အရသာပျက်စေနိုင်တဲ့ ချက်ပြုတ်နည်း အမှား ၅ မျိုး

45212728_1200207833464294_4123134364680716288_n.jpg

“ပညာရှိသတိဖြစ်ခဲ” ဆိုသလို ဘယ်လောက်ပဲ မီးဖိုချောင်ဝင်တာများတဲ့ အိမ်ရှင်မ ဆိုပေမဲ့ တစ်ခါတလေ အာရုံများလို့ မှားသွားတတ်သလို မီးဖိုချောင်ကို ခုမှ စဝင်သူတွေမှာလည်း အလွဲများစွာ ရှိတတ်ပါတယ်။

ဒါကြောင့် အလွဲ ၅ မျိုးနဲ့ ဒီအလွဲတွေကြားမှာ ဟင်းအိုးကို အချိန်မီ ကယ်ဆယ်ရေး ဘယ်လိုလုပ်မလဲ ပြောပြချင်ပါတယ်။

ဆားထည့်များခြင်း

ဟင်းချက်တဲ့အခါ လက်မှန်းမတော်ဘဲ ဆားအများကြီး ထည့်လိုက်တာထက် အရသာအပေါ့အငန် မြည်းပြီးမှ ချိန်ဆထည့်တာက ပိုကောင်းပါတယ်။ တကယ်လို့ ဟင်းက အရမ်းငန်သွားပြီဆိုရင် အာလူးကို ရေဆေး အပြားလေးတွေလှီးပြီး ဟင်းအိုးထဲ ထည့်လိုက်ရုံပါပဲ။ ဒါဆိုရင် အာလူးက ဟင်းအငန်ဓာတ်ကို စုပ်ယူသွားပါလိမ့်မယ်။

ဟင်းအိုးမွှေဖို့ မေ့ခြင်း

မီးဖိုပေါ်မှာ ဟင်းအိုးတည်ထားပြီး မွှေဖို့မေ့သွားတဲ့အခါ အိုးကပ်ပြီး ဒယ်အိုးအောက်ခြေမှာ တူးသွားတာမျိုး ဖြစ်တတ်ပါတယ်။ အိုးကပ်မှန်း သိသိချင်းမှာတော့ သိပ်ပြီးမတူးသေးတာတွေကို နောက်ထပ် ဒယ်အိုးတစ်ခုထဲ ပြောင်းထည့်ပြီး ချက်မယ်ဆိုရင် ဟင်းအနံ့နဲ့ အရသာကို ပျက်စီးစေမှာ မဟုတ်ပါဘူး။

ဟင်းချက်ရင်းတန်းလန်း ပါဝင်ပစ္စည်းတွေကို ပြင်ဆင်ခြင်း

ဟင်းချက်ဖို့ ပါဝင်ပစ္စည်းတွေကို ကြိုတင်မပြင်ဆင်ထားဘဲ ချက်နေတုန်းမှ ကမန်းကတန်းပြင်ဆင် ချက်ပြုတ်လိုက်တာက အခန့်မသင့်ရင် ကမောက်ကမ ဖြစ်ပြီး ဟင်းအိုးပျက်တတ်ပါတယ်။ ဒီလိုမျိုး မဖြစ်ရလေအောင် ပါဝင်ပစ္စည်းတွေကို စနစ်တကျ သေချာပြင်ဆင် လှီးဖြတ်ပြီးမှ ဟင်းစချက်တာက အကောင်းဆုံးပါပဲ။

ဒယ်အိုးထဲမှာ ပြည့်ကျပ်နေအောင် ထည့်ချက်ခြင်း

ကြော်လှော်ချက်ပြုတ်တဲ့နေရာမှာ အကျက်ညီဖို့အတွက် ဒယ်အိုးထဲမှာ နေရာအထားအသို မှန်ကန်ရပါမယ်။ ပြည့်ကျပ်နေပြီး နေရာပိုမရှိလောက်အောင် ထည့်ပြီးချက်တာက အချိန်ကြာကြီး သားငါးတွေ ပုံပျက်စေတတ်ပါတယ်။

အသီးအရွက်တွေ အကျက်လွန်သွားခြင်း

အကျက်လွန်သွားတဲ့ အသီးအရွက်တွေက ခြောက်ကပ်ကပ်ကြီး ဖြစ်ပြီး စားမကောင်းတော့သလို သူတို့ထဲမှာပါတဲ့ သဘာဝဓာတ်တွေပါ ဆုံးရှုံးသွားပါတယ်။ ဒီလိုမျိုး အကျက်လွန်အောင် ကြော်မိသွားပြီဆိုရင် ရေခဲရေထဲမှာ ခဏအအေးခံပြီး အိုးပူပူထဲမှာ နွေးရုံလေး ပြန်ကြော်လို့ ရပါတယ်။

မီးဖိုချောင်နဲ့ ပတ်သက်သမျှတွေကို နောက်ထပ်လည်း တင်ဆက်ပေးသွားဦးမှာမို့ စောင့်မျှော်ဖတ်ရှုပေးပါဦး။

Ref: Rd.com “5 cooking mistakes that ruin your food”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top