သဘာဝအတိုင်း ဟော်မုန်းဓာတ် ညီမျှနေစေဖို့

problematic-teenager-using-smartphone-P3QU2GZ.jpg

ကိုယ်ခန္ဓာအတွင်း ဟော်မုန်းဓာတ် ပမာဏ မညီမျှခြင်းဟာ စိတ်ဖိစီးမှုတွေအပြင် တခြား ကျန်းမာရေး ပြဿနာတွေကိုပါ ဖြစ်ပွားလာစေနိုင်ပါတယ်။ မောပန်းနွမ်းနယ်လွယ်ခြင်း၊ စိတ်ဆိုး ဒေါသဖြစ်လွယ်ခြင်းနဲ့ အားအင်ကုန်ခမ်းခြင်းတွေက အချိန်နဲ့အမျှ တက်လိုက်၊ ဆင်းလိုက်ဖြစ်နေပြီး ကိုယ်ခန္ဓာ အလေးချိန်ကိုပါ ထိခိုက်လာစေနိုင်တာပါ။

ဒါကြောင့် ဟော်မုန်းဓာတ် ညီမျှစေဖို့ရာ အမြဲတစေ ဆေးဝါး မသောက်သုံးချင်တဲ့သူတွေအတွက် ရည်ရွယ်ပြီး သဘာဝအတိုင်း ဟော်မုန်းဓာတ် ညီမျှစေနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

အစားအစာ

ဟော်မုန်းဓာတ် မညီမျှသူတွေဟာ ကိုယ်ခန္ဓာ အကျိုးပြု အဆီဓာတ်တွေ မျှတ ညီညွတ်စွာပါဝင်တဲ့ ထောပတ်သီးနဲ့ ဆလမွန်ငါးတွေကို လုံလောက်စွာ စားသုံးပေးသင့်ပါတယ်။ ၎င်းဟာ ကိုယ်ခန္ဓာအတွင်းမှာရှိတဲ့ ဇီဝဖြစ်စဉ် လုပ်ဆောင်မှုတွေကို တိုးမြင့်စေနိုင်တဲ့အပြင် အသားအရေ ဖူးရောင်ခြင်းနှင့် ကိုယ်ခန္ဓာ အလေးချိန် မမှန်ခြင်းတို့မဖြစ်အောင်လည်း တားဆီးပေးနိုင်ပါတယ်။

အိပ်ချိန်

သင့်ရဲ့ ဟော်မုန်းဓာတ်တွေကို မညီမျှစေတဲ့ အဓိကအကြောင်းအရာတွေထဲမှာ အိပ်ချိန် မမှန်ခြင်းကလည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်။ စိတ်ဖိစီးမှု လျော့နည်းစေဖို့နဲ့ နေ့စဉ် လုပ်ငန်းဆောင်တာတွေကို အစီအစဉ်တကျ လုပ်ဆောင်နိုင်ဖို့ရာ အသက်အရွယ်အလိုက် လုံလောက်တဲ့ အိပ်ချိန်ရှိဖို့ လိုပါတယ်။ ပုံမှန်အားဖြင့် လူတစ်ယောက်မှာ တစ်နေ့အိပ်ချိန်ပမာဏ (၈-၁၀) ကြား ရှိသင့်ပါတယ်။

လေ့ကျင့်ခန်း

ကျန်းမာရေးအကြောင်း ပြောမယ်ဆိုတာနဲ့ လေ့ကျင့်ခန်းကတော့ ပါလာမှာပါပဲ။ သို့သော် ဟော်မုန်း မညီမျှသူတွေအတွက် လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးသင့်ခြင်းက တခြားသူတွေထက် ပိုလို့ အရေးကြီးပါတယ်။ လေ့ကျင့်ခန်း လုပ်ပေးခြင်းဖြင့် ခန္ဓာကိုယ်အတွင်း သွေးလည်ပတ်မှုနဲ့ အဆီဓာတ် ပမာဏ များပြားမှုတွေကို ထိန်းညှိပေးနိုင်တဲ့အပြင် အသားအရေ ကြည်လင်လာပြီး စိတ်ဖိစီးမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။

အယ်ကိုလ်ဟောနဲ့ ကဖင်းဓာတ် သုံးစွဲမှု ပမာဏ

ကိုယ့်ကိုယ်ကိုယ် ဟော်မုန်းဓာတ် မညီမျှဘူးလို့ ခံစားနေရတယ်ဆို ကိုယ်တစ်နေ့ ကော်ဖီ ဘယ်နှစ်ခွက်လောက် သောက်သုံးနေမိလဲ။ တစ်ပတ်ကို အယ်ကိုလ်ဟော ဘယ်နှစ်ခွက်လောက် သောက်မိနေလဲ စသဖြင့် ပြန်ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။ ဖြစ်နိုင်မယ်ဆို ဟော်မုန်းဓာတ် မညီမျှသူတွေအနေနဲ့ ဒီအရာတွေကို လုံးဝနားထားသင့်ပြီး တတ်နိုင်သလောက် လျှော့ချပေးသင့်ပါတယ်။

စိတ်ဖိစီးမှု

စိတ်ဖိစီးမှုတွေကို အလကားသတ်သတ် မပိုက်ထားပါနဲ့။ အပေါ်မှာပြောခဲ့သလိုပဲ စိတ်ဖိစီးမှုကို လျော့နည်းစေနိုင်မယ့် လေ့ကျင့်ခန်းတွေကို လုပ်ပေးနိုင်သလို တခြားသောတရားထိုင်ခြင်းနဲ့ မိမိဝါသနာပါရာတွေကို စိတ်နှစ်ထားခြင်းဖြင့်လည်း ဖြေဖျောက်ပေးနိုင်ပါတယ်။

Ref: Pinterest “HOW CAN I BALANCE MY HORMONES NATURALLY? 7 TIPS THAT WORK!”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top