(၅)နှစ်လုံးလုံး ထမင်းနဲ့ ငရုတ်သီးပဲစားပြီး မောင်အတွက် ဆေးဖိုးရှာခဲ့သူ ကွယ်လွန်ပြီ

yyl-035-5.jpg

(၅)နှစ်လုံးလုံး တစ်နေ့ကို (၂)ယွမ်(မြန်မာငွေ ၄၃၂ ကျပ်)ပဲ သုံးပြီး ထမင်းနဲ့ ငရုတ်သီးပဲ စားခဲ့လို့ အာဟာရပြတ်လပ်မှု ဆိုးဆိုးရွားရွားဖြစ်ခဲ့တဲ့ တရုတ်ကျောင်းသူ ကွယ်လွန်သွားပြီလို့ တရုတ်မီဒီယာတစ်ခုက ဖော်ပြပါတယ်။ အသက်(၂၄)နှစ်အရွယ်ရှိပေမဲ့ ခန္ဓာကိုယ်အလေးချိန်(၄၃)ပေါင်ကျော်ပဲရှိတဲ့ ဝူဟွာယန်(Wu Huayan)ရဲ့ဓာတ်ပုံတွေ ထွက်ပေါ်လာချိန်မှာ တရုတ်တစ်နိုင်ငံလုံး တုန်လှုပ်ခဲ့ပါတယ်။ သူဟာ ၂၀၁၉ ခုနှစ် အောက်တိုဘာလမှာ အသက်ရှူကျပ်တဲ့ဝေဒနာကြောင့် ဆေးရုံရောက်လာခဲ့တာပါ။ ဝူဟွာယန် ကျန်းမာလာအောင် ကူညီနိုင်ဖို့ ငွေကြေးလှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ကွယ်လွန်သွားခဲ့တာလို့ မောင်ဖြစ်သူက ပြောပါတယ်။

တတိယနှစ် တက္ကသိုလ်ကျောင်းသူဝူဟွာယန်(Wu Huayan)ဟာ စိတ်ကျန်းမာရေး မကောင်းတဲ့ မောင်ဖြစ်သူကို စောင့်ရှောက်ရင်း ကျောင်းတက်ခဲ့သူပါ။ ဝူဟွာယန် (၄)နှစ်သမီးအရွယ်မှာ မိခင် ဆုံးပါးခဲ့ပြီး ကျောင်းသူဘဝ ရောက်ချိန်မှာ ဖခင်လည်း ကွယ်လွန်ခဲ့လို့ မိဘမဲ့ ဖြစ်ခဲ့ပါတယ်။ အစောပိုင်းမှာ သူတို့မောင်နှမကို အဘွားဖြစ်သူက စောင့်ရှောက်ထားခဲ့ပြီး နောက်ပိုင်းမှာတော့ ဦးလေးနဲ့ အဒေါ်က ထောက်ပံ့ပေးခဲ့ပါတယ်။ ဒါပေမဲ့ တစ်လကို ယွမ်(၃၀၀)ပဲ ထောက်ပံ့ပေးနိုင်ခဲ့ပြီး အဲဒီငွေကလည်း မောင်ဖြစ်သူရဲ့ ဆေးဖိုးဖြစ်ခဲ့ပါတယ်။

ဒါကြောင့် ဝူဟွာယန်က တစ်နေ့ကို ၂ ယွမ်ပဲ သုံးခဲ့ပြီး ထမင်းနဲ့ ငရုတ်သီးပဲ စားခဲ့ပါတယ်။ သူဟာ (၅)နှစ်လုံးလုံး အစာရေစာ မဝမလင် စားခဲ့ရလို့ နှလုံးနဲ့ ကျောက်ကပ်ရောဂါတွေ ခံစားခဲ့ရတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ သူတို့မောင်နှမဟာ တရုတ်နိုင်ငံရဲ့ အဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်တဲ့ ကွေ့ကျိုးပြည်နယ်မှာ နေထိုင်သူတွေပါ။ သူတို့အကြောင်း လူသိရှင်ကြား ဖြစ်သွားပြီးချိန်မှာတော့ တရုတ်ပြည်သူတွေက အာဏာပိုင်တွေက ဒေါသတကြီး ဝေဖန်ခဲ့ကြပါတယ်။ ဝူဟွာယန်ရဲ့အဖြစ်က အာဖဂန်နစ္စတန်ဒုက္ခသည်တွေထက် ပိုဆိုးခဲ့တယ်လို့ တရုတ်လူမှုကွန်ရက် Weibo အသုံးပြုသူတစ်ယောက်က ရေးသားခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top