အမြဲလိုလို ဗိုက်ဆာရခြင်း၏ ဆေးပညာဆိုင်ရာ အကြောင်းရင်းများ

hungry-young-man-smiling-with-chopsticks-PU923AS.jpg

ဘယ်လောက်စားစား ဗိုက်မဝဘူးလို့ သင်ခံစားနေရပါသလား။ ဘယ်လို အကြောင်းကြောင့်လဲ တွေးကြည့်ဖူးလား။ ဆေးပညာရှုထောင့်က သုံးသပ်ကြည့်ရင် အမြဲလိုလို ဗိုက်ဆာ နေတာကအောက်ပါ အကြောင်းရင်းများကြေင့်ဆိုတာ တွေ့ရှိရပါတယ်။

စိတ်ဓာတ်ကျခြင်း

စိတ်ဓာတ်ကျနေတဲ့လူတွေအတွက် အစားက အကောင်းဆုံး ဖြေရှင်းနည်းပါပဲ။ သူတို့မှာ ပျော်ရွှင်စေတဲ့ ဆီရိုတိုနင်ဟော်မုန်း လုံလုံလောက်လောက် မရှိတဲ့အတွက် ပေါင်မုန့် တို့ ပါစတာတို့ကို စားသုံးရင် ဆီရိုတိုနင် ပမာဏ မြင့်လာနိုင်လို့ စားသုံးတာပါ။ စိတ်ဓာတ်ကျနေချိန်မှာ စိတ်ပျော်ရွှင်ဖို့ လာကျွေးတဲ့ ဘယ်အစားအစာမဆို စားချင်တာကြောင့် ခဏခဏ ဗိုက်ဆာနေတာပါ။

စိတ်ဖိစီးမှုများခြင်း

လူတွေ ထိတ်ရွံ့ ကြောက်လန့်နေချိန်မှာ စိတ်ဖိစီးမှုဟော်မုန်း cortisol က ခန္ဓာကိုယ်ထဲ စီးသွားပြီး ဗိုက်ဆာနေတယ်လို့ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ပါတယ်။ cortisol ဟော်မုန်းက ဗိုက်ပြည့်နေပေမယ့် ဗိုက်မဝသေးသရောင် ဦးနှောက်ကို သွားရောက် လှုံ့ဆော်တဲ့အတွက် ဆာပြီးရင်းဆာ ဖြစ်နေတာပါ။

လည်ပင်ကြီးဟော်မုန်းများခြင်း

အမြဲတမ်း ဗိုက်ဆာနေမယ်၊ သာမန်ထက်ပိုပြီး စားပေမယ့် ကိုယ်အလေးချိန်က လျော့လျော့သွားတယ်ဆိုရင် သင့်မှာ လည်ပင်းကြီးဟော်မုန်း အရမ်းမြင့်နေလို့ပါ။ ဆာလောင်မှုနှင့်အတူ မောပန်းနွမ်းနယ်ခြင်း၊ လက်သည်းကြွပ်ဆတ်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ စိတ်ခံစားမှု မကောင်းခြင်းတွေပါ ကပ်ပါလာရင်တော့ သင့်မှာ လည်ပင်းကြီး ဟော်မုန်း များနေတယ်ဆိုတာ သေချာပါပြီ။

အဝလွန်ခြင်း

အစားလွန်ခြင်းက အဝလွန်စေတယ်ဆိုပေမယ့် အဝလွန်ခြင်းကလည်း ခဏခဏ စားချင်စိတ်ဖြစ်အောင် ဖန်တီးပေးပါတယ်။အဆီပိုတွေ များလာတဲ့အခါ အင်ဆူလင် ပမာဏ မြင့်တက်လာပြီး စားချင်စိတ်က ပိုများလာပါတယ်။ ဒီ အဆီပိုတွေက ထုတ်လုပ်တဲ့ ဟော်မုန်းဓာတ်က ပိုပြီး စားစေတဲ့အတွက် သာမန် ခန္ဓာကိုယ်ပိုင်ရှင်တွေထက် အဝလွန်သူတွေက ပိုစားတာပါ။

ဆီးချိုရောဂါ

ဆီးချိုသမားတွေရဲ့ သွေးသကြားပမာဏ အမြဲတမ်း ပြောင်းနေတာကြောင့် သွေးသကြားကို ပြန်ထိန်းရင်း ခဏခဏ ဆာနေတာပါ။သွေးသကြား ပမာဏနည်းရင် အစာ စားချင်စိတ် ဖြစ်ပေါ်လာသလို များပြန်ရင်လည်း စားချင်စိတ်က ပိုပိုတိုးလာပါတယ်။

ရာသီဓမ္မတာလာချိန်

ရာသီဓမ္မတာလာချိန်မှာ ဟော်မုန်း အပြောင်းအလဲဖြစ်တာကြောင့် ခန္ဓာကိုယ်မှာ အားအင်လိုအပ်ပြီး ဗိုက်ဆာတာပါ။ ဒီလိုအချိန်တွေဆို အမျိုးသမီးများ ပင်ပန်းနွမ်းနယ်ပြီး ရေဓာတ် ကုန်ခမ်းကြပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာ ကယ်လိုရီများများ လိုတဲ့အတွက် ဆာလောင်နေတာပါ။

အိပ်မပျော်ခြင်း

တစ်ညကို အိပ်သင့်တဲ့ အချိန် ပမာဏအတိုင်း မအိပ်ဘဲ နေမယ်ဆိုရင်တော့ မနက် နိုးလာချိန်မှာ ဆာလောင်မှုကို ထိန်းထားပေးတဲ့ ဟော်မုန်းက ပုံမှန် မဖြစ်တော့ပါဘူး။ ခန္ဓာကိုယ်မှာ ကယ်လိုရီ မလိုအပ်တာတောင် စားချင်သောက်ချင်စိတ်တွေ ဖြစ်ပေါ်လာအောင် ထိုဟော်မုန်းက လုပ်ဆောင်ပေးပါတယ်။ဒါကြောင့် အိပ်ရေးဝဝ မအိပ်ရင်လည်း ခဏခဏ ဗိုက်ဆာနေမှာပါပဲ။

Ref: Reader’s Digest: 10 Medical Reasons You’re Always Hungry

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top