စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာအသေးစိတ်ကို ကိုယ်စားလှယ်တစ်ဦးချင်း လေ့လာခွင့်ရဖို့ တောင်းဆို

yyl-030-5.jpg

ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရဲ့ စစ်ဆေးတွေ့ရှိချက်နဲ့ ဆောင်ရွက်ချက်အသေးစိတ်ကို လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်း လေ့လာသိရှိခွင့်ရရှိစေဖို့ တိုင်းဒေသကြီးအစိုးရ၊ လွှတ်တော်နဲ့ စာရင်းစစ်ချုပ် တို့က ညှိနှိုင်းဆောင်ရွက်ပေးသင့်တယ်လို့ ပြည်သူ့ငွေစာရင်းကော်မတီက တောင်းဆိုလိုက်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရဲ့ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင် ခံစာနဲ့စပ်လျဉ်းပြီးတော့ ပြည်သူ့ငွေစာရင်းကော်မတီရဲ့ လေ့လာတွေ့ရှိချက်နဲ့ သဘောထားမှတ်ချက် အစီရင် ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်ပြချိန်မှာ ထည့်သွင်းတောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

”အသေးစိတ်ကိုမဝေလို့ ကော်မတီက အစီရင်ခံစာမှာ ထည့်သွင်းပြီးပြောရတာပါ”လို့ ပြည်သူ့ငွေစာရင်း ကော်မတီအဖွဲ့ဝင် ကျောက်တံတားမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက အတည်ပြုပြောကြားပါတယ်။

ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေပုဒ်မ ၂၅၊ ပုဒ်မခွဲ(ဃ) ပြဋ္ဌာန်းချက်အရ အခြားသောတိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေမှာ သက်ဆိုင်ရာစာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာအသေးစိတ်ကို လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းထံ ဝေငှတင်ပြခဲ့တာကို တွေ့ရှိရတယ်လို့ အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။ အဲဒါကြောင့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာလည်း အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် များနည်းတူ ကိုယ်စားလှယ်တစ်ဦးချင်း လေ့လာသိရှိခွင့်ရရှိနိုင်ဖို့ စာရင်းစစ်ချုပ်အစီရင်ခံစာအသေးစိတ်ကို ဝေငှ နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်သင့်တယ်လို့ ကော်မတီက အကြံပြုတာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရဲ့အစီရင်ခံစာကို ဇန်နဝါရီ ၈ ရက်က ကျင်းပတဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးပထမနေ့မှာ လွှတ်တော်ကို ရှင်းလင်း တင်ပြခဲ့တာဖြစ်ပါတယ်။

အဲဒီအစီရင်ခံစာနဲ့စပ်လျဉ်းပြီး ပြည်သူ့ငွေစာရင်းကော်မတီရဲ့ အစီရင်ခံစာကို အစည်းအဝေး ဒုတိယနေ့နဲ့ တတိယနေ့တို့မှာ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ အဖွဲ့ဝင် ၄ ဦးတို့က လွှတ်တော်မှာ ဖတ်ကြားတင်ပြခဲ့တာ ဖြစ်ပါတယ်။

ဒီအစီရင်ခံစာနဲ့စပ်လျဉ်းပြီး လွှတ်တော်မှာ ဆွေးနွေးသွားဖို့ရှိပါတယ်။ ဆွေးနွေးလိုတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အမည်စာရင်းကိုလည်း တောင်းခံပါတယ်။ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ဇန်နဝါရီ ၁၅ ရက်(ဒီနေ့)မှာ ဆက်လက်ကျင်းပနေပါတယ်။

Photo – Yangon Hluttaw

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top