အရေးကြီးရင် သွေးနီးမှ

25.11.2019.jpg

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားမှုကို ဒီဇင်ဘာလ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး ရုံးစိုက်ရာ ဟော်လန်နိုင်ငံ သည်ဟိဂျ်မြို့မှာ ကြားနာသွားမှာဖြစ်ပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးအပြစ်ပေးရေးဆိုင်ရာ ကုလသမဂ္ဂပဋိညာဉ်ကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မွတ်စလင်နိုင်ငံ ၅၇ နိုင်ငံပါ OIC အဖွဲ့ကိုယ်စား ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုခဲ့တာပါ။ ဂမ်ဘီယာနိုင်ငံရဲ့ တရားစွဲဆိုမှုဟာ လွတ်လပ်သော နိုင်ငံတကာ အချက်အလက် ရှာဖွေဖော်ထုတ်ရေးအဖွဲ့(FFM)ရဲ့ အစီရင်ခံစာတွေအပေါ် အခြေခံထားတယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ FFM ရဲ့ အစီရင်ခံ တင်ပြချက်တွေကို မြန်မာနိုင်ငံက ငြင်းပယ်ထားပြီးသားပါ။

အနောက်အာဖရိကတိုက်မှာရှိတဲ့ ဂမ်ဘီယာနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ မိုင်ပေါင်း ၇,၀၀၀ လောက်ဝေးပြီး သံတမန်ရေးရာ ဆက်သွယ်မှုလည်း မရှိပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံနဲ့ ဂမ်ဘီယာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးအပြစ်ပေးရေးဆိုင်ရာ ကုလသမဂ္ဂပဋိညာဉ်ကို ပါဝင်လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ အခုလိုမျိုး အမှုရင်ဆိုင်တာဟာ နှစ်ရှည်လများ ကြာမြင့်နေပြီး ဒေါ်လာသန်းချီ ကုန်ကျနိုင်ပါတယ်။ ဒါဟာ ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁.၄၈ ဘီလျံပဲ ရှိတဲ့ ဂမ်ဘီယာအတွက် ငွေကြေးဝန်ထုပ်ဝန်ပိုး ဖြစ်စေမှာပါ။ ဒါပေမဲ့ ဂမ်ဘီယာနိုင်ငံကို OIC အဖွဲ့ဝင်နိုင်ငံတွေက ငွေကြေးထောက်ပံ့ပေးထားပြီး အမေရိကန်ရှေ့နေအဖွဲ့ ဖိုလီဟော့ဂ်က အမှုလိုက်ပေးမှာဖြစ်ပါတယ်။

ဂမ်ဘီယာက မြန်မာနိုင်ငံကို တရားစွဲဆိုတဲ့အတွက် နိုင်ငံတချို့ရဲ့ ချီးကျူးဂုဏ်ပြုမှု ရခဲ့သလို အတုံ့အလှည့် အခွင့်အရေးတွေလည်းရဖို့ ရှိနေပါတယ်။ သူတို့ဘက်က လူ့အခွင့်အရေးလို့ တစာစာဟစ်ကြွေးနေပေမဲ့ ဝင်လာမယ့် အကျိုးအမြတ်တွေကို မျှော်ကိုးပြီး တရားစွဲဆိုခဲ့တဲ့ အနေအထားပါ။ ဒီနေရာမှာ ကုလသမဂ္ဂရဲ့ ရပ်တည်ချက် မူမမှန်တာကိုလည်း ထည့်ပြောဖို့ လိုပါတယ်။ ဆော်ဒီတော်ဝင်မိသားစုကို ဝေဖန်တဲ့ ဝါရှင်တန်ပို့စ်ဆောင်းပါးရှင် ဂျမယ်ခါရှိုဂျီ အပျောက်ရှင်းခံရတဲ့ကိစ္စကို မသိချင်ယောင် ဆောင်ထားပါတယ်။ ဘာလို့လဲဆိုတော့ ဆော်ဒီနိုင်ငံက ကုလသမဂ္ဂနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေကို နှစ်စဉ်နှစ်တိုင်း ဒေါ်လာ ၂၃ ဘီလျံကျော် လှူဒါန်းပေးနေလို့ပါပဲ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆော်ဒီနိုင်ငံကို ကာပေးထားလို့ ကုလသမဂ္ဂက မထိရဲတဲ့အနေအထားပါ။ ယီမင်စစ်ပွဲမှာ အရပ်သားတွေ သောက်သောက်လဲ သေခဲ့တာ၊ တူရကီနိုင်ငံက ကာ့ဒ်လူမျိုးတွေကို အင်အားသုံးတိုက်ခိုက်တာ၊ မအောင်မြင်တဲ့ အာဏာသိမ်းမှုကြောင့် အခုအချိန်အထိ လူသိန်းချီကို ဖမ်းကောင်းတိုင်း ဖမ်းနေတာတွေကိုလည်း နှုတ်ဆိတ်နေပါတယ်။ ဒီအတွက် ကုလသမဂ္ဂရဲ့ တရားစီရင်ရေးဆိုင်ရာ အဖွဲ့အစည်းဖြစ်တဲ့ ကမ္ဘာ့ခုံရုံး(သို့)အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)ရဲ့ တရားမျှတမှုကိုလည်း မေးခွန်းထုတ်စရာပါ။

ဂမ်ဘီယာနိုင်ငံရဲ့ တရားစွဲဆိုမှုကို သွားရောက်ရင်ဆိုင်မယ့်အဖွဲ့ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဆောင်မှာဖြစ်ပြီး အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်မှာပါ။ လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတဲ့ စွဲချက်တွေကို အမှုရင်ဆိုင်ရာမှာ ထူးချွန်တဲ့ ရှေ့နေ ၂ ဦးကို မြန်မာနိုင်ငံဘက်က ငှားရမ်းထားပါတယ်။ ဂမ်ဘီယာနိုင်ငံရဲ့ စွပ်စွဲချက်တွေ မှားယွင်းတယ်ဆိုတာကို သက်သေအထောက်အထား ပြသရမှာပါ။

မြန်မာတစ်နိုင်ငံလုံးကို တရားစွဲထားတာဖြစ်လို့ သူ့ကြောင့်၊ ငါ့ကြောင့် လက်ညိုးထိုးနေရမယ့်အချိန်မဟုတ်သလို၊ ရန်၊ ငါ ခွဲနေရမယ့်အချိန်လည်း မဟုတ်ပါဘူး။ ၂၀၂၀ ရွေးကောက်ပွဲမှာ အသာရအောင် ဇာတ်တိုက်တာပါဆိုတဲ့ အောက်လုံးထိုးစကားတွေကိုလည်း နားမယောင်ဖို့ လိုပါတယ်။ ဒီကိစ္စကြောင့် အနောက်နိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှု လျော့နည်းတာမျိုး ဖြစ်လာနိုင်လို့ အခုကတည်းက ပြင်ဆင်ထားဖို့ စာနယ်ဇင်းရှင်းလင်းပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောခဲ့ပါတယ်။ အခုလို အရေးကြီးတဲ့ အချိန်မှာ သွေးနီးပြီး စည်းလုံးညီညွတ်ကြဖို့ တိုက်တွန်းရင်း အဆုံးသတ်ပါရစေ။

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top