ONE: EDGE OF GREATNESS ပြိုင်ပွဲမှ စိတ်လှုပ်ရှားစရာ အခိုက်အတန့် ၄ ခု

Nong-O-Gaiyanghadao-defeats-Saemapetch-Fairtex-at-ONE-EDGE-OF-GREATNESS-DUX-2637-1200x800.jpg

ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံအဖွဲ့အစည်း ONE Championship သည် ၂၀၁၉ ခုနှစ်အတွင်း အကြိမ် ၂၀ မြောက်ပြိုင်ပွဲဖြစ် သည့် ONE: EDGE OF GREATNESS ပြိုင်ပွဲကို စင်ကာပူနိုင်ငံ၊ Kallang ရှိ Singapore Indoor Stadium တွင် ကျင်းပပြုလုပ်ခဲ့ သည်။ အဆိုပါပြိုင်ပွဲသည် ယခုနှစ်အတွင်း စင်ကာပူနိုင်ငံတွင် တတိယမြောက်နှင့် နောက်ဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ခြင်းဖြစ်ပြီး ONE ဘန်တန်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံတွဲဆိုင်းအပါအဝင် စုစုပေါင်း တွဲဆိုင်း ၁၁ ဆိုင်း ပါဝင်ခဲ့သည်။ တွဲဆိုင်းအားလုံး ပရိသတ်အကြိုက်တွေ့ခဲ့ ပြီး ရင်ခုန်စိတ်လှုပ်ရှားစရာ အခိုက်အတန့်များဖြစ်ပေါ်ခဲ့ရာ ထိုအထဲမှ စိတ်လှုပ်ရှားစရာအကောင်းဆုံး အခိုက်အတန့် ၄ ခုကို ဖော်ပြပေး လိုက်ပါသည်။

၁။ Nguyen Tran Duy Nhat ၏ အမြင့်ပျံကန်ချက်

ဗီယက်နမ်အားကစားသမား Nguyen “No.1” Tran Duy Nhat သည် ကြိုးဝိုင်းအမည်နှင့်လိုက်ဖက်စွာပင် အရှေ့တောင်အာရှ၏ ကွန်မြူ နစ်နိုင်ငံတွင် အကောင်းဆုံးသော မွေထိုင်းအားကစားသမားဖြစ်သည်။ အရပ် ၅ ပေ၊ ၆ လက်မမြင့်သော Nguyen သည် ဗီယက်နမ်တွင် သာမက အခြားနိုင်ငံများအထိပါ အစွယ်ချွံ၍ နယ်ကျွံခဲ့သော အားကစားသမားတစ်ဦးလည်းဖြစ်ပြီး မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲများတွင်ပါ နိုင်ပွဲများ ရယူထားသူဖြစ်သည်။ ONE: EDGE OF GREATNESS ပြိုင်ပွဲ၏ ဖလိုင်းဝိတ်တန်း မွေထိုင်းတွဲဆိုင်းအဖြစ် ဂျပန်အားကစားသ Yuta Watanabe နှင့် ယှဉ်ပြိုင်ရာတွင် ၎င်းသည် အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့သည်။

Hochiminh City Muay Thai အသင်းသား Nguyen သည် WMC Muay Thai Open ချန်ပီယံ Watanabe ကို အမြင့်ခြေကန်ချက်များ ဖြင့် အထိနာစေခဲ့ပြီး ပထမအချီမှာပင် နှစ်ကြိမ်လဲကျစေခဲ့သည်။ အရပ်ချင်းယှဉ်လျှင် Nguyen က ပုသော်လည်း အရပ်မြင့်သည့် ဂျပန် အားကစားသမား၏ ဦးခေါင်းပိုင်းကို ထိရောက်သော အမြင့်ကန်ချက်များအသုံးပြုကာ တိုက်ခိုက်ခဲ့သည်။ ဒုတိယအချီအစ စက္ကန့် ၃၀ ခန့် တွင် Nguyen ၏ ညာခြေအမြင့်ကန်ချက်က Watanabe ၏ လည်ပင်းကို တိတိကျကျထိမှန်ကာ လဲကျသွားခဲ့ပြီး ပြန်မထနိုင်တော့၍ ဒိုင် လူကြီးက အလဲထိုးဖြင့် အနိုင်ပေးခဲ့ရာ ၎င်းအတွက် ကြည်နူးစရာအခိုက်အတန့်ဖြစ်လာသည်။

၂။ Colbey Northcutt အတွက် ကြည်နူးစရာ တဒင်္ဂ

ONE: EDGE OF GREATNESS ပြိုင်ပွဲမှာ အမေရိကန်အားကစားသမား Colbey Northcutt အတွက် အစကောင်းသည့် ပြိုင်ပွဲဟုဆို နိုင်သည်။ အသက် ၂၆ နှစ်အရွယ် ၎င်းသည်ONE Championship နှင့် ယခုလအစောပိုင်းကမှ စာချုပ်ချုပ်ဆိုထားခြင်းဖြစ်ပြီး ယခုပြိုင်ပွဲ ၏ အမျိုးသမီး ဖလိုင်းဝိတ်တန်းတွဲဆိုင်းအဖြစ် အင်ဒိုနီးရှားအားကစားသမား Putri “Ami” Padmi နှင့် ယှဉ်ပြိုင်ခဲ့သည်။ အရပ်အမောင်း သာလွန်သော Northcutt သည် လက်သီးတွဲလုံးများအပြင် မြေပြင်ချုပ်ကွက်ပိုင်းတွင်လည်း Padmi ထက် သာလွန်ခဲ့သည်။ ပထမအချီ အစ စက္ကန့် ၃၀ ခန့်တွင် Northcutt ၏ လက်သီးတွဲလုံးများကြောင့် အင်ဒိုနီးရှားအားကစားသမား လဲကျမလိုဖြစ်ခဲ့ပြီး မြေပြင်ချုပ်ကွက် နည်းဗျူဟာ ကောင်းမွန်သေသပ်ခဲ့သော်လည်း အချီစေ့သွားသောကြောင့်သာ စောစောစီးစီး အနိုင်မရခဲ့ခြင်းဖြစ်သည်။

ဒုတိယနှင့် တတိယအချီများတွင် Padmi က ခံစစ်ဗျူဟာကိုခင်းကျင်းကာ ရှုံးနိမ်ြ့ခင်းမရှိစေရေးအတွက် စွမ်းဆောင်နိုင်ခဲ့သော်လည်း ပါး နပ်သည့် Northcutt က အမှတ်ရအောင် ထိုးသတ်သွားခဲ့သည်။ အချီစေ့သွား၍ အမှတ်ဖြင့်အဆုံးအဖြတ်ခံယူရာ ဒိုင်လူကြီး ၃ ဦးစလုံးက အမေရိကန်အားကစားသမားကို အနိုင်ပေးခဲ့ရာ Northcutt အတွက် အာရှစွန့်စားခန်း ခြေလှမ်းအစက မင်္ဂလာအပေါင်းနှင့်ခညောင်းသော အခိုက်အတန့်ပင်ဖြစ်သည်။

၃။ Petchmorakot ပြန်လာသည့် အခိုက်အတန့်

Petchmorakot Petchyindee Academy သည် မွေထိုင်းလောကတွင် ဂန္ထဝင်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး မွေ ထိုင်းကမ္ဘာ့ချန်ပီယံ ဆုတံဆိပ်ပေါင်းများစွာ ရယူထားသူဖြစ်သည်။ သို့သော်လည်း Petchyindee အသင်းသား ၎င်းသည် ONE တွင် နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် ကစ်ဘောက်ဆင် ဖယ်သာဝိတ်တန်း ဂရင်းပရီ ကွာတားဖိုင်နယ်၌ ကမ္ဘာ့ချန်ပီယံဖြစ်သွားသော Giorgio Petrosyan ကို ရှုံးနိမ့်ခဲ့သည်။ ထို့ကြောင့် ယခုပြိုင်ပွဲတွင်ရင်ဆိုင်ရသည့် အင်္ဂလန်အားကစားသမား Charlie “Boy” Peters ကို အနိုင်ယူ နိုင်မှသာ ၎င်း၏ဂုဏ်သတင်းကောင်းကို ဆက်လက်ထိန်းသိမ်းနိုင်မည်လည်းဖြစ်သည်။ အရပ်အမောင်းရော၊ ခန္ဓာကိုယ်အချိုးအစားတွင်ပါ လုံးတူဒေါက်တူများဖြစ်သောကြောင့် ၎င်းတို့နှစ်ဦး၏တွဲဆိုင်းက စိတ်လှုပ်ရှားစရာကောင်းခဲ့သည်။
ထိုင်းနိုင်ငံအတွင်း မွေထိုင်းပြိုင်ပွဲများစွာ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် Peters သည် MTGP နှင့် WMC မွေထိုင်းကမ္ဘာ့ချန်ပီယံတစ်ဦး ဖြစ်သလို ခြေကန်ချက်များဖြင့်တိုက်ခိုက်ခဲ့ရာ Petchmorakot အခက်တွေ့နေခဲ့သည်။ ဒုတိယအချီတွင် Petchmorakot အသာစီးရလာ ခဲ့ပြီး ၁ မိနစ်၊ ၃၀ စက္ကန့်လောက်တွင် ဒူးတိုက်ချက်ဖြင့် Peters ကို လဲကျစေခဲ့သည်။ ထပ်မံယှဉ်ပြိုင်ရာတွင်လည်း ထိုင်းအားကစားသမား ကသာ အသာစီးရခဲ့ပြီး ၁ မိနစ်၊ ၄၈ စက္ကန့်တွင် တံတောင်ရိုက်အပြီး တွဲလျက်ကပ်ပါလာသော ဒူးတိုက်ချက်ဖြင့် Peters ကို လဲကျသွားစေ ခဲ့သလို အလဲထိုးအနိုင်ယူခဲ့သည်။ Petrosyan ကိုရှုံးနိမ့်ပြီး ၄ လကျော်အကြာတွင် ပြန်လည်ယှဉ်ပြိုင်ရသည့် ONE ပထမဆုံးပြိုင်ပွဲ၌ နိုင် ပွဲရှာဖွေနိုင်ခဲ့ခြင်းက Petchmorakot အတွက် မင်္ဂလာအပောင်းခညောင်းသည့် အခါသမယဖြစ်သည်။

၄။ Nong-O အတွက် ချိုမြိန်စရာ အခါသမယ

ONE ဘန်တန်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ထိုင်းအားကစားသမား Nong-O Gaiyanghadao သည် စိန်ခေါ်သူ တစ်နိုင်ငံတည်းသား Saemapetch Fairtex ကို စတုတ္ထအချီတွင် အလဲထိုးအနိုင်ယူကာ ချန်ပီယံသရဖူကာကွယ်ပွဲ ၃ ပွဲစလုံးအား အောင်မြင်စွာ ကျော်ဖြတ် ပြခဲ့သည်။ အသက် ၃၃ နှစ်အရွယ် Nong-O သည် ၎င်းထက် ၈ နှစ်ငယ်သော Saemapetch ကို တတိယအချီတွင်သာ အနည်းငယ်နိမ့် သလို ဖြစ်ခဲ့သော်လည်း ကျန်အချီများတွင်မူ အသာစီးမှ ယှဉ်ပြိုင်နိုင်ခဲ့သည်။ စတုတ္ထအချီ ၁ မိနစ်၊ ၄၆ စက္ကန့်တွင် Nong-O က အကာအ ကွယ်မဲ့နေသော ပြိုင်ဘက်၏ မျက်နှာကို ပြင်းထန်အားပါသော ညာလက်သီးတစ်လုံး ပစ်သွင်းလိုက်ရာ Saemapetch ကြမ်းပြင်ပေါ် အ ရုပ်ကြိုးပြတ်လဲကျသွားခဲ့သည်။
၎င်း၏အခြေအနေမှာ ပြန်ထနိုင်ရန် မဖြစ်နိုင်သောကြောင့် ကြိုးဝိုင်းဒိုင်လူကြီးက အလဲထိုးအနိုင်ပေးခဲ့ရာ Nong-O အတွက် သာယာချိုမြိန် စရာ အခါသမယဟု ဆိုနိုင်သည်။

ONE: Mark Of Greatness ပြိုင်ပွဲကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ Axiata Arena အားကစားကွင်းတွင် ဒီဇင်ဘာလ ၆ ရက်နေ့၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံ ကိုယ်စားပြု ချင်းတိုင်းရင်းသား ကစားသမား တီရဲလ်ထန် ပါဝင်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top