ဗိုက်အဆီချရင်း ရှောင်ကျဉ်သင့်တဲ့ အမှားများ

19-4-2022-yyl-07.jpg

ဗိုက်မှာ အဆီများတာက လူတော်တော်များများကြား အဖြစ်အများဆုံးပြဿနာပါပဲ။ ဒီပြဿနာကို အမျိုးသားတွေရော အမျိုးသမီးတွေပါ ကြုံတွေ့ရပေမဲ့ ဗိုက်အဆီများတာကို ဖြေရှင်းဖို့ အရင်ကထက်တော့ ပိုလွယ်ကူပါတယ်။ အမျိုးသမီးတွေက များသောအားဖြင့် တင်ပါးဆုံနေရာကနေ အဆီတွေစုပုံလာတတ်ပြီး အမျိုးသားတွေကတော့ ဝမ်းဗိုက်မှာ အဆီတွေစုလာတတ်ပါတယ်။ ဝမ်းဗိုက်မှာ အဆီစုတာက ခန္ဓာကိုယ်ရဲ့အခြားအစိတ်အပိုင်းမှာ တွေ့ရတဲ့အဆီတွေထက် ပိုပြီးအန္တရာယ်များပါတယ်။ Visceral Fat လို့ ခေါ်တဲ့ အဲဒီအဆီက နှလုံးပြဿနာဖြစ်နိုင်ခြေများပါတယ်။ အဲဒီနေရာက အဆီတွေလောင်ကျွမ်းဖို့ လုံးဝတော့ မလွယ်ကူပါဘူး။ ဒါကြောင့် ဗိုက်အဆီတွေကျဖို့ ကြိုးစားတဲ့အခါ အောက်မှာဖော်ပြပေးထားတဲ့ အချက်တွေ မလုပ်မိဖို့တော့ ဂရုစိုက်သင့်ပါတယ်။

အဆီကျချင်တဲ့နေရာကို သတ်မှတ်ပြီး လုပ်ဆောင်တာ

မိမိကျချင်တဲ့နေရာက အဆီတွေကို တစ်ခါတည်းနဲ့ ကျသွားအောင်လုပ်လို့မရနိုင်ပါဘူး။ မှန်ကန်စွာ စားသောက်ပြီး ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ခန္ဓာကိုယ်ရဲ့မတူညီတဲ့အစိတ်အပိုင်းတွေက အဆီတွေကျသွားမှာဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ဘယ်အပိုင်းက အရင်ဆုံး အဆီကျမလဲဆိုတာ ပြောဖို့ ခဲယဉ်းပါတယ်။ သင်က ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်း လုပ်ရင်တောင် တစ်နေရာတည်း သတ်မှတ်ပြီး အဆီချမယ်ဆိုရင် အဲဒီနေရာက အဆီတွေ အရင်ဆုံးကျဖို့ ဖြစ်နိုင်ခြေနည်းပါတယ်။

အစာမစားဘဲနေတာ

ဗိုက်အဆီချဖို့၊ ကိုယ်အလေးချိန်ချဖို့ ကြိုးစားတဲ့အခါ လူအများစု လုပ်မိတဲ့အမှားကတော့ အစာအငတ်ခံတာပါပဲ။ တကယ်တော့ အစာမစားဘဲနေတာက အာဟာရဓာတ်ချို့တဲ့တာနဲ့ အားနည်းတာတွေဖြစ်လာစေပါတယ်။ ဒါ့အပြင် ဗိုက်အဆီတွေ စုလာစေတဲ့ အကြောင်းအရင်းတစ်ခုဖြစ်နိုင်ပါတဘ်။ ခန္ဓာကိုယ်က လုပ်ဆောင်ဖို့အတွက်လိုအပ်တဲ့ အာဟာရဓာတ်လုံလုံလောက်လောက်မရတဲ့အခါ အဆီတွေလောင်ကျွမ်းဖို့ ခက်ခဲစေပြီး အဆီတွေထိန်းထားသလိုဖြစ်စေတဲ့အတွက်ကြောင့်ပါ။ ကိုယ်အလေးချိန်ကျဖို့၊ ဗိုက်အဆီကျဖို့ အစာမစားဘဲမနေဘဲ မှန်ကန်တဲ့အစားအစာပမာဏနဲ့ အချိန်မှန် စားသောက်ပေးပါ။

နေထိုင်မှုအလေ့အထအားနည်းတာ

ဗိုက်အဆီများတာ၊ ဝိတ်တက်တာက အစာအလွန်အကျွံစားတာ (သို့) ကိုယ်လက်လှုပ်ရှားမှုမရှိတာတွေရဲ့ရလဒ်လို့ပြောလို့ရပါတယ်။ အဲဒီနှစ်ချက်အပြင် အခြားနေထိုင်မှုအလေ့အထကလည်း အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ဆေးလိပ်သောက်တာ၊ အရက်ဘီယာအလွန်အကျွံသောက်တာ၊ အိပ်စက်ခြင်းအလေ့အထအားနည်းတာတွေကလည်း ဗိုက်အဆီစုလာစေနိုင်ပါတယ်။ စိတ်ဖိစီးမှုများတာကလည်း ကိုယ်အလေးချိန်ကျချင်တဲ့၊ ဗိုက်အဆီကျချင်တဲ့ ပန်းတိုင်ကို ပျက်စီးစေနိုင်ပါတယ်။

တစ်နေ့တာမှာ လုံလုံလောက်လောက် လှုပ်ရှားမှုမရှိတာ

ဗိုက်အဆီကျချင်ရင် တစ်နေ့တစ်ကြိမ် လေ့ကျင့်ခန်းလုပ်ပေးရုံနဲ့မလုံလောက်ပါဘူး။ တစ်နေ့တာလုံး လေးလံထိုင်မှိုင်းမနေဘဲ လှုပ်လှုပ်ရှားရှားနေပေးဖို့ လိုအပ်ပါတယ်။ တက်တက်ကြွကြွနေလေလေ ကိုယ်လိုချင်တဲ့ပုံစံကို မြန်မြန်ရလာလေလေပါပဲ။ ဒါ့အပြင် အလုပ်စားပွဲမှာ အလုပ်လုပ်ရင်လည်း သင့်ရဲ့ကိုယ်နေဟန်ထားကို ဂရုစိုက်ပါ။ ထိုင်ခုံမှာ ပျော့တိပျော့ခွေနေတာက ဗိုက်မှာ အဆီတွေစုလာစေနိုင်ပါတယ်။

ရေလုံလုံလောက်မသောက်တာ

တစ်နေ့တာမှာ ရေလုံလုံလောက်လောက်သောက်ရင် ဗိုက်အဆီကျဖို့အတွက် အကူအညီဖြစ်စေနိုင်ပါတယ်။ သင်က ရေလုံလုံလောက်လောက်သောက်ဖို့ ပျက်ကွက်ခဲ့ရင် အစာကို ပုံမှန်ထက် ပိုပြီး စားဖြစ်နိုင်ပါတယ်။ ပုံမှန်ထက် အစာပိုပြီးစားတာက ဗိုက်မှာအဆီတွေ တိုးလာစေနိုင်ပါတယ်။ ရေလုံလုံလောက်လောက်သောက်တာက သင့်ရဲ့ဆာလောင်မှုကို သက်သာစေနိုင်သလို ကယ်လိုရီပမာဏကိုလည်း ကန့်သတ်ပေးရာရောက်ပါတယ်။

Ref: 5 Common Mistakes People Make When Trying To Lose Belly Fat

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top