အရက်သေစာကြောင့် ခန္ဓာကိုယ်မှာ ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်မလဲ

46446878_1212794375538973_4241585761658339328_n.jpg

အရက်ဆိုတာက သောက်လေ မူးလေ၊ မူးလေ သောက်လေပါ။ တစ်ခွက်သောက်ရင် တစ်ခွက်စာမူးမှာ ဖြစ်ပြီး ရေချိန်ကိုက်သွားမယ်ဆိုရင်တော့ ရီဝေဝိုးတဝါး ဖြစ်နေမှာပါ။ လူတွေသွေးက တောင်းဆိုနေတဲ့ ဒီအရက်က ခန္ဓာကိုယ်အပေါ်မှာ ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိနေနိုင်ပါလဲ။ ခဏခဏ ကြားဖူးနေမှာ ဆိုပေမဲ့ ပိုပြီးမှတ်မိအောင် ခုလို ပြောပြလိုက်ရပါတယ်။

ဦးနှောက်ဆဲလ်တွေ နှေးကွေးစေတယ်

အရက်တစ်ငုံမြည်းပြီး စက္ကန့် ၃၀ လောက် ကြာတဲ့အခါ ဦးနှောက်ဆဲလ်တွေ လှုံ့ဆော်မှုပေးနိုင်တဲ့ လမ်းကြောင်းက နှေးကွေးသွားပါတယ်။ ခံစားချက်တွေကို ပြောင်းလဲစေပြီး အလိုအလျောက် တုံ့ပြန်နိုင်စွမ်းကို နှေးကွေးစေလို့ ဒယိမ်းဒယိုင် ဖြစ်လာပါတယ်။ ဖြောင့်ဖြောင့်တန်းတန်း မစဉ်းစားနိုင်သလို ဘာတွေပြောခဲ့တယ် ဆိုတာကိုလည်း ကြာရှည်မှတ်ဉာဏ်မှာ ထိန်းသိမ်းမထားနိုင်ပါဘူး။

အိပ်စက်ခြင်းမှာ သက်ရောက်မှုရှိတယ်

ဦးနှောက်ရဲ့ လှုပ်ရှားမှုတွေ နှေးကွေးသွားတဲ့အတွက် အိပ်တဲ့အချိန်မှာ နိုးတစ်ဝက် ပျော်တစ်ဝက် ဖြစ်နေပါလိမ့်မယ်။ ခန္ဓာကိုယ်က တစ်ညလုံး အရက်ကို ချေဖျက်နေပြီး အရက်ရှိန် ပြယ်လာတာနဲ့အမျှ အိပ်တဲ့အချိန်မှာ ငြိမ်ငြိမ်ဆိမ်ဆိမ် မရှိတော့ပါဘူး။ အိမ်မက်မက်သလို ဖြစ်နေပြီး သန့်စင်ခန်း ခဏခဏ သွားချင်စိတ်နဲ့ လန့်နိုးနေမှာ ဖြစ်ပါတယ်။

အစာအိမ်အချဉ်ဓာတ် ပိုထွက်မယ်

အရက်က အစာအိမ်နံရံတွေကို မခံထိမခံနိုင် ဖြစ်စေပြီး အစာချေရည် စီးဆင်းမှု ပိုများစေပါတယ်။ အစာအိမ်မှာ အချဉ်ပေါက်တဲ့အခါ အော်ကလီဆန်စေပါတယ်။ နှစ်ရှည်လများ အရက်သောက်သူတွေမှာတော့ အစာအိမ်ပြည်တည်နာထိ ဖြစ်နိုင်ပါတယ်။ အစာအိမ် အချဉ်ရည်များတဲ့အခါ ဗိုက်ဆာတယ်လို့ မခံစားမိတော့တဲ့အတွက် ထမင်းမေ့ဟင်းမေ့ ဖြစ်သွားတတ်ပါတယ်။

ဝမ်းလျောမယ်၊ ရင်ပူမယ်

ဗိုက်ထဲကို အရက်ဝင်တဲ့အခါ အူသိမ်နဲ့ အူမကြီးက လှုံ့ဆော်ပြီး အူလမ်းကြောင်းထဲ အစာ စီးဆင်းမှု ပုံမှန် မဖြစ်စေပါဘူး။ ဒါကြောင့် အရက် များများသောက်တဲ့လူတွေက ဝမ်းလျောတတ်တာပါ။ အစာပြွန်ရဲ့ အပြင်ဘက်ကို အက်ဆစ်တွေ ရောက်သွားတဲ့အတွက် ရင်ပူတာတွေ ဖြစ်လာတာပါ။

ဆီးခဏခဏ သွားချင်မယ်

ကျောက်ကပ်ထဲမှာ ကျင်ငယ်ရေ စုပြုံစေတဲ့ ဟော်မုန်းကို ဦးနှောက်က ထုတ်လွှတ်ပါတယ်။ ဒါပေမဲ့ အရက်သောက်တဲ့အခါမှာတော့ ကျင်ငယ်တွေကို မထိန်းထားနိုင်တော့ဘဲ ခဏခဏ ဆီးသွားချင်ပါတယ်။ ဒါကြောင့် နှစ်ပေါင်းရှည်ကြာ အရက်သောက်သူတွေမှာ ကျောက်ကပ် ထိခိုက်တာပါ။

အသည်းရောဂါဖြစ်ပွားဖို့ လမ်းကြောင်းပေးတယ်

ပါးစပ်ထဲဝင်သမျှ သေရည်အားလုံးကို အသည်းကပဲ ချေဖျက်ပေးရပါတယ်။ အချိန်ကြာလာတာနဲ့အမျှ အဆီတွေ စုလာပြီး အသည်းက ပိုထူလာပါတယ်။ ဒါကြောင့် သွေးလည်ပတ် စီးဆင်းမှုကို ထိန်းချုပ်ထားတဲ့အတွက် အသည်းဆဲလ်တွေမှာ လုံလောက်တဲ့ သွေးမရပါဘူး။ အရက်သောက်သူတွေမှာ အသည်းရောဂါ ဖြစ်ကြတာလည်း ဒီအကြောင်းရင်းကြောင့်ပါပဲ။

ကိုယ်တွင်း အပူချိန် ပြောင်းလဲမယ်

အရက်က သွေးလွှတ်ကြောတွေကို ကျယ်စေပြီး အရေပြားထဲကို သွေးစီးဆင်းမှု ပိုများစေပါတယ်။ ဒါကြောင့် အရက်ရှိန်လေး နည်းနည်းရရင် ပူပူထူထူတွေဖြစ်ပြီး အိုက်သလို ခံစားရတာပါ။ သွေးလည်ပတ် စီးဆင်းမှုများတဲ့အတွက် ကိုယ်တွင်း အပူဓာတ်က ကျသွားပါတယ်။ ဒါ့အပြင် နှလုံးက သွေးညှစ်ထုတ်ဖို့ ခက်ခဲတဲ့အတွက် သွေးကြောတွေ ကျဉ်းစေပြီး သွေးတိုးရောဂါ ရစေပါတယ်။

အရက်သေစာနဲ့ပတ်သက်ပြီး သတိပေးတားမြစ်ချက်တွေ ဘယ်လိုရှိရှိ ကြိုက်တဲ့သူက ကြိုက်သလို ဆက်သောက်နေဦးမှာပါ။ အရာရာတိုင်းမှာ တန်ဆေးလွန်ဘေးရှိတာမို့ ကျန်းမာရေးအတွက် စဉ်းစားတယ်ဆိုရင်တော့ အလွန်အကျွံသောက်သုံးခြင်းကို ရှောင်ပါလို့ တိုက်တွန်းပါရစေ။

Ref: webmd.com “How Alcohol Affects Your Body”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top