သားသမီးကို ချစ်ရင် အချိန်ပေးဖို့မမေ့ပါနဲ့

46520740_615335355548319_3336874793659006976_n.jpg

သာယာအေးချမ်းလှတဲ့ အားလပ်ရက်လေးတစ်ခုမှာပေါ့။ ပန်းခြံလေးထဲက ကလေးကစားကွင်းလေးတစ်ခုမှာ ကလေးငယ်တွေ ပျော်ရွှင်စွာ ကစားလို့နေပါတယ်။ ကစားကွင်းလေးရဲ့ အနီးနားမှာရှိတဲ့ ခုံတန်းလေးတစ်ခုမှာတော့ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးဟာ သူတို့ရဲ့သားသမီးလေးတွေ ဆော့ကစားနေတာကို စောင့်ဆိုင်းနေကြရင်း စကားစမြည်ပြောနေကြပါတယ်။

အမျိုးသမီးဖြစ်သူက “ဟိုးမှာ ဆော့ကစားနေတဲ့ ကလေးတွေထဲက အနီရောင်ရှပ်အင်္ကျီလေးဝတ်ထားတာ ကျွန်မရဲ့သားလေ” လို့ ပြောပြီး ညွှန်ပြလိုက်ပါတယ်။ အမျိုးသားကြီးကလည်း ညွှန်ပြတာကို ကြည့်လိုက်ပြီး “ချစ်စရာ ကလေးလေးပါလား။ သူနဲ့ဆော့နေတဲ့ အပြာရောင်အကျီၤဝတ်ထားတဲ့ကလေးလေးကတာ့ ကျွန်တော့်သားလေးပါ “လို့ ပြန်ပြောလိုက်ပါတယ်။

အဲ့ဒီနောက်မှာတော့ အမျိုးသားကြီးက “သားရေ ဂျွန် အဖေတို့ပြန်ကြရအောင်” လို့လှမ်းခေါ်လိုက်တဲ့အခါ သားဖြစ်သူက ” ခဏလေး (၅) မိနစ်လောက် ဆက်ဆော့ပါရစေနော်” လို့ လှမ်းပြောလိုက်ပါတယ်။ အဖေဖြစ်သူက ခေါင်းညိတ်ပြလိုက်ပြီး သားဖြစ်သူကို ၅ မိနစ် ဆက်ကစားခွင့်ပြုလိုက်ပါတယ်။ ၅ မိနစ်အကြာမှာတော့ အဖေဖြစ်သူက “သားရေ ၅ မိနစ်ပြည့်ပြီ။ အဖေတို့သွားကြရအောင်”လို့ လှမ်းခေါ်လိုက်ပြန်တယ်။ အဲဒီအခါမှာ သားဖြစ်သူက ” နောက်ထပ် ၅ မိနစ်လောက် ခွင့်ပြုပေးပါအုံး” လို့ ပြန်ပြောလိုက်တဲ့အခါ ” အိုကေ” လို့ အဖေဖြစ်သူက ထပ်မံခွင့်ပြုလိုက်ပြန်တယ်။

သားအဖနှစ်ယောက်ရဲ့အပြုအမူတွေကို ဘေးနားမှာထိုင်နေတဲ့အမျိုးသမီးကြီးက သဘောကျစွာပြုံးလိုက်ပြီး ” ရှင်က ရှင့်ရဲ့သားကို စိတ်ရှည်ရှည်နဲ့ အရမ်းအလိုလိုက်တာပဲနော်” လို့ ပြောလိုက်ပါတယ်။

အဲဒီအခါ အမျိုးသားကြီးက တစ်ချက်ပြန်ပြုံးပြလိုက်ပြီး ” ပြီးခဲ့တဲ့လကမှ ကျွန်တော့်သားအကြီး တော်မီက ဒီပန်းခြံအနီးနားမှာပဲ ကားအက်ဆီးဒန့်တစ်ခုကြောင့် အသက်ဆုံးပါးသွားခဲ့ရတာပါ။ အခု သားအငယ်ကိုလည်း သားကြီး တော်မီလို အဖြစ်ဆိုးတွေမကြုံတွေ့ရအောင် ကျွန်တော် ဂရုစိုက်နေတာပါ။ ကျွန်တော့် မျက်စိအောက်မှာ အချိန်ဘယ်လောက်ကြာကြာဆော့ကစားပါစေ စိတ်ရှည်ရှည်နဲ့စောင့်ပေးဖို့ ဆုံးဖြတ်ထားပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် အလားတူအမှားမျိုး ထပ်ပြီးအမှားမခံနိုင်တော့လို့ပါ” လို့မျက်ရည်ဝိုင်းပြီး ပြန်ပြောလိုက်ပါတယ်။

သင်ခန်းစာတစ်ခု ပေးစွမ်းနိင်တဲ့စာလေးတစ်ခုပါပဲ။ ဒီနေ့ခေတ်မှာ မိဘတွေက နေ့စဉ်ဘဝရှင်သန်လှုပ်ရှားနေရင်းနဲ့ ကိုယ့်ရဲ့သားသမီးတွေကို အချိန်ပေးပြီး ဂရုစိုက်ဖို့ မေ့နေတတ်ကြပါတယ်။ သားသမီးတွေရဲ့ အနာဂတ်ကောင်းဖို့၊ သားသမီးဘဝကောင်းစားဖို့ ကြိုးစားပြီး အလုပ်လုပ်ကိုင်နေကြတယ်ဆိုပေမဲ့ သားသမီးအတွက် အချိန်ပေးဖို့တော့လိုအပ်ပါတယ်။ သားသမီးကိုယ့်ကို ဂျီမကျရင်ပြီးရော သူတို့လိုချင်တာတွေကို ဝယ်ယူပေးပြီး လျစ်လျူမရှုထားလိုက်ပါနဲ့။ “လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနဲ့ဖ” ဆိုတဲ့အတိုင်း သားသမီးတွေရဲ့ ရှေ့ဆောင်လမ်းပြဖြစ်တဲ့ မိဘနှစ်ပါးရဲ့ နွေးထွေးမှု၊ စောင့်ရှောက်မှုတို့ကို အလုံအလောက်မရရှိဘူးဆိုရင် ကလေးငယ်ရဲ့ စိတ်ထဲမှာ စိတ်ဒဏ်ရာအနာတရဖြစ်ပြီး အပေါင်းအသင်းမှားယွင်းသွားနိင်ပါတယ်။

စကားလက်ဆောင်လေးတစ်ခုပေးချင်တာကတော့ သင့်ကလေးရဲ့ အနာဂတ်ကိုချစ်ရင် အချိန်ပေးပြီးဂရုစိုက်ဖို့လုံးဝ(လုံးဝ)မမေ့ပါနဲ့နော်။

Ref: ” Just Five Minutes “

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top