုံးသွင်းရွတ်ဆိုနေရင် အနိစ္စဆိုတဲ့ မမြဲခြင်းတရားနဲ့ စိုးရိမ်ပူပန်မှုတွေဆိုတာ ဓမ္မတာပဲလို့ လက်ခံနိုင်လာမယ်။ အဲဒီလိုမှ နှလုံးမသွင်းဘူးဆိုရင် မလိုလားအပ်တဲ့ ပူပန်ဖိစီးမှုတွေက ထပ်ပြီးနှိပ်စက်ကြလိမ့်မယ်။

သတိပဋ္ဌာန်တရားရှုမှတ်ပါ၊ တရားထိုင်ပါ

ဗုဒ္ဓဘာသာမှာတော့ သတိပဋ္ဌာန်တရားရှုမှတ်ဖို့၊ တရားထိုင်ဖို့က အဓိက ကျင့်ကြံမှုပါပဲ။ ဂဏှာမငြိမ် လှုပ်ရှားနေတာမျိုးမလုပ်ဘဲ ခန္ဓာကိုယ်မှာ ဖြစ်၊ ပျက် ပြောင်းလဲနေတဲ့ သဘောတရားတွေကို သတိထား ရှုမှတ်ရတဲ့ ကျင့်ကြံမှုပါ။ လူအများစုက ယားရင် ကုတ်ကြတယ်။ ဒါပေမဲ့ သတိပဋ္ဌာန်တရားရှုမှတ်နေတဲ့အခါ ယားတာကို ယားတယ်လို့ မှတ်ရင်း ယားယံမှုဝေဒနာ ပျောက်ကွယ်သွားအောင် ကျင့်ကြံရတာပါ။ သတိပဋ္ဌာန်တရား (၄)ပါးကတော့ (၁)ကာယာ နုပဿနာ သတိပဋ္ဌာန်၊ (၂) ဝေဒနာ နုပဿနာ သတိပဋ္ဌာန်၊ (၃) စိတ္တာ နုပဿနာ သတိပဋ္ဌာန်၊ (၄) ဓမ္မာ နုပဿနာ သတိပဋ္ဌာန်တို့ဖြစ်ပါတယ်။

ဒီလိုမျိုး ကျင့်သားရနေတဲ့သူကတော့ အမြဲတမ်း သတိစိတ် ကပ်လျက်ရှိနေလို့ မသန့်ရှင်းတဲ့လက်နဲ့ မျက်နှာကို ကိုင်မိတာ၊ ပွတ်မိတာမျိုးလည်း လုပ်မိမှာ မဟုတ်ပါဘူး။ တရားထိုင်တာကတော့ ကိုယ့်ရဲ့အတွင်းစိတ်ကို ထိုးထွင်းသိမြင်အောင် ကျင့်ကြံအားထုတ်ရတာပါ။ သီးသန့်ခွဲခြားနေထိုင်ရသူတွေ၊ အသွားအလာကန့်သတ်ခံထားရသူတွေဆိုရင် တရားရှုမှတ်တာ၊ တရားထိုင်တာမျိုး လုပ်သင့်ပါတယ်။ ပုံမှန်လိုလို တရားရှုမှတ်တဲ့အခါ၊ တရားထိုင်တဲ့အခါ ကြောက်ရွံ့စိတ်၊ ဒေါသနဲ့ မမြဲခြင်းတွေကို စိတ်ထဲကနေ လက်ခံလာနိုင်မယ်။ ဒါဆိုရင် စိုးရိမ်ပူပန်မှု လျော့သွားမှာပါ။

ကရုဏာတရား လက်ကိုင်ထားပါ

ဗုဒ္ဓရဲ့အဆုံးအမတ်တွေဟာ မေတ္တာ၊ ကရုဏာ၊ မုဒိတာနဲ့ ဥပေက္ခာစတဲ့ ဗြဟ္မာစိုရ်တရား၄ပါးကို နှလုံးသွင်းတတ်ဖို့ သင်ကြားပေးပါတယ်။ ဗြဟ္မာစိုရ်တရား၄ပါးကို ကိုင်ဆုပ်ထားမယ်ဆိုရင် ပူပန်မှုနဲ့ ကြောက်ရွံ့မှုတွေကို ပယ်သတ်နိုင်မှာပါ။ တခြားသူတွေကို စောင့်ရှောက်ပေးမယ်ဆိုတဲ့ စိတ်ကို နှလုံးသွင်းထားရင် ကြောက်ရွံ့မှုနဲ့ မျှော်လင့်ချက်ကင်းမဲ့မှု အတွေးတွေ ကင်းစင်သွားမှာပါ။ အခုလို လူချင်းဝေးနေရတဲ့ကာလမှာ ကရုဏာတရား လက်ကိုင်ထားပြီး နှလုံးသားချင်း နီးနီးနေပြီး ကိုယ်ချစ်တဲ့သူတွေကို ဂရုစိုက်ကြဖို့ အရေးကြီးပါတယ်။

ငါ၊ သူတပါးမရှိ၊ ပရမတ်တရားတို့ရဲ့ ဆက်နွှယ်မှုကို နားလည်ပါ

ဗုဒ္ဓတရားတွေမှာ ပရမတ်တရားတွေရဲ့ အပြန်အလှန်ဆက်နွှယ်မှုကို ဟောပြောထားတာ တွေ့ရပါတယ်။ အခုလို ကပ်ဘေးကာလမှာ အဲဒီသဘောတရားကို ထင်ထင်ရှားရှား မြင်ရပါတယ်။ တကယ်တော့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တဲ့ လုပ်ရပ်တိုင်းက (ဥပမာ လက်ဆေးတာပေါ့) တခြားသူတွေကို ကာကွယ်ပေးနိုင်ဖို့ အထောက်အပံ့ဖြစ်စေတာ တွေ့ရပါတယ်။ အရာအားလုံး အကြောင်း၊အကျိုး ဆက်စပ်နေတယ်လို့ တွေးလိုက်ရင် ငါ၊ သူတပါးဆိုတဲ့ အတွေးအခေါ်မျိုး ပျောက်ကွယ်သွားမှာပါ။ လူသားတစ်ယောက်ရှင်သန်နိုင်ရေးက တခြားလူသားတစ်ယောက်အပေါ် မူတည်နေတယ်ဆိုတဲ့ အချိန်မှာ အကြောင်း၊ အကျိုး ဆက်နွှယ်မှု သဘောတရားကို ကျယ်ကျယ်ပြန့်ပြန့် သိလာကြပါပြီ။

ဆင်ခြင်သုံးသပ်ပါ

အခုလိုကပ်ဘေးကာလဟာ ဗုဒ္ဓရဲ့အဆုံးအမတွေကို နှလုံးသွင်း ကျင့်ကြံ အားထုတ်ဖို့ အကောင်းဆုံးအချိန်ပါပဲ။ ပုံမှန်အရှိန်နှုန်းနဲ့ မောင်းနေတဲ့ ကားတစ်စီးကို ဘရိတ်ဆောင့်နင်းလိုက်ရင် အရာအားလုံး ဖရိုဖရဲ လွင့်စင်သွားသလိုပဲ လက်ရှိအခြေအနေမှာလည်း ကမ္ဘာကြီး ဟန်ချက်ပျက်သွားလို့ လူသားတွေအနေနဲ့ စိတ်ပျက်မှုတွေ၊ စိတ်အလိုမကျမှုတွေ ခံစားနေရတာမျိုး ရှိပါတယ်။ ဒီလိုအချိန်မှာ ကိုယ့်ရဲ့ရှင်သန်နေထိုင်မှုပုံစံ၊ ဘဝအပေါ် ရှုမြင်မှုပုံစံကို ပြန်သုံးသပ်ပြီး တရားသဘောတွေကို နှလုံးသွင်းမယ်ဆိုရင် လောကဓံအခက်အခဲတွေကို ပိုပြီးခံနိုင်ရည် ရှိလာမှာပါ။

Ref: The Conversation ” 5 Buddhist teachings that can help you deal with coronavirus anxiety”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top